စာအုပ်နှစ်အုပ်




သိပ်မကြာသေးခင်က သူငယ်ချင်းတွေဆီကတဆင့် စာအုပ်နှစ်အုပ်ကို မြည်းစမ်း ဖတ်ရှုခွင့်ရခဲ့ပါတယ်။ တစ်အုပ်ကတော့ Jean Sasson ရေးတဲ့ Princess ဆိုတဲ့ စာအုပ်လေးပါ။ ကိုပီတာရဲ့ ကျေးဇူးနဲ့ ဖတ်ဖြစ်တဲ့ စာအုပ်လေးပါ။ ဆော်ဒီအာရေးဗီးယားနိုင်ငံက တော်ဝင်မိသားစုဝင် မင်းသမီးလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။

နောက်တစ်အုပ်ကတော့ ရောင်းအားအကောင်းဆုံး နံပါတ်တစ်နေရာမှာရှိတဲ့ Jeffrey Archer ရေးတဲ့ Paths of Glory ဆိုတဲ့စာအုပ်လေးပါ။ ဧဝရက်တောင်ပေါ်သွားရောက်ခဲ့တဲ့ တောင်တက်သမားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို နောက်ကြောင်းခံထားတဲ့ ကြည်နူးစရာ ချစ်ခြင်းဖွဲ့ ဇာတ်လမ်းရိုးရိုးလေးစ်ပုဒ်ပါ။

Jean Sasson ကတော့ အမျိုးသမီးစာရေးသူပီပီ သူမနဲ့ မရင်းနှီးမကျွမ်းဝင်တဲ့ အာရပ်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ၁၉ နှစ်တိတိအချိန်ယူပြီး လေ့လာပြီးမှ ရေးခဲ့တဲ့ စာအုပ်လေးဖြစ်ပါတယ်။သူမရဲ့ ကိုယ်ပိုင်ခံစားချက်တွေအပြင် သူမကို ဒီဇာတ်လမ်းလေး ဖြစ်မြောက်ရေးအတွက် ရင်ဖွင့်တိုက်တွန်းခဲ့တဲ့ အာရပ်အမျိုးသမီးတစ်ယောက်ရဲ့ ရင်ထဲက စကားလုံးတွေနဲ့ ယောက်ျားတွေရဲ့ အတ္တကို အတတ်နိုင်ဆုံး ပုံဖော်ခဲ့ပါတယ်။ ယောက်ျားတွေအပေါ်မြင်တဲ့ အမြင်နဲ့ အတွေးကိုအမျိုးသမီးနှစ်ယောက်ရဲ့ အမြင်(စာရေးသူနဲ့ ဇာတ်လမ်းပြောသူ) နဲ့ အကောင်းဆုံးဖြစ်အောင် ရေးဖွဲ့နိုင်ခဲ့တာမို့ သူမပေးချင်တဲ့ အသိအမြင် ဗဟုသုတကို စာဖတ်သူကို အပြည့်အဝ ပေးနိုင်ခဲ့ပါတယ်။

Jean Sasson ရဲ့ Princess ဆိုတဲ့စာအုပ်လေးကိုတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ အကြီးအကဲ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဘဒူအဇစ်ရဲ့ ရာဇဝင်နဲ့အစပြုခဲ့ပါတယ်။ ၁၉၀၁ မှာ အသက် နှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်တဲ့ အဘဒူအဇစ်ဟာ ရန်သူအပေါင်းကို တိုက်ခိုက်အောင်မြင်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူဟာ သူ့ဒေသရဲ့ သြဇာရှိတဲ့ အကြီးအကဲခေါင်းဆောင်တစ်ဦးပီသစွာ အမျိုးသမီးပေါင်း ၃၀၀ ကျော်ကို လက်ထပ်ခဲ့ပြီး သား ၅၀ ကျော်နဲ့ သမီး ၈၀ ကျော်ရှိခဲ့ပါတယ်။ ၁၉၉၁ ကိုရောက်တဲ့ အချိန်မှာတော့ သူ့ရဲ့ သားသမီးမြေးမြစ် အနွယ်တော်ဝင်တွေဟာ မိသားစုဝင် ၂၁၀၀၀ ကျော်တဲ့အထိ တိုးတက်ပွားများလာခဲ့ပါတယ်။

ဒီဇာတ်လမ်းလေးထဲမှာ ပါဝင်တဲ့ တော်ဝင် မင်းသမီးလေး ( Princess Sultana Al Sa’ud) ရဲ့ မိသားစုဝင်တွေ လက်ထက်အထိ သူတို့ဟာ မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ် ဘုရင်ရဲ့ ဆွေတော်မျိုးတော်တွေ ဖြစ်ခဲ့ကြပါတယ်။

သူတို့ရဲ့ ဓလေ့ထုံးစံတစ်ခုက အရွယ်ရောက်သူ အမျိုးသားတိုင်း မိန်းမလေးယောက်နဲ့ တရားဝင် လက်ထပ်ခွင့်ရသလို မိန်းမလေးဦးအနက်က တစ်ယောက်ယောက်က မတော်တဆ တိမ်းပါးသွားခဲ့ရင်လဲ သူ့နေရာမှာ ပြန်ပြီး အစားထိုးဖို့ အချိန်အခါမရွေး အရွယ်သုံးပါးအရွေး နောက်ထပ် တစ်ယောက်ကို ထပ်ပြီး လက်ထပ်ကြရပါတယ်။

အဲဒီတော်ဝင်မင်းသမီးလေးရဲ့ ဖခင်ကလဲ သူတို့ထုံးတမ်းအစဉ်အလာအတိုင်း အမျိုးသမီးလေးယောက်ကို လက်ထပ်ယူခဲ့ပြီး မင်းသမီးလေးရဲ့ မိခင်က သားသမီး ၁၆ ယောက်တိတိ မွေးဖွားပေးခဲ့တဲ့ အနက် ၁၁ယောက်တိတိ အဖတ်တင်ခဲ့ပါတယ်။ မင်းသမီးလေးရဲ့ မိခင်ဟာ သူမ(အငယ်ဆုံးသမီးလေး) အသက် ၁၆နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ မင်းသမီးလေးရဲ့ မိခင်ကွယ်လွန်ပြီး လေးလအကြာမှာတော့ သူမရဲ့ ဖခင်က လစ်လပ်သွားတဲ့ သူမရဲ့ မိခင်နေရာမှာ အစားထိုးဖို့ သူမထက် တစ်နှစ်တိတိငယ်တဲ့ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ဆက်ပြီး လက်ထပ်ယူခဲ့ပါတယ်။

အဲဒီစာအုပ်ထဲမှာ စာရေးသူ ပြောပြထားတဲ့ အကြောင်းအရာတွေကတော့ သူတို့ တိုင်းပြည်မှာ မိန်းကလေးတွေအများဆုံး တွေ့ကြုံနေရတဲ့ ဖိနှိပ်ခံဘဝတွေ အကြောင်းပဲဖြစ်ပါတယ်။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေနဲ့ တန်းတူအခွင့်အရေးမရတဲ့ အပြင် မိသားစုဝင်တွေထဲမှာလဲ အကိုတွေ မောင်တွေနဲ့ယှဉ်လိုက်တိုင်း မိန်းကလေးတွေက အမြဲလိုလိုမျက်နှာငယ်ရပါတယ်။ အိမ်ထောင်ကျသွားပြီးတဲ့ အချိန်တွေမှာလဲ သူတို့ရဲ့ အိမ်ဦးနတ်အလိုကျ ထားရာနေစေရာသွားပြီး သူတို့ပြောသမျှဆိုသမျှကို တသွေးတသံတမိန့်ဆိုသလို နာခံရပြန်ပါတယ်။

မိမိအိမ်ထောင်ရေးအတွက်လဲ ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်ခွင့်မရှိပဲ မိဘအလိုကျ အထူးသဖြင့် ဖခင်ကစီမံတဲ့အတိုင်း( ဖခင်စီမံတာကို မိခင်အနေနဲ့တောင် ဝင်ပြီး စွက်ဖက်ခွင့်မရှိပါ) နာခံကြရပါတယ်။

အရွယ်ရောက်လာတဲ့ မိန်းကလေးတွေဟာ မိမိတို့ဖခင်အရွယ် ( တခါတရံမှာ ဖခင်ထက်တောင် အသက်ကြီးတဲ့ )အမျိုးသားတွေကို လက်ထပ်ကြရပါတယ်။ မိမိတို့နဲ့ လက်ဆက်ရမယ့် အမျိုးသားကိုတောင် မင်္ဂလာပွဲကျင်းပတဲ့နေ့မှာမှ မြင်တွေ့ခွင့်ရတတ်ပါတယ်။မိမိတို့ အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး ငြင်းဆိုခွင့်မရှိသလို မိဘကို တော်လှန်ပုန်ကန်ခွင့်လဲ မရှိရှာပါဘူး။ ပြီးတော့ မိမိတို့လက်ထပ်ယူထားတဲ့ ယောက်ျားကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သည်းခံပြီး ပေါင်းသင်းရပါတယ် ကွာရှင်းပြတ်စဲခြင်းကို ယောက်ျားဘက်က သဘောတူ ခွင့်ပြုမှသာ ကွာရှင်းခွင့်ရပါတယ်။ အမျိုးသမီးဘက်က တောင်းဆိုပေမယ့် သူ့အိမ်ထောင်ဘက်က သဘောမတူရင် တဖက်သတ် ကွာရှင်းလို့မရပါဘူး။

သူတို့ဘာသာရေး ထုံးတမ်းအစဉ်အလာအရ အမျိုးသမီးတစ်ယောက် လူ့အခွင့်အရေး အပြည့်အဝမရရှိတဲ့ အပေါ်မှာ လူတိုင်းနားလည်ပေးနိုင်တယ်ဆိုပေမယ့် တခါတရံမှာ အမှန်တရားတွေ ကိုဖော်ပြခွင့်မရပဲ လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့တဲ့အဖြစ်တွေ ဘဝတစ်ခုလုံး နစ်နာစေတဲ့ အဖြစ်အပျက်တွေကို ဒီစာအုပ်လေးထဲမှာတွေ့ရပါတယ်။

အခြားနိုင်ငံကနေ ရိုးရိုးသားသား အလုပ်လာလုပ်ကြတဲ့ အိမ်ဖော်တွေရဲ့ ဆိုးရွားလှတဲ့ဘဝတွေကိုလဲ ဒီစာအုပ်လေးထဲမှာ တွေ့ရပြန်ပါတယ်။ သူတို့နိုင်ငံမှာ အိမ်ဖော်မိန်းကလေးတွေကို နှစ်ရှည်လများ( စာချုပ်သက်တမ်းမကုန်မချင်း) သားမယားအဖြစ် အနိုင်ကျင့်လေ့ရှိကြတဲ့ အိမ်ရှင်အမျိုးသားများရဲ့ စရိုက်ဆိုးတွေကို တိုင်တန်းဖို့အတွက် အိမ်ဖော်တွေမှာ အခွင့်အရေးမရှိသလို အဲဒီလို အမှုမျိုးတွေကိုလဲ သက်ဆိုင်ရာ သံရုံးတွေက လက်ပိုက်ကြည့်နေရုံပဲ တတ်နိုင်ကြပါတယ်။

မင်းသမီးလေးနဲ့ သူ့မိသားစု အီဂျစ်နိုင်ငံကို အလည်သွားရောက်စဉ်က ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကလဲ စာရေးသူ အမြင် မင်းသမီးလေးရဲ့ အမြင် ပြီးတော့ ကျွန်မရဲ့ အမြင်တွေအရ အင်မတန် ရုပ်ဆိုးအကျည်းတန်တဲ့ အဖြစ်အပျက်တစ်ခုလဲဖြစ်ခဲ့ပါတယ်။

အိမ်ရှေ့မင်းသမီးလေးရဲ့ ဆယ်ကျော်သက်အရွယ်အကို ပြီးတော့ သူ့အကိုနဲ့အတူပါလာတဲ့ သူ့သူငယ်ချင်းတစ်ယောက် သူတို့လူငယ်၂ ယောက် ပျော်ပါးဖို့အတွက် အသက် ၈ နှစ်တောင် မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ကို သူမရဲ့ မိခင်ကိုယ်တိုင်က အီဂျစ်ငွေ ၁၅ ပေါင်နဲ့ လာရောက်ရောင်းချတဲ့ အဖြစ်ကိုတော့ ယူကြုံးမရခြင်းများစွာနဲ့ ဖတ်လိုက်ရပြန်ပါတယ်။

မသိနားမလည်သေးတဲ့ ကလေးငယ်တစ်ယောက် ကမ္ဘာပျက်မတတ် အော်ဟစ်ငိုကြွေးနေတာကို စာနာစိတ်မရှိပဲ ခြေတွေလက်တွေ ချုပ်ကိုင်ပေးသူက မင်းသမီးလေးရဲ့ အကို ဖြစ်ပြီး ကလေးသာသာ ချာတိတ်မလေးကို စာနာစိတ်မရှိပဲ စော်ကားသူက သူနဲ့အတူပါလာတဲ့ သူ့သူငယ်ချင်းပဲဖြစ်ပါတယ်။ အခန်းတစ်ခုလုံးသွေးတွေလွှမ်းနေတဲ့ မြင်ကွင်းကို တစိမ့်စိမ့်ကြည့်ပြီး သူတို့ ၂ ယောက်ကတော့ သဘောကျစွာ အော်ဟစ်ရယ်မောနေခဲ့ပါတယ်လို့ မင်းသမီးလေးက ပြောပြခဲ့ပါတယ်။

အင်မတန်ဆိုးရွားတဲ့ ဖြစ်ရပ်တွေကို မင်းသမီးလေးက အသေးစိတ်ပြောပြခဲ့ရာမှာ ကလေးငယ်ရဲ့ မိခင်ကတော့ ဒီကလေးကို အခကြေးငွေယူပြီး ခိုင်းစားရတဲ့ အပေါ်မှာ တုန်လှုပ်ဟန်မရှိခဲ့ဘူး သူမရဲ့ မျက်နှာပေါ်မှာ ခံစားချက် ကင်းမဲ့နေခဲ့ပါတယ်လို့ ဒီဇာတ်လမ်းလေးထဲမှာ ပြောပြထားခဲ့ပါတယ်။

လူ့အခွင်အရေး ဆိုးရွားစွာဆုံးရှုံးခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အဖြစ်အပျက်တစ်ခုကိုလဲ ဒီစာအုပ်လေးထဲမှာ စိတ်မကောင်းခြင်းကြီးစွာနဲ့ ထပ်ပြီး ဖတ်လိုက်ရပြန်ပါတယ်။

မင်းသမီးလေးဟာ သူမရဲ့ ပထမဆုံးရင်သွေးလေးကို မွေးဖွားဖို့အတွက် ဆေးရုံတက်နေစဉ်အချိန်လေးမှာ Amal ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အဖြစ်ဆိုးကို မြင်တွေ့ ကြားသိခဲ့ရခြင်းဖြစ်ပါတယ်။

တော်ဝင်မင်းသမီးလေး သူမရဲ့ ပထမဆုံးရင်သွေးလေးကို မွေးဖွားသန့်စင်ပြီး ဆေးရုံမှာ အနားယူနေတဲ့ အချိန်မှာ ခြေချင်းတွေ လက်ထိပ်တွေ ခတ်ထားခြင်းခံရတဲ့ Amal လေးဟာ သူမရဲ့ ရင်သွေးလေးကိုမွေးဖွားဖို့ ရဲတွေ ဘာသာရေးလူကြီးတွေ ခြံရံစောင့်ကြပ်ပြီး ဆေးရုံကိုရောက်လာခဲ့ပါတယ်။

တကယ်တော့ Amal ဟာသူတပါးရဲ့ မတရားစော်ကားတာကို ခံရပြီး လူသိရှင်ကြား အရှက်ရခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒုတိယအနေနဲ့ ထပ်မံကံဆိုးစေတာကတော့ သူမဟာ သူတပါးရဲ့ စော်ကားမှုကြောင့် ကိုယ်ဝန်ရှိလာခဲ့ခြင်းပါပဲ။

သူတို့ နိုင်ငံက အမျိုးသမီးလေးတွေလိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့လို့ သူတပါးစော်ကားခြင်းကို ခံရတယ်လို့ ယူဆပြီးဘုရားသခင်က ဒဏ်ခတ်ခြင်းလို့ ခေါ်တဲ့ အကြီးဆုံးသော အပြစ်ဒဏ်ကို ခံယူရမယ့် အသက်ဆယ့်လေးနှစ်အရွယ် ကလေးမလေးဟာ အပြစ်ဒဏ်ခံရဖို့အတွက် ကလေးမွေးပြီးတဲ့ အချိန်အထိ စောင့်ဆိုင်းခဲ့ရသူလဲ ဖြစ်ပါတယ်။

မင်းသမီးလေးဟာ သူမရဲ့ ဗြိတိသျှလူမျိုး သူနာပြုထံမှတဆင့် ကလေးမလေးရဲ့ ဘဝ အဖြစ်အပျက်အလုံးစုံကို သိခွင့်ရခဲ့ပေမယ့် သူမကို ကယ်တင်ဖို့တော့ အခွင့် အရေးမရခဲ့ပါဘူး။ အပြစ်မဲ့တဲ့ ကလေးမလေး အသက်ရှင်လွတ်မြောက်ခွင့်ရဖို့တွက် မင်းသမီးလေးကိုယ်တိုင်လဲ သူမရဲ့ အမျိုးသားကို ကြိုးစားပြီးတောင်းဆိုခဲ့ပါသေးတယ်။

Amal ဟာ သူမရဲ့ ရင်သွေးလေးကို မွေးဖွားပေးပြီးတာနဲ့ သူတို့နိုင်ငံရဲ့ ဥပဒေအရ ပေးတဲ့ သေဒဏ်ကို ( မသေမချင်းခဲနဲ့ ပစ်ပေါက်တဲ့ သေဒဏ်ရဖို့) ခံယူဖို့ရှိတာမို့ သူမမွေးဖွားချိန်မှာ သူမအပေါ်သနားညှာတာခြင်း စာနာထောက်ထားခြင်းမရှိစေဖို့ ဘာသာရေးလူကြီးများနဲ့ ရဲများက မွေးခန်းရှေ့မှာထိုင်စောင့်နေကြပြီး နိုင်ငံခြားသား သူနာပြုများကိုလဲ ဒီအမှုမှာ စာနာစိတ်နဲ့ ပါဝင် ပက်သက်ခြင်းမပြုကြဖို့နဲ့ သူမကို ကယ်တင်ခြင်းမပြုနိုင်အောင် ထားမြစ်ထားကြပါတယ်။

နံနက်ခင်းတစ်ခုမှာတော့ သူမဟာ ရင်သွေးငယ်(သမီးငယ်)လေးကို မွေးဖွားပေးခဲ့ပါတယ်။ သူမရဲ့ ရင်သွေးငယ်လေးကို မွေးဖွားပေးပြီးချိန်မှာတော့ နေ့မဆိုင်းပဲ ရဲများနဲ့ ဘာသာရေး ခေါင်းဆောင်လူကြီးများဟာ သူမကို ပြစ်ဒဏ်စီရင်မယ့် နေရာကို ခေါ်ဆောင်သွားကြပါတယ်။

မင်းသမီးလေးကိုယ်တိုင်နဲ့ စာရေးသူက ဒီလိုအပြစ်ပေးတာကို ကိုယ်တိုင် မမြင်ဘူးကြပေမယ့် ကိုယ်တွေ့မျက်မြင် ကြုံဘူးခဲ့သူတစ်ဦးကတော့ သူမမြင်တွေ့ခဲ့ရတာတွေကို မင်းသမီးလေးကို အခုလို ပြောပြခဲ့ပါတယ်။

အဲဒီလိုပြစ်မှုမျိုးကို ဘုရားသခင်ကပေးတဲ့ ပြစ်မှုပြစ်ဒဏ်လို့ သတ်မှတ်လေ့ရှိကြပြီး သူတို့ နိုင်ငံရဲ့ ထုံးစံအရ အပြစ်ရှိသူ အမျိုးသမီးကို ပြစ်ဒဏ်ပေးမယ့် နေရာမှာ လူစုလူဝေးကြီးဟာ အားတက်သရော စုဝေးရောက်ရှိနေလေ့ရှိပါတယ်။ ထရပ်ကားကြီးတွေကလဲ ခဲလုံးတွေကို တင်ဆောင်လာပြီး အဲဒီနေရာမှာ စုပုံထားပေးပါတယ်။ ရဲတွေ ခြံရံလို့ အပြစ်ဒဏ်ခံရမယ့်သူ ရောက်ရှိလာမယ့် အချိန်မှာတော့ အင်မတန် တက်ကြွနေကြတဲ့ လူစုလူဝေးကြီး ( အများအားဖြင့် ယောက်ျားသားတွေများပါတယ်) ဟာဝိုင်းဝန်းအော်ဟစ်ပြီး ကောင်းချီးသြဘာပေးကြပါတယ်။

အပြစ်ရှိသူ ရောက်လာချိန်မှာတော့ သူမကိုရဲကားထဲကနေ ကြမ်းတမ်းစွာ ဆွဲထုတ်ပြီး ပြစ်ဒဏ်စီရင်မယ့် နေရာကို ခေါ်သွားလ့ရှိကြပါတယ်။ အပြစ်ရှိသူ အမျိုးသမီးကို ပဆစ်တုတ်ထိုင်စေပြီး သူမရဲ့ ပါးစပ်ကို မအော်နိုင်အောင် အဝတ်စုတ်နဲ့ ပိတ်ဆို့ကြပါတယ်။ အနက်ရောင် ခေါင်းစွပ်ကို စွပ်ပေးပြီးချိန်မှာတော့ သူမရဲ့ ပြစ်မှုကို လူထုကြီးရှေ့မှာ ဖတ်ပြပါတယ်။ အမှုကို ဖတ်ပြသူက ပြစ်ဒဏ်ပေးဖို့ အချိန်ရောက်ပြီဆိုတာကို လူထုကြီးကို ကြေငြာတဲ့အချိန်မှာတော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ စုပုံထားတဲ့ ကျောက်ခဲပုံကြီးဆီကို အလုအယက်ပြေးသွားကြပြီး ခဲလုံးတွေနဲ့ သူမကိုစတင်ပြီး ပစ်ပေါက်ကြပါတယ်။

လူစုလူဝေးကြီးဟာ အပြစ်ဒဏ်ခံရသူကို ဘက်ပေါင်းစုံကနေ မရပ်မနား အားကုန်သုံးပြီး ခဲနဲ့ ပစ်ပေါက်ကြပြီး ဆရာဝန်က သူမကို စစ်ဆေးဖို့ ခေတ္တရပ်ဆိုင်းတဲ့ အချိန်လေးလောက်ပဲ ခဏနားကြပါတယ်။ စိတ်ဓါတ်တက်ကြွနေတဲ့ လူအုပ်ကြီးဟာ အပြစ်ဒဏ်ခံရသူကို နှစ်နာရီလောက်နီးပါး ခဲနဲ့ ပစ်ပေါက်ကြပြီး နောက်ဆုံးမှာ သူမတကယ်ပဲ သေဆုံးသွားပြီဆိုတဲ့ ဆရာဝန်ရဲ့ အတည်ပြုချက်ရမှသာ သူတို့ရဲ့ အပြစ်ပေးခြင်းကို ရပ်နားကြပါတယ်။

အဲဒီ Amal ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်နင့်စရာ အဖြစ်အပျက်လေးက (ဆော်ဒီနိုင်ငံနဲ့ ဘာသာရေး အယူအစွဲပြင်းထန်လွန်းတဲ့ အချို့သော အာရပ်နိုင်ငံတွေကလွဲလို့) အခြားနိုင်ငံတွေမှာ လူဖြစ်ခွင့်ရတဲ့ မိန်းကလေးတွေမှာ လူ့အခွင့်အရေးတွေ အပြည့်အဝရှိနေခဲ့တယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။

တကယ်တမ်းမှာတော့ သူမခံစားရတဲ့ ပြစ်မှု ပြစ်ဒဏ်ဟာ သူမအတွက် လုံးဝကို တရားမျှတမှုမရှိတဲ့ ပြစ်မှု ပြစ်ဒဏ်တစ်ရပ်ပါ။

ရီရတ်မြို့မှာ နေထိုင်တဲ့ သူမရဲ့မိဘတွေ ခရီးသွားနေချိန်မှာ ဆယ့်သုံးနှစ်သမီးလေးဖြစ်တဲ့ Amal ဟာ ဆယ့်ခုနစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့အကိုတစ်ယောက်နဲ့အတူ အိမ်ဖော် ၃ ယောက် ဒရိုင်ဘာတစ်ယောက်ကို အဖော်ပြုပြီး အိမ်မှာ ကျန်ရစ်ခဲ့ပါတယ်။

အဲဒီညက မိဘတွေ ခရီးထွက်နေတာကို အခွင့်အရေးယူပြီး သူမရဲ့ အကိုဟာ သူ့ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ဖိတ်ပြီး အိမ်မှာ လွတ်လပ်စွာ ပျော်ပါးခဲ့ပါတယ်။ Amal ရဲ့ အိပ်ခန်းက အပေါ်ထပ်မှာရှိတာမို့ သူ့အကိုတွေ အောက်ထပ်မှာ သောင်းကျန်းနေတာကို သိပေမယ့် သူမကတော့ အိပ်ခန်းတံခါးပိတ်ပြီး စာဖတ်နေခဲ့ပါတယ်။ သူ့အကိုနဲ့တကွ သူငယ်ချင်းတွေအားလုံးဟာ မူးယစ်ဆေးဝါးသုံးစွဲနေတယ်လို့ သူမက ထင်နေခဲ့ပါတယ်။

ညဉ့်နက်လာချိန်မှာတော့ အိမ်အောက်ထပ်က သူ့အကိုတွေ ဖွင့်ထားတဲ့ သီချင်းသံဟာ ဆူညံပေါက်ကွဲလာပြီး သူမရဲ့ အိပ်ခန်းနံရံကိုပါ လာရိုက်ခတ်တဲ့အထိ ကျယ်လောင်နေခဲ့တာမို့ သူ့အကိုကို အသံလျှော့ပေးဖို့အတွက် တောင်းဆိုဖို့ သူမအောက်ထပ်ကို ဆင်းသွားခဲ့ပါတယ်။

အိမ်မှာနေတဲ့အချိန် ညအိပ်ချိန်မို့ သူမဟာ ညအိပ်ဝတ် ဝတ်စုံပါးပါးလေးကို ဝတ်ဆင်ထားခဲ့ပါတယ် ( သူတို့ဓလေ့ထုံးစံအရ သူစိမ်းတွေ အိမ်မှာရှိတဲ့အချိန်မှာ အမျိုးသမီးတွေဟာ မျက်လုံးကစလို့ တကိုယ်လုံးကို ဖုံးကွယ်ထားရပါတယ်။ အဲဒီညကတော့ Amal ဟာ သူမရဲ့ အိမ်မှာဖြစ်နေတဲ့အပြင် သူမရဲ့ အကိုဆီကို သွားတာဖြစ်လို့ သူမဝတ်ထားတဲ့ ညအိပ်ဝတ် ဝတ်စုံလေးပေါ်မှာ ထပ်ပြီး ဝတ်ဆင်ရမယ့် ဝတ်ရုံအနက်ရောင်ကို ထပ်မဝတ်ပဲ အောက်ထပ်ကို ဆင်းသွားခဲ့တာပါ။)

အောက်ထပ်ကိုရောက်တော့လဲ အခန်းထဲကို မဝင်ပဲ အခန်းတံခါးဝကနေ သူ့အကိုကို ချောင်းကြည့်ပြီး ငိုယိုပြီး လှမ်းခေါ်ခဲ့ပါတယ်။ သူ့အကိုဆီက တုန့်ပြန်သံမကြားရတာမို့ စိတ်မရှည်နိုင်လွန်းတဲ့ Amal ဟာ အခန်းထဲကို ဝင်သွားပြီး သူမရဲ့ အကိုကို ရှာဖွေခဲ့ပါတယ်။

ကံဆိုးချင်တော့ အဲဒီအချိန်မှာ သူမရဲ့အကိုဟာ ရေချိုးခန်းထဲကိုရောက်နေခဲ့သလို မူးယစ်ဆေးအရှိန်နဲ့ ရေချိုးခန်းနံရံနဲ့ တိုက်မိပြီး ရေချိုးခန်းထဲမှာ တစ်ညလုံး အိပ်ပျော်သွားခဲ့တာမို့ သူမအဲဒီအခန်းထဲကို ရောက်နေခဲ့တာကို မသိလိုက်ပါဘူး။

အဲဒီအခန်းဟာ ညအိမ်မီးသီးလေးရဲ့ ခပ်မွဲမွဲအလင်းရောင်ကလွဲလို့ ခပ်မှောင်မှောင်လေးဖြစ်နေပါတယ်။ သူမထပ်ပြီးကံဆိုးခဲ့တာက အခန်းထဲမှာရှိနေတဲ့ သူမအကိုရဲ့ သူငယ်ချင်းတွေဟာ မူးယစ်ဆေးရွားကို လွန်ကဲစွာသုံးထားကြတာမို့ အသိစိတ်ကင်းမဲ့နေကြပြီး အမျိုးသမီးတွေအကြောင်းကို ကျယ်လောင်စွာ ပြောဆိုနေကြပါတယ်။ အသိစိတ်ကင်းမဲ့နေတဲ့ ဆယ်ကျော်သက်အရွယ် ချာတိတ်တွေဟာ အခန်းထဲကို ဝင်လာတဲ့ သူမကို စတင်တိုက်ခိုက်လာပါတယ်။ ကြမ်းပြင်ပေါ်ကို တွန်းလှဲလိုက်ပြီး လုံးဝလှုပ်ရှားလို့မရအောင် ချုပ်ထားကြပါတယ်။

သူမဟာ အော်ဟစ်ပြီး ဒီအိမ်ရဲ့ အိမ်ရှင်တစ်ယောက်ဖြစ်ကြောင်း ငိုယိုပြီး တောင်းပန်ခဲ့သလို သူမရဲ့ အကိုကိုလဲ ကြိုးစားပြီး အော်ဟစ်ပြီးခေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ တောင်းပန် အသနားခံမှုတွေဟာ အရာ မရောက်ခဲ့ပါဘူး။ တတိယမြောက် ချာတိတ်တစ်ယောက်ရဲ့ စော်ကားခြင်းကို ခံလိုက်ရပြီးတဲ့နောက်မှာတော့ သူမဟာ လုံးဝသတိလက်လွတ်ဖြစ်သွားခဲ့ပါတယ်။

မနက်လင်းလို့ ရောင်နီပျိုးစပြုလာချိန်မှာတော့ သူ့အကိုရဲ့ သူငယ်ချင်းတွေဟာ ညတုန်းက သူတို့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ပြန်သုံးသပ်မိသွားပြီး သူတို့အိမ်တွေကို အသီးသီးပြန်သွားကြပါတယ်။

မနက်မိုးလင်းမှ Amal လေးကိုတွေ့သွားကြတဲ့ အိမ်ဖော်တွေကတော့ သူမကို ဆေးရုံကိုပို့လိုက်ကြပါတယ်။ အရေးပေါ်ဌာနမှာ တာဝန်ကျနေတဲ့ ဆရာဝန်က သူမကို စမ်းသပ်စစ်ဆေးပြီးချိန်မှာ သူတို့နိုင်ငံရဲ့ ထုံးစံအတိုင်း ရဲကို အကြောင်းကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ ရဲနဲ့အတူ ဘာသာရေးဆိုင်ရာ လူကြီးတွေပါ သူမရဲ့ အမှုမှာ ပါဝင်ပက်သက်လာပါတယ်။ သူတို့တိုင်းပြည်မှာ Mutawas ဆိုတဲ့ ဘာသာရေးဆိုင်ရာ လူကြီးတွေဟာ အလွန်အရေးပါတဲ့ နေရာမှာရှိပါတယ်။

လူကြီးတွေက စစ်မေးချိန်မှာ Amal လေးဟာ သူမကိုစော်ကားခဲ့ကြသူတွေ ဘယ်သူတွေဆိုတာ မသိခဲ့ပါဘူး။ သူမအကိုရဲ့ အပေါင်းအသင်းတွေ ဖြစ်တယ်ဆိုတာလောက်ပဲ ပြောပြနိုင်ခဲ့ပြီး သူတို့ရဲ့ နာမည်တွေကို မပြောပြနိုင်ခဲ့ပါဘူး။

ရဲရဲ့စစ်ဆေးချက်ကို မခံရခင်ကတည်းက သူမကို စော်ကားခဲ့ကြတဲ့ သူမအကိုရဲ့ သူငယ်ချင်းတွေဟာ သူတို့ အပြစ်က ရုန်းထွက်ဖို့အတွက် ယုံတမ်းပုံပြင်တွေကို ဖန်တီးခဲ့ကြပါတယ်။ သူတို့တွေဘက်က ပြောဆိုချက်တွေအရ အဲဒီညက သူတို့တွေဟာ မူးယစ်ဆေးဝါး လုံးဝ မသုံးစွဲခဲ့ကြပါဘူး။ သီချင်းတွေ ကျယ်လောင်စွာဖွင့်ပြီး သူငယ်ချင်းတွေ အပျော်သက်သက် စုဝေးခဲ့ကြတာပါလို့ ပြောလာပါတယ်။ သူတို့ဆီကို ဆင်းမလာခင်အချိန်လေးမှာ Amal ဟာ အိမ်အပေါ်ထပ်မှာ တစ်ယောက်တည်း Sex နဲ့ ပက်သက်တဲ့စာအုပ်တွေ ဖတ်နေခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့ဆီကို ဆင်းလာပြီး မြူဆွယ်ဖျားယောင်းခဲ့တယ်လို့ ပြောလာပါတယ်။

ချာတိတ်တွေဟာ သူမကို ကြိုးစားပြီး ဆုံးမခဲ့ပေမယ့် ဖြောင့်ဖြဆုံးမလို့ မရခဲ့သလို စိတ်ရိုင်းဝင်နေတဲ့ သူမဟာ သူတို့ရဲ ပေါင်တွေပေါ်မှာထိုင်ပြီး သူတို့ကို စတင်ပြီး ပွတ်သပ် နမ်းရှုံ့ခဲ့တယ်လို့ ပြောလာပါတယ်။ Amal ဟာ သူတို့အားလုံးကို သူမနဲ့အတူ ပျော်ပါးဖို့အတွက် ခခယယ တောင်းပန် စည်းရုံးခဲ့တယ်လို့ သူတို့အားလုံးက တပြိုင်တည်း ထွက်ဆိုကြပါတယ်။

သူမရဲ့ အဖြစ်အပျက်ကို ခရီးကပြန်လာတဲ့ မိဘတွေ သိသွားချိန်မှာတော့ မိခင်ဖြစ်သူက မိန်းမသားပီပီ သမီးဘက်က ရပ်တည်ပြီး သမီးပြောတဲ့ အဖြစ်မှန်ကို ယုံကြည်ပေးခဲ့ပေမယ့် သမီးတစ်ယောက်ရရှိခြင်းအတွက် တချိန်လုံး မကျေမချမ်းဖြစ်နေခဲ့တဲ့ သူမရဲ့ ဖခင်ကတော့ မဟာပုရိသ ဝါဒစွဲကိုင်ထားတဲ့ ယောက်ျားပီသစွာပဲ သမီးဖြစ်သူဟာ အပြစ်ကျူးလွန်သူဖြစ်တဲ့ အပြင် ဖခင်ကို မျက်နှာပျက် အရှက်ရစေခဲ့တဲ့ အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံစားရမယ်လို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်အပေါ်( ဖခင်မပီသစွာ ) ယောက်ျားသားတစ်ယောက်အနေနဲ့ သူခံစားမိတာကိုလဲ “ felt that the boys had done only what any male would do under the circumstances.” လို့ ပြောခဲ့ပါတယ်။ သူမဖခင်ရဲ့ ဖခင်မဆန်လွန်းတဲ့ ဆုံးဖြတ်ချက်ကြောင့် သူမဟာ အဲဒီအပြစ်ဒဏ်ကို ခံစားခဲ့ရတာလဲဖြစ်ပါတယ်။

သူမရဲ့ မိခင်ကတော့ ဆော်ဒီနိုင်ငံသူ အိမ်ရှင်မ ပီသစွာပဲ အရှက်အကွဲ အကျိုးနည်းဖြစ်ခဲ့ရတဲ့ သမီးအတွက် ယူကြုံးမရဖြစ်ပြီး သောကကြီးစွာရောက်ခဲ့ရတဲ့အပြင် အယူအစွဲကြီးလွန်းစွာ သမီးမျက်နှာကိုတောင်မထောက်ပဲ မျက်နှာလွဲ ခဲပစ် လုပ်ရက်တဲ့ ခင်ပွန်းသည်ဖြစ်သူကိုလဲ ဖြောင့်ဖြဖို့ ခွန်အားမရှိခဲ့ရှာပါဘူး။ အခွင့်အရေးလဲမရခဲ့ပါဘူး။

နောက်ဆုံးမှာတော့ Amal ဟာ သူတို့ထုံးစံအရ ပေးအပ်တဲ့ ပြစ်ဒဏ်ကို သွေးနုသားနု ဆေးရုံက ဆင်းဆင်းချင်းအချိန်မှာ ခံစားရမယ့် သနားစရာ မိန်းကလေးလဲ ဖြစ်ပါတယ်။

ဒီစာအုပ်လေးထဲမှာ မိန်းကလေးတွေနဲ့ ပက်သက်တဲ့ အခြားစိတ်ဝင်စားစရာ ရင်နင့်စရာ အဖြစ်အပျက်လေးတွေကိုလဲ ထပ်ပြီးတွေ့ခဲ့ရပါတယ်။

ဒီစာအုပ်လေးကို သေသေချာချာ ခံစားကြည့်မိတော့ လူကြီးလူကောင်းလို့ ကျွန်မတို့ တင်စားအပ်တဲ့ အမျိုးကောင်းသားတွေအနေနဲ့ သူတို့ပတ်ဝန်းကျင်မှာ ရှိတဲ့ အားနွဲ့သူအမျိုးသမီးတွေအပေါ် ထားရှိပေးကြတဲ့ စေတနာ မေတ္တာတွေနဲ့ တန်ဘိုးပေးအလေးထားမှုတွေဟာ တနေရာနဲ့ တနေရာ မတူကြဘူးဆိုတဲ့ အချက်တစ်ချက်ကို တွေ့ရှိလာပါတယ်။ မတူညီတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကြောင့်လို့တော့ အတပ်မပြောနိုင်ပါဘူး။ သူတို့မွေးဖွားကြီးပြင်လာတဲ့ ပတ်ဝန်းကျင်ဟာ သူတို့ရဲ့ လူနေထိုင်မှု စရိုက်ကို တနည်းနည်းနဲ့တော့ ပြောင်းလဲစေခဲ့ပါတယ်။

တကယ်တော့ အမျိုးသမီးတွေရဲ့ ဘဝဖြစ်တည်မှုတိုင်းဟာ အမျိုးသားတွေရဲ့ အတ္တတွေအတွက် သက်သက်မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ အိမ်ထောင်သည်တစ်ယောက်ဖြစ်လာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့အိမ်ထောင်ဘက်ရဲ့ သြဇာကို အပြည့်အဝ နာခံရတယ်ဆိုပေမယ့် စက်ရုပ်တစ်ရုပ်လို ကျောက်ရုပ်တစ်ရုပ်လို ကိုယ်ပိုင်ခံစားချက် ကိုမေ့ပစ်ထားပြီး သူတပါးအတ္တအတွက် ရှင်သန်နေရတဲ့ ဘဝမျိုးတွေရှိနေဆဲဆိုတာကို Princess ဆိုတဲ့ စာအုပ်လေးက ကျွန်မတို့ကို ပြောပြနေခဲ့ပါတယ်။

ဒီစာအုပ်လေးကို ပေးဖတ်တဲ့ ကိုပီတာကလဲ မိန်းကလေးတွေ ဖတ်သင့်တယ်လို့ သေသေချာချာ ပြောပြီးပေးဖတ်ခဲ့တာမို့ စာအုပ်ကောင်းတွေ့တိုင်း သတိရတတ်တဲ့ ကိုပီတာကိုလဲ ကျေးဇူးတင်မိပါတယ်။ ကိုယ်တိုင်လဲ စာအုပ်ဆိုင်မှာ ရှာပြီးဝယ်ဖြစ်တဲ့အထိ ဒီစာအုပ်လေးကို နှစ်သက်ခဲ့မိပါတယ်။

မူရင်း စာရေးသူ Jean Sesson နဲူ့ ဇာတ်လမ်းလေးတွေအားလုံးကို ပြောပြခဲ့တဲ့ အမည်မဖော်လိုသ တော်ဝင်မင်းသမီးလေးကို ကိုလဲ ဒီစာအုပ်လေးအတွက် အထူးကျေးဇူးတင်မိပါတယ်။ အာရပ်ကမ္ဘာက ကံမကောင်းအကြောင်းမလှတဲ့ အာရပ်အမျိုးသမီးတွေရဲ့ ဇာတ်လမ်းတွေအပြင် အာရပ်ကမ္ဘာမှာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်လုပ်နေကြတဲ့ အမျိုးသမီးလေးတွေအကြောင်းကို ကမ္ဘာက သိအောင်ချပြခဲ့တဲ့ဆရာမရဲ့ စေတနာကိုလဲ လေးစားမိပါတယ်။

ကျွန်မနဲ့ လက်လှမ်းမီတဲ့ သူငယ်ချင်းတွေကိုလဲ ဒီစာအုပ်လေးအကြောင်းပြောပြဖြစ်သလို ဖတ်ဖို့လဲ တိုက်တွန်းဖြစ်ပါတယ်။ အထူးသဖြင့် အာရပ်တိုင်းပြည်တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတွေ သိထားသင့်တဲ့ အကြောင်းအရာလေးတွေဖြစ်တာမို့ ဒီပို့စ်လေးကို ထပ်ပြီး ရေးဖြစ်ခဲ့ပါတယ်။

ပို့စ်တစ်ခုအနေနဲ့ တော်တော်ရှည်လျားနေတာမို့ ဒုတိယ စာအုပ်လေးကိုတော့ ဒုတိယပိုင်းအနေနဲ့ ထပ်ပြီး တင်ပါ့မယ်။

စိတ်ရှည်လက်ရှည် ဖတ်ပေးကြတဲ့ စာဖတ်သူများအားလုံး စာရေးဖော်မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

ခရီးသွားတို့ရဲ့ အိမ်အပြန်

Home is where the heart and Soul should be…
A House without heart is not a home…
Home Sweet home…. စသဖြင့်
အိမ်ရဲ့ နွေးထွေးမှုတွေ အေးချမ်းမှုတွေကို ဘာသာစကားပေါင်းစုံနဲ့ ပြောတတ်ကြပါသည်။

လူသားတွေပီပီ အိမ်မှာနေစဉ်ကာလတွေမှာ အိမ်ရဲ့ တန်ဘိုးတွေကို မေ့လျော့နေတတ်ကြပေမယ့် အိမ်ရဲ့ လုံခြုံနွေးထွေးမှု အေးမြတဲ့ အငွေ့အသက် အိမ်ရဲ့ အရိပ်တွေကို အိမ်ရဲ့ အဝေးဆုံးကိုရောက်သွားမှ ထိထိရှရှခံစားတတ်ကြပါသည်။ ပြီးတော့ အမှတ်ရစရာတွေရှိရင် အိမ်ကို လွမ်းတတ်ပြီး အိမ်ပြန်ချိန်တွေကို လက်ချိုးရေတွက်နေတတ်တာက သဘာဝတစ်ခုလိုဖြစ်နေပါသည်…

သေချာတာတစ်ခုကတော့ အိမ်အဝေးကိုရောက်နေသူတိုင်းအတွက် အိမ်ပြန်ချိန်တိုင်းဟာ ဘုရားသခင်ပေးတဲ့ ဆုလာဘ်တစ်ခုလို ရှားပါးအဖိုးတန်လှပါသည်။

ကျွန်မကိုယ်တိုင်လဲ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက အိမ်နဲ့ မကြာခဏ ဝေးနေခဲ့ဘူးပါသည်။ တပတ် ဆယ်ရက် ခရီးတိုလေးတွေကစလို့ လနဲ့ နှစ်နဲ့ချီပြီးလဲ ခွဲနေခဲ့ဘူးပါသည်။ ဘယ်လိုအကြောင်းကြောင့်ခွဲခွဲ အချိန်တန်ရင် အိမ်ပြန်ပြီး မိသားစုဆီပြန်ရောက်စမြဲ။ ဒါပေမယ့် အိမ်ပြန်ချိန်တွေက ကျွန်မအတွက် ကျွန်မကို မျှော်နေကြတဲ့ မိသားစုတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အဲဒီအချိန်တွေတုန်းက ကျွန်မကိုယ်တိုင်သတိမထားမိခဲ့ပါ။

အခုချိန်အထိလဲ အိမ်မခင်တဲ့ကကျွန်မ အိမ်ပြန်ချိန်တွေကို သိပ်မတွေးတတ် သိပ်မမျှော်တတ်တာမို့ အိမ်ပြန်ချိန်တွေကို လက်ချိုးမျှော်နေတတ်တဲ့ သူငယ်ချင်းတွေ အိမ်ကိုတချိန်လုံး လွမ်းနေကြတဲ့ သူငယ်ချင်းတွေကြားထဲမှာ ကျွန်မက သိုးမည်းတစ်ကောင် ဖြစ်မှန်းမသိဖြစ်နေခဲ့ပါသည်။

နောက်ဆုံး လေဆိပ်တစ်ခုရဲ့ ပြည်ပ ထွက်ခွာမှာ ခရီးသည်တွေကို ဝန်ဆောင်မှုပေးရတဲ့ အလုပ်ကို လုပ်နေရတဲ့ အထိ အိမ်ပြန်ချိန်တွေအကြောင်း ကျွန်မ မစဉ်းစားမိသေးပါ။ ခရီးသွားတွေ အဆင်ပြေဖို့ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲလို့ သဘောထားမြဲ။ ခရီးသည်တွေကိုလဲ မလေ့လာခဲ့ သူတို့မျက်နှာပေါ်က အရိပ်တွေကိုလဲ လိုက်ပြီးမဖမ်းတတ်ခဲ့ သူတို့ရင်ထဲက ခံစားချက်တွေကိုလဲ မဖတ်တတ်ခဲ့ပါ။

တကယ်တော့ ကျွန်မမျက်စိရှေ့မှာ တွေ့နေရတဲ့ ခရီးသွားတွေဆိုတာ အိပ်မက်တွေ ပွေ့ပိုက်ပြီး အိမ်ပြန်ကြသူတွေ သံယောဇဉ်ကြိုးတွေ အထပ်ထပ်ဆွဲရာကို အပြေးအလွားလိုက်နေသူတွေနဲ့တူပါသည်။ အိမ်ပြန်ချိန်ဆိုတဲ့ အိပ်မက်ရှည်ကြီးကို အချိန်ကြာကြာ မက်ခဲ့ကြသူတွေပီပီ သူတို့ အိမ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ တက်ကြွနေကြသူတွေလဲ ဖြစ်ပါသည်။

ခရီးသွားတွေ အိမ်ပြန်ဖို့အတွက် အကြောင်းပြချက်မျိုးစုံကလဲ ရှိနေပါသည်။ သာမန် နှစ်ပတ်လည်ခွင့်ပြန်သူတွေ အလုပ်ကိစ္စတွေနဲ့ ပြန်သူတွေရှိသလို သာရေး နာရေး လူမှုရေးတွေကြောင့် အိမ်ပြန်သူတွေလဲရှိပါသည်။

ကျွန်မတို့ဆီကို ရောက်လာတတ်တဲ့ ခရီးသွားတွေကို ထပ်ပြီးခွဲခြမ်းစိတ်ဖြာကြည့်မိပြန်တော့ အနောက်တိုင်းသားခရီးသည်တွေက သံယောဇဉ်ဝန်ထုတ်ဝန်ပိုး ကင်းစွာခရီးသွားလေ့ရှိကြတာကို တွေ့ရပါသည်။
အနောက်တိုင်းသားတော်တော်များများက သူတို့ခရီးသွားတိုင်း တစ်ကိုယ်စာ အသုံးအဆောင်ပစ္စည်းအနည်းအကျဉ်းသာ သယ်ယူသွားလေ့ရှိတာမို့ ဘယ်အချိန်ကြည့်ကြည့် သူတို့ဟန်ပန်က ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်းရှိပါသည်။

အရှေ့တိုင်းသားတွေကတော့ သံယောဇဉ် အမျှင်အတန်းပေါင်းများစွာ ပွေ့ပိုက်ပြီး ရိုးရာ ဓလေ့အစဉ်အလာ များစွာ သယ်ဆောင်ပြီး ခရီးသွားလေ့ရှိကြပါသည်။
ကျွန်မ တခါတွေ့ခဲ့ဘူးတဲ့ ကိုရီးယား ခရီးသည်တစ်ယောက်ကတော့ သူ့အိမ်သူသက်ထား ထည့်ပေးလိုက်တဲ့ ကိုရီးယား ချဉ်ဖတ် (ကင်းမ်ချီ)အတွက် ပေါင်ပိုကြေး ဒေါ်လာ ၅၀၀ ကျော်ကို အပြုံးမပျက်ပဲ ပေးခဲ့ဘူးပါသည်။ တကယ်ဆို သူသယ်လာတဲ့ စားစရာရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ဒေါ်လာ ၁၀၀ တောင်မရှိပါ။

အာရှတိုက်သား အိမ်ပြန်သူ ခရီးသည်အများစုက သံယောဇဉ်ဝန်ထုပ်ဝန်ပိုးတွေလို့ ပြောစမှတ်ပြုရအောင် မိသားစုတွေအတွက် ဝယ်လာတဲ့ အမျိုးအမည်ပေါင်းများစွာသော လက်ဆောင်ပစ္စည်းတွေကို သယ်ဆောင်သွားလေ့ရှိကြပါသည်။

အိမ်ပြန်ကြသူ သူတို့တွေနဲ့ ပဋိက္ခအများဆုံး ဖြစ်ရတာက ကျွန်မတို့ ဝန်ထမ်းတွေ ဖြစ်ပါသည်။
အသေးဖွဲဆုံးနဲ့ အများဆုံးတွေ့ရတဲ့ ပြဿနာက ကျွန်မတို့ဆီက ပစ္စည်းချိန်တဲ့ စက်ကိစ္စ။ သူတို့ဆီက နေ့စဉ်ကြားနေရတဲ့စကား နေ့စဉ်စကားများရတဲ့ ပြဿနာက နင်တို့ ပေါင်ချိန်စက်က မှားနေတာ ငါ အိမ်မှာချိန်တာကွက်တိ ဒီရောက်မှ ပိုသွားတာ မတတ်နိုင်ဘူးဆိုတဲ့ ရီရခက် ငိုရခက် စောဒက တက်မှုတွေ။

သတ်မှတ် အလေးချိန်တွေထက်ပိုနေတာကို သူတို့ကိုယ်တိုင်လဲ သိနေကြသလို အဲဒီအတွက် သတ်မှတ်ထားတဲ့ ပိုက်ဆံကိုလဲ မပေးချင်ကြ။ ဒါပေမယ့် တခါတရံမှာတော့ သူတို့ ဝယ်လာတဲ့ ၁၀ တန်ပစ္စည်း အတွက် နှမြောတွန့်တိုခြင်းကင်းစွာ ပေါင်ပိုကြေးကို ၁၀၀ လောက်ပေးပြီး သယ်သွားသူတွေလဲဒုနဲ့ဒေး။

သူတို့ပေးတတ်တဲ့ ဆင်ခြေတွေက သူတို့အတွက် မရိုးတဲ့ ဆင်ခြေဆိုပေမယ့် နေ့စဉ်ကြားနေရတဲ့ ကျွန်မတို့အတွက်ကတော့ ထပ်ကာထပ်ကာ ရစ်ပြီးနားထောင်နေရတဲ့ ဓါတ်ပြားချပ်တွေလို ဖြစ်နေပါသည်။ ငါမင်္ဂလာဆောင်ဖို့ပြန်တာ ငါ့သတို့သမီးလောင်းအတွက် ဒါတွေမပါလို့မဖြစ်ဘူး... ပိုက်ဆံလဲမပေးချင်ဘူး ကူညီပါအုံး လို့တောင်းပန်ကြသလို… ငါအလုပ်ပြုတ်လို့ပြန်တာပါ ပိုနေတာတွေတော့ မထားခဲ့ပါရစေနဲ့ ဒါတွေက ငါ့မိသားစုအတွက်ပါ ငါနောက်ဆို ဒီကို လာရတော့မှာမဟုတ်ဘူး ကူညီပါအုံး လို့ပြောနေတဲ့ ခရီးသည်တွေ။

"နိုး"ဆိုတဲ့ စကားလုံးနဲ့ "ဆောရီး"ဆိုတဲ့ စကားလုံးကို တနေ့တနေ့ ဘယ်နှစ်ကြိမ်ပြောမိမှန်း မသိအောင်ကို ငြင်းရခုန်ရပေမယ့် သူတို့ဆီက ကျွန်မသင်ယူမိတာက ကျွန်မကိုယ်တိုင် မေ့လျှော့နေခဲ့တဲ့ မိသားစု သံယောဇဉ်နဲ့ သူတို့ကို စောင့်မျှော်နေသူတွေအပေါ်ထားရှိတဲ့ အလေးပေးဂရုစိုက်မှုတွေ အမှတ်တရရှိမှုတွေ ဖြစ်ပါသည်။

ကျွန်မ အိမ်ပြန်ချိန်တွေမှာ ကျွန်မမိသားစုက ကျွန်မဆီက ဘာတွေ မျှော်နေမလဲဆိုတာကို ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့ဘူးပေမယ့် အခုချိန်မှာတော့ ပြန်တွေးကြည့်ဖို့ စိတ်ကူးတစ်ခုရလာပါသည်။ ကျွန်မ လေ့လာခံစားမိရသလောက် လူကြီးတွေက အိမ်ပြန်လာမယ့်သူတွေဆီက မေတ္တာကို မျှော်နေတတ်ကြပြီး ကလေးတွေကတော့ လူကြီးတွေ ဝယ်လာမယ့် လက်ဆောင်ကိုမျှော်နေတတ်ကြပါသည်။

မှတ်မှတ်ရရ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို ခရီးသည်တစ်ယောက်ဆီမှာ ကျွန်မတွေ့ခွင့်ရခဲ့ပါသည်။
ခရီးသည်တွေကို Check –In လုပ်ပေးနေတဲ့ တစ်ရက်မှာ ကျွန်မဘေးနားမှာ ထိုင်တဲ့ သူငယ်ချင်းတစ်ယောက် လင်မယား၂ ယောက်နဲ့ စကားအချေအတင်ဖြစ်နေတာကို တွေ့လိုက်ရပါသည်။ သူတို့ ပြဿနာဖြစ်တဲ့ အချိန်မှာ ကျွန်မကောင်တာမှာက လူလဲရှင်းနေတာမို့ သူတို့ရဲ့ ပြဿနာကို သေသေချာချာ လဲနားထောင်လိုက်ရပါသည်။

အဲဒီခရီးသည် လင်မယားဆီမှာ ကလေးစီး စက်ဘီးတစ်စီးဖိုးအတွက် ပေါင်ပိုခပေးဖို့ အခက်အခဲဖြစ်နေခဲ့ပါသည်။ ပိုနေတာကလဲ ၁၀ ကီလိုတိတိဆိုတော့ လေယာဉ်ရဲ့ Safety Reason အတွက် ကျွန်မတို့ဘက်က သူ့ကို ကူညီပေးလို့မရပါ။ ကျွန်မတို့ဘက်က စည်းကမ်း ဘောင်ထဲက အလွန်ဆုံးကူညီပေးနိုင်တာက ပုံမှန်ဆိုရင် ၃ ကီလိုထက်မပို။

သူငယ်ချင်းက သာမန်ခရီးသည်တွေအတွက် စိတ်မရှည်တတ်ပေမယ့် အကြိမ်ကြိမ် တောင်းပန်အကူအညီတောင်းနေတဲ့ လင်မယားကိုတော့ စိတ်ရှည်ရှည်ထားပြီး ရှင်းပြနေခဲ့ပါသည်။ “မင်းစက်ဘီးရဲ့ တန်ဘိုးက ဘယ်လောက်လဲ” လို့ သူငယ်ချင်းက မေးတော့ “၂၀၀” လို့ ကလေးအဖေက ဖြေပါသည်။ “မင်းရဲ့ ၂၀၀ တန် စက်ဘီးအတွက် ပေးရမယ့် ပေါင်ပိုကြေးက ၃၈၀ ကျမယ် မင်းရဲ့ လေယာဉ်လက်မှတ်ဖိုးရဲ့ တစ်ဝက်စာ လောက်ရှိတယ် ဖြစ်နိုင်ရင် ထားခဲ့လိုက်ပါ “လို့ ပြောပြတော့ ကလေးအဖေက အချိန်တော်တော်ကြာကြာ စဉ်းစားပြီးမှ “ငါ့သားလေးကို မွေးပြီးကတည်းက ငါတို့ထားခဲ့ရတာ အခုဆို သားနဲ့ မတွေ့ရတာ ၂ နှစ်ကျော်ပြီ ဒါလေးတော့ သယ်သွားချင်ပါတယ် နည်းလမ်းမရှိတော့ဘူးလား”လို့ အပ်အက်အက်လေသံလေးနဲ့ ပြန်မေးလာချိန်မှာတော့ ကျွန်မရဲ့ သူငယ်ချင်းလဲ အသံတိတ်သွားခဲ့ပါသည်။

အချိန်တော်တော်ကြာတော့မှ သူငယ်ချင်းဆီက အဖြေတစ်ခု တိုးတိတ်စွာထွက်လာပါသည်။ “မင်း ပစ္စည်းမပါတဲ့ အခြားခရီးသည်ကိုစောင့်ပြီး အကူအညီတောင်းကြည့်ပါ ငါတတ်နိုင်တာ ငါ အကြံပေးနိုင်တာ ဒါပဲရှိတယ် ငါ့မှာလဲ မင်းလိုပဲ သား ၂ ယောက်ရှိတယ် မင်းကို ကူညီချင်ပေမယ့် ငါအလုပ်တော့ အပြုတ်မခံနိုင်ဘူး။ တကယ်ဆို ဒီလို အကြံဥာဏ်မျိုးပေးဖို့တောင် ငါတို့အတွက် အခွင့်အရေးမရှိခဲ့ပါဘူး ငါ့ကို နားလည်ပါ”…တဲ့။

တကယ်လဲ သူငယ်ချင်းပြောတာ မှန်ပါသည် ကျွန်မတို့ လိုက်နာရမယ့် စည်းကမ်းချက်တွေမှာ အဲဒီအချက်တွေလဲ ပါခဲ့ပါသည်။ Airlines တွေနဲ့ ကျွန်မတို့လိုကြားခံ ဝန်ထမ်းတွေကြားမှာ ရှိနေတတ်တဲ့ ဒီလို အခက်အခဲတွေတွေကိုတော့ ခရီးသည်တွေ သိနိုင်မှာမဟုတ်ပါ။ နောက်ဆုံးမှာတော့ အခြားခရီးသည်တစ်ယောက်ကို သူငယ်ချင်းက အကူအညီတောင်းပေးလိုက်ပြီး သူတို့လင်မယားရဲ့ အခက်အခဲလဲ ပြေလည်သွားခဲ့ပါသည်။

ကျွန်မ သူငယ်ချင်းတွေဆီက အမြဲတမ်းကြားနေရတတ်တဲ့ “ဒါငါ့ပြဿနာမဟုတ်ဘူး မင်းတို့ပြဿနာ မင်းတို့ကိစ္စ မင်းတို့ရှင်း”ဆိုတဲ့ စကားသံတွေ “မင်းတို့မပေးနိုင်ရင် ငါတို့အိတ်ထဲက စိုက်ပေးရမှာလား”ဆိုတဲ့ စိတ်မရှည်တဲ့ အသံတွေအစား အဲဒီနေ့က ကြားရတဲ့ သားသမီးချင်း ကိုယ်ချင်းစာတတ်တဲ့ ဖခင်တစ်ယောက်ရဲ့ ရင်ထဲက ထွက်ကျလာတဲ့ သူ့ရဲ့အသံကို ကျွန်မ ရင်ထဲမှာ စွဲမြဲနေတဲ့အထိ မှတ်မိနေခဲ့ပါသည်။
ပြီးတော့ ခရီးသွား ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားကိုလဲ ခရီးသည်ရဲ့ မျက်လုံးတွေထဲမှာ
မြင်တွေ့ခွင့်ရခဲ့ပါသည် ...…..

အဲဒီနေ့ကတော့ သားသမီးသံယောဇဉ်နဲ့ ဘဝကို ရုန်းကန်နေတဲ့ ဖခင်တွေရဲ့ မေတ္တာတရားကို ခရီးသွားတစ်ဦးဆီက သင်ယူခွင့်ရတဲ့ နေ့လဲ ဖြစ်ခဲ့ပါသည်။

ကျွန်မရင်ထဲမှာ ထိထိရှရှ ခံစားမိခဲ့တဲ့ အခြားအဖြစ်အပျက်တစ်ခုကိုလဲ သိပ်မကြာခင်လေးက ထပ်ပြီး ကြုံတွေ့ခဲ့ရပါသည်။
သာမန် သံယောဇဉ်ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတရား ကို ခရီးသွားတစ်ယောက်ဆီမှာ လေးစားစရာကောင်းလောက်အောင် တွေ့လိုက်ရတဲ့ အမှတ်တရ အဖြစ်အပျက်လေးလဲ ဖြစ်ခဲ့ပါသည်။

အဲဒီညက ကျွန်မက Boarding Gate မှာတာဝန်ကျနေတာမို့ ခရီးစဉ်တစ်ခုအတွက် ခရီးသည်တွေရဲ့ Boarding Pass တွေကို စက်နဲ့ scan ဖတ်ပေးနေခဲ့ပါသည်။ ခရီးသည်တစ်ယောက်က သူ့ရဲ့ boarding Pass ကို ကမ်းပေးရင်း သူ့ပစ္စည်းတစ်ခု လေယာဉ်ပေါ်ရောက်မရောက် သိချင်တယ် စစ်ပေးပါလို့ ပြောလာတာမို့ ထုံးစံအတိုင်း ကွန်ပြူတာဆီက မျက်လုံးမခွာမိသလို သူ့မျက်နှာကို သေချာမကြည့်ပဲ ဘာပစ္စည်းလဲလို့ ပြန်မေးလိုက်ပါသည်။ Coffin လို့ မပွင့်တပွင့် ပြန်ဖြေလာတော့မှ သူ့ကိုအလန့်တကြား ပြန်ငေးကြည့်ရင်း ဒီလူစိတ်မှမှန်ရဲ့လား အရက်များမူးနေလားမသိလို့ သံသယ ဝင်သွားမိတာမို့ သူ့ရဲ့ Check-In Information တွေကို ရှာကြည့်တော့ သူနဲ့အတူ Coffin တစ်ခုတကယ်ပဲ ပါနေခဲ့တာကို တွေ့လိုက်ရပါသည်။

“ငါ့မိန်းမရဲ့ အလောင်း လေယာဉ်ပေါ်ရောက်ပြီးမှ ငါလေယာဉ်ပေါ် တက်ပါရစေ”လို့ ခပ်တိုးတိုးတောင်းပန်လာတဲ့သူ့ကို ခဏစောင့်ခိုင်းပြီး လေယာဉ်ပေါ်ကို Coffin ရောက်မရောက် သေချာအောင်မေးပေးခဲ့ပေမယ့် Load Controller ဆီက အဖြေချက်ချင်းမရခဲ့ပါ။ “ဟိုဘက်ဘေးနားမှာ ခဏစောင့်နေပါ ငါမေးထားတယ်”လို့ ပြောပြီး အခြားခရီးသည်တွေကို ဆက်ပြီး Boarding လုပ်ပေးရင်း သူ့ကို ကျွန်မမေ့သွားခဲ့ပါသည်။

ခရီးသည်တွေကုန်လို့ ကွန်ပြူတာထဲမှာ ပြတဲ့အတိုင်း "System Boarding Over" လို့ သတင်းပို့မိမှ ကျွန်မမှာတဲ့အတိုင်း ကျွန်မနဲ့ မလှမ်းမကမ်းမှာ ကျောက်ရုပ်တစ်ရုပ်လို ရပ်စောင့်နေဆဲဖြစ်တဲ့ သူ့ကို တွေ့လိုက်ရပါသည်။ ကျွန်မမှာတဲ့အတိုင်း တကယ်ပဲ စောင့်နေခဲ့တဲ့ သူ့ကို အားနာစွာနဲ့ပဲ Load Controller ကိုထပ်ဆက်သွယ်ပြီး Coffin ရောက်နေပြီလားလို့ မေးမှ ရောက်နေပီဆိုတဲ့ အဖြေကိုကြားရတာမို့ သူ့ကို သေချာ ရှင်းပြပြီး နောက်ဆုံးမှ လေယာဉ်ပေါ်တင်ပေးလိုက်ရပါသည်။

အဲဒီအချိန်တုန်းက သူ့ဆီက ပြန်ရခဲ့တဲ့ "Thank you" ဆိုတဲ့ စကား ဘယ်နှစ်ခွန်း ရှိခဲ့တယ်ဆိုတာကို မမှတ်မိတော့ပေမယ့် ရီဝေနေတဲ့ သူ့မျက်ဝန်းတွေထဲက အမည်ဖော်ပြဖို့ ခက်လှတဲ့ အရိပ်တွေကို ကိုတော့ ကျွန်မမှတ်မိနေခဲ့ပါသည်။

အင်မတန်ရိုးစင်းတဲ့ အဖြစ်အပျက်တစ်ခုဆိုပေမယ့် ဘယ်လို အချိန်မျိုးမှာပဲ ဖြစ်ဖြစ် ဘယ်လို ဘဝမျိုးရောက်ရောက် ချစ်သူကို ချစ်တတ်တဲ့ ဂရုစိုက်တတ်တဲ့ အလေးထားတတ်တဲ့ ခရီးသွားတစ်ယောက်ကို တိုက်ဆိုင်မှု မရှိပေမယ့်လဲ ကျွန်မ သတိတရရှိနေခဲ့ပါသည်။

အိမ်ထောင်ဘက်တွေအတွက် “အေးအတူ ပူအမျှ” “ ဆိုးတူကောင်းဘက်” ဆိုတဲ့ စကားတွေထက် ပိုပြီးလေးနက်တဲ့ စကားလုံးတစ်ခုကို သူ့အတွက် ရှာဖွေကြည့်မိပါသည်။ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဆက်ခံစားဖို့ အခွင့်အရေးမရှိတော့ရှာတဲ့ အသေစောတဲ့ သူ့ရဲ့ အမျိုးသမီးကိုလဲ စာနာသနားမိခဲ့ပါသည်။

တကယ်ဆို ကျွန်မနေ့စဉ် တွေ့နေရတဲ့ ခရီးသည်တွေက ကျွန်မကို သံယောဇဉ်နဲ့ ချစ်ခြင်းတရားတွေအကြောင်း အိမ်ပြန်ချိန်တွေရဲ့ အရေးပါပုံတွေ အကြောင်းကို မရိုးနိုင်အောင် သင်ပေးခဲ့ကြပါသည်။

ပြီးတော့ မိသားစုနဲ့ ချစ်ခြင်းမေတ္တာတွေ အကြောင်း… ကျွန်မတို့ မသိနိုင် မခံစားနိုင်ပေမယ့် အိမ်ပြန်ချိန်ကို စောင့်မျှော်နေသူတွေကို အလေးထား အရေးပေးတတ်ဖို့လိုတဲ့အကြောင်းကိုလဲ သူတို့ဆီက ကျွန်မ သင်ယူခွင့်ရခဲ့ပါသည်။

အခုနောက်ပိုင်းမှာတော့ ခရီးသွားတွေရဲ့ ရင်ထဲကို ဝင်ပြီးခံစားတတ်လာခဲ့သလို သူတို့ မျက်လုံးတွေထဲက အရိပ်တွေကိုလဲ ကောင်းကောင်း ဖတ်တတ်လာခဲ့ပါသည်။ သူတို့ ကျွန်မကို သင်ပေးခဲ့တဲ့ အိမ်ပြန်ချိန်တွေ အရေးပါပုံကိုလဲ ပိုပြီး သိလာတာမို့...

သံယောဇဉ်တွေ ထုတ်ပိုးသယ်ဆောင်ပြီး ခရီးသွားကြသူတွေ ရင်ထဲက သံယောဇဉ် အပိုင်းအစတွေကို ခရီးဆုံးရောက်တဲ့အထိ သယ်သွားနိုင်ဖို့….

ဘယ်လိုနေရာမျိုးမှာမှ လွင့်စင်ပျောက်ပျက်သွားပဲ မိသားစုချစ်ခြင်းမေတ္တာတွေ ခိုင်မြဲစေဖို့……

ဘေးမသီရန်မခ အိမ်ပြန်ချိန်တွေ လှပစေဖို့….
ဆုမွန်ချွေရင်း….

ဒီပို့စ်လေးကတော့ ခရီးသွားများကြားက ခရီးသွားတစ်ဦးအတွက် လက်ဆောင်ပါ…..

သဘာဝနဲ့ အလှတရား



ခုတလော စာမရေးဖြစ်ပေမယ့် အချိန်ရတိုင်း သတင်းတွေလိုက်ဖတ်ဖြစ်ပါတယ်… သူငယ်ချင်းညီညီရဲ့ Travel Myanmar group mail ထဲက မြန်မာပြည်က နောက်ဆုံးရသတင်းတွေကိုတော့ မလွတ်တမ်း ဖတ်ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ တက်လာတဲ့ သတင်းတွေထဲမှာ မြန်မာပြည်က ရာသီဥတုနဲ့ အပူချိန်သတင်းတွေက ရေပန်းစားတဲ့ သတင်းတွေဖြစ်နေသလို အိမ်နီးချင်းနိုင်ငံတွေမှာလဲ အလားတူ အပူချိန်တွေ မြင့်နေတယ်ဆိုတာကိုလဲ သူငယ်ချင်းတွေဆီက ထပ်ပြီးကြားရပါတယ်။

မနေ့က ဖိလစ်ပိုင်က ခွင့်ပြန်လာတဲ့ သူငယ်ချင်းမလေးကို တွေ့ချိန်မှာတော့ မျက်လုံးပြူးထွက်သွားတဲ့အထိ အံ့သြရပြန်ပါတယ်။ သူ့ရဲ့လက်နှစ်ဘက်လုံးမှာ နေလောင်ထားတဲ့ ဒဏ်ရာက အရေခွံတွေ လန်ထွက်နေပြီး မီးလောင်ဒဏ်ရာတစ်ခုလို အတော်လေးကို အရုပ်ဆိုးနေတာကို တွေ့လိုက်ရပါတယ်။ အသားဖြူတဲ့သူမို့ သူ့ရဲ့ လက်ကောက်ဝတ်နေရာက အရေပြားတွေ နီရဲပြီး တစစီဖွာထွက်နေတာဟာ သာမန်နေလောင်ပြီး အသားတွေ မည်းခြောက်သွားတာထက်ဆိုးပါတယ်။ သူသွားခဲ့တဲ့ တစ်ရက်တာ တောင်တက်ခရီး တစ်ခုက အသားအရေတွေ စုတ်ပြတ်သွားတဲ့အထိ အပူဒဏ်ကပြင်းလွန်းတယ်လို့ သူငယ်ချင်းက ငိုမဲ့မဲ့နဲ့ ပြောလာပါတယ်။

အပူချိန် ၃၇-၃၈ ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင်ပဲရှိတဲ့ ကျွန်းနိုင်ငံက ပြန်လာတဲ့သူငယ်ချင်းက အရင်ကထက်စာရင် အခုအရမ်းပူတယ်လို့ ပြောနေတာကို အိန္ဒိယက သူငယ်ချင်းကလဲ ထပ်ပြီး ထောက်ခံပါတယ် ။ သူ့မြို့လေးမှာ အပူချိန်မြင့်နေတာ ၄၀- ၄၁ ဒီဂရီ လောက်ရှိတယ် သူ့ဒေသကလူတွေ ထူးထူးခြားခြား မြင့်တက်လာတဲ့ အပူဒဏ်ကို အလူးအလဲ ခံနေရတယ်လို့ပြောလာပါတယ်။

Travel Myanmar group mail မှာတက်လာတဲ့ သတင်းတွေမှာလဲ အညာဒေသက အပူချိန်က ၄၅ - ၄၆ ဒီဂရီ လောက်အထိ ရောက်တယ်လို့ ပြောလာပါတယ်။ ရန်ကုန်မြို့ရဲ့ အပူချိန်ကိုတော့ ၄၀ ဒီဂရီ ပတ်ဝန်းကျင်က မကျဘူးလို့ သူငယ်ချင်းတွေပြောလို့ သိရပါတယ်။

ဒီနေ့မနက်မှာ ထပ်ဖတ်ရတဲ့ သတင်းနဲ့ တွေ့ရတဲ့ ဓါတ်ပုံကတော့ Travel Myanmar Group ကို မဝင်းမာသိန်းပို့ထားတဲ့ ဒီဓါတ်ပုံလေးတွေနဲ့ “ဘုရားကို ကယ်တော်မူပါ” ဆိုတဲ့ စာတမ်းတိုတိုလေးပါ။ ဓါတ်ပုံလေးထဲမှာ အင်းလေး ဖောင်တော်ဦးဘုရားပတ်ဝန်းကျင်မှာ ရေတွေ ခန်းနေတဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ ရင်ထဲမှာ ဆို့သွားတဲ့ အထိ စိတ်မကောင်းဖြစ်သွားရပါတယ်။


၂၀၁၀ ဧပြီလ မှတ်တမ်း

၂၀၁၀ ဧပြီလ မှတ်တမ်း



၂၀၀၉ ဆောင်းတွင်း မှတ်တမ်း

အဲဒီဓါတ်ပုံတွေကို ကြည့်နေရင်းက မနေ့ကမှ CCTV မှာကြည့်လိုက်ရတဲ့ အမေရိကန်က ရေနံ ယိုစိမ့်မှုကြောင့် ရေထုညစ်ညမ်းစေတဲ့ သတင်းတစ်ပုဒ်နဲ့ တရုတ်ပြည်က ဂျင်းဘောင်းဘီ စက်ရုံတွေက စွန့်ပစ်လိုက်တဲ့ ဂျင်းထည်အစအန တန်ပေါင်းများစွာကြောင့် ဖြစ်ပေါ်နေတဲ့ ရေထုညစ်ညမ်းမှု သတင်းကို မျက်စိထဲမှာ ပြန်မြင်လာမိပြီး မဝင်းမာသိန်းလိုပဲ Oh God လို့ ရေရွတ်မိပါတယ်။

အခုချိန်မှာတော့ ရေမြေတောတောင် သဘာဝအလှတရားတွေက တစတစဆိုးရွားလာတဲ့ ရာသီဥတုရဲ့ဒဏ်တွေကြောင့် ပျက်စီးခြင်းကို ရောက်ရသလို လူသားတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့်လဲ အရုပ်ဆိုး အကျည်းတန်တဲ့အဖြစ်တွေနဲ့ ကြုံနေရပါတယ်။

အင်းလေးကန်ဟာ အခုနောက်ပိုင်းနှစ်တွေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မကြာခဏ ခလုတ်တိုက်ခံနေရတာ ကြာခဲ့ပါပြီ။ ပြီးတော့ ကျွန်မ မကြာမကြာတက်ခဲ့ဘူးတဲ့ အစည်းအဝေးတွေမှာ အင်းလေးကန် ပတ်ဝန်းကျင် ရေထုညစ်ညမ်းမှုက ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်တွေ မကြာမကြာ ကြားခဲ့ရဘူးပါတယ် ။

တစ်ခါတုန်းက ကျွန်မတက်ခဲ့ဘူးတဲ့ Tourism Management သင်တန်းတစ်ခုမှာလဲ အကြောင်းတိုက်ဆိုင်လို့ အင်းလေးဒေသ ရေထုညစ်ညမ်းမှု ထိန်းသိမ်းရေးအတွက် ဘယ်လို လုပ်သင့်တယ်ဆိုတာကို စင်္ကာပူနိုင်ငံသား သင်တန်းနည်းပြ ဆရာနဲ့ ကျွန်မတို့ သင်တန်းသားတွေ သင်တန်းခန်းမထဲမှာ ဆွေးနွေးခဲ့ကြဘူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက အဲဒီစီမံကိန်းတွေနဲ့ လုပ်နိုင်တဲ့ နည်းလမ်းတွေဟာ စာသင်ခန်းထဲမှာပဲ ပျောက်သွားခဲ့တယ်လို့ ခံစားလိုက်ရပါတယ်။

တကယ်တော့ အင်းလေးကန်က ကျွန်မနဲ့ သိပ်မစိမ်းလှပါဘူး မြန်မာပြည်မှာ နေခဲ့စဉ်တုန်းက အလုပ်နဲ့ ပက်သက်နေတာမို့ အင်းလေးကန်ကို မကြာခဏရောက်ခဲ့သလို ရောက်တိုင်းလဲ အင်းလေးကန် ပတ်ဝန်းကျင် အင်းတိမ်ဘုရားတွေကအစ ချောင်ကြိုချောင်ကြားမကျန် သွားခဲ့ဖူးတာမို့ အင်းလေးရဲ့ အလှပျက်မှာ ကျွန်မ အရမ်းစိုးရိမ်ခဲ့ဘူးပါတယ်။

တောင်တန်းပြာပြာကြီးတွေရဲ့ အလယ်မှာ သဘာဝအတိုင်းလှနေတဲ့ အင်းလေးကန်ကြီးကို တစိမ့်စိမ့်ကြည့်ပြီး ပီတိဖြစ်ခဲ့ဘူးပါတယ်။ ရှမ်းတောင်တန်းတွေကြောင် ပိုလှနေတဲ့ အင်းလေးကန်ထဲက မိုးဖွဲဖွဲကျနေတဲ့ ညနေခင်းတစ်ခုကိုလဲ အမြဲတမ်းလွမ်းနေခဲ့ဖူးပါတယ်။

အခုနောက်ပိုင်းမှာတော့ ပြည်တွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အင်းလေးဒေသမှာ ကြိုကြားကြိုကြားက ပေါ်ထွက်လာတဲ့ ဟိုတယ်တွေရဲ့ အရေအတွက်ကသာ သိသိသာသာတိုးတက်လာခဲ့တာကို သတိထားမိခဲ့ပါတယ်။

ဟိုစဉ်ကတည်းက အင်းလေးကန်ရဲ့ ပတ်ဝန်းကျင်မှာ ဟိုတယ်အရေအတွက်တွေ တိုးတက်လာခြင်းအတွက် အင်းလေးကန်ရဲ့ သဘာဝအလှတွေ လျော့သွားပြီလားလို့ တွေးပြီး စိတ်ပူနေခဲ့ပေမယ့် နိုင်ငံတကာနဲ့ ယှဉ်ကြည့်မိတော့ မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် အဲဒီဟိုတယ်တွေက မရှိမဖြစ်လို အပ်ပါတယ်လေလို့ ကောင်းတဲ့ ဘက်က ပြန်တွေးမိပါတယ်။ ဒါပေမယ့်လဲ သဘာဝက ပေးထားတဲ့ လက်ဆောင်လှလှလေးတစ်ခု အကျည်းတန်သွားမှာကိုတော့ စိုးရိမ်နေမိဆဲပါ။

အင်းလေးကန်ပတ်ပတ်လည်မှာ ဟိုတယ်တွေဆောက်လို့ အရင်ကထက် အဆောက်အဦတွေ တိုးတက်လာပါတယ်။ တည်ဆောက်ထားတဲ့ အဆောက်အဦတွေမှာ လူတွေနေထိုင်တဲ့အတွက် မူလရှိရင်းစွဲ လူဦးရေထက် လူနေထိုင်မှုတွေ သိပ်သည်းလာပါတယ်။ ပြီးတော့ လူနဲ့ အဆောက်အဦတွေဆီက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကလဲ အင်းလေးကန်ရဲ့ သဘာဝအလှတရားကို စိုးရိမ်ရေမှတ်ကို ရောက်စေခဲ့ပါတယ်။

အဲဒီအမှိုက်တွေကို Recycle မလုပ်နိုင်သမျှ ဘယ်လိုနေရာမှာ ဘယ်လို စွန့်ပစ်ကြသလဲ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်သွားစေမလဲ ဆိုတာကို တွေးပြီး စိုးရိမ်ခဲ့ဘူးတဲ့ အချိန်တွေလဲ ရှိခဲ့ဘူးပါတယ်။

အလားတူပဲ မြန်မာပြည်က နာမည်ကျော်ကမ်းခြေတွေမှာလဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ စကားလုံးတွေကို တချိန်လုံး ကြားနေခဲ့ရပါတယ်။ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ကမ်းခြေတွေမှာ ဟိုတယ်အရေအတွက်တွေ တစတစ တိုးတက်လာတယ် ဆိုပေမယ့် သဘာဝရဲ့ အလှအပတွေတွေ တစတစ လျော့ကျကုန်မှာကိုတော့ ကျွန်မတို့ မကြာခဏ စိုးရိမ်ခဲ့ဖူးပါတယ်။

ကမ်းခြေမှာ အဆောက်အဦတွေဆောက်ဖို့ သဘာဝ ကျောက်ဆောင်တွေကို မိုင်းနဲ့ခွဲပြီး ဖျက်စီးရတာတွေ သဘာဝကပေးထားတဲ့ လက်ဆောင်တွေကို ပြုပြင်ဖန်တီးပြီး လှသထက်လှအောင် အရောင်ခြယ်ပစ်လိုက်တာတွေအတွက် မြင်တတ်သူ ကြည့်တတ်သူတွေကသာ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။

ခရီးသွားလုပ်ငန်းတိုးတက်လာတာနဲ့အမျှ အဲဒီကမ်းခြေတစ်တွေ တလျှောက်မှာ တိုးတက်လာတဲ့ ဟိုတယ်တွေ လူဦးရေတွေ စီးပွားရေးလုပ်ငန်းတွေကြားထဲမှာ မြေစာပင်ဖြစ်သွားတဲ့ သဘာဝအလှတရားတွေကတော့ နှမြောဖို့ကောင်းလွန်းပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာ မပျက်မစီးသေးတဲ့ ကမ်းခြေအဖြစ် မောင်းမကန် ကမ်းခြေကို သူ့ရဲ့ ပင်ကို အလှအတိုင်း မြင်တွေ့ခဲ့ရတဲ့ အချိန်တုန်းကတော့ အတိုင်းထက်အလွန် စိတ်ချမ်းသာခဲ့ဘူးပါတယ်။

မိုးအကုန်ဆောင်းအကူး မိုးဖွဲဖွဲလေးတွေ ကျနေတဲ့ မနက်ခင်းလေးမှာ ကမ်းခြေရဲ့ တစ်ဦးတည်းသော ဧည့်သည်တော်အဖြစ် ကမ်းခြေရဲ့ အလှအပကို တစ်ယောက်တည်း စိတ်တိုင်းကျ လေ့လာခဲ့ရတာမို့ ကမ်းခြေတလျှောက် မြင်မြင်သမျှ အလှအပတွေကို မျက်စိတစ်ဆုံး ခံစားခွင့်ရခဲ့ပါတယ်။

မောင်းမကန်ကမ်းခြေမှာ ကျွန်မတို့ ဘိုးဘွားတွေ လက်ထက်ကတည်းက ဆောက်ထားခဲ့တဲ့ ယိုင်နဲ့ ဆွေးမြေ့စပြုနေပြီ ဖြစ်တဲ့ ဘန်ဂလိုအို လေးပေါ်တက်ကြည့်ခဲ့တုန်းက အခြားကမ်းခြေတွေက ခေတ်မီဆန်းသစ်တဲ့ ဘန်ဂလို လှလှလေးတွေကို ပြေးမြင်ပြီး ပြုံးခဲ့မိတဲ့ အခိုက်အတန့်လေးကိုလဲ ကျွန်မ မှတ်မိနေခဲ့ပါတယ်။

တကယ်တော့ မောင်းမကန် ကမ်းခြေ သဘာဝအတိုင်းလှနေတယ်ဆိုတာကလဲ အရမ်းကို ရှင်းပါတယ်။ သဘာဝအလှတရားကို ဖျက်စီးမယ့် အဆောက်အဦတွေ လူတွေ စွန့်ပစ် ပစ္စည်းတွေနဲ့ ဝေးနေသေးလို့ပါ။ ကျွန်မက အရာရာကို ခေတ်မျက်စိနဲ့ ကြည့်တတ်ပေမယ့် ဒီနေရာမှာတော့ မောင်းမကန်ဆိုတဲ့ ရွာလေး မဖွံ့ဖြိုးစေချင်ပါ မတိုးတက်စေချင်ပါ။

ခေတ်မီတိုးတက်ခြင်းနဲ့ အတူ ကပ်ပါလာမယ့် သဘာဝအလှကို ဖျက်ဆီးမယ့် အမှိုက်ပေါင်းများစွာ အဲဒီကမ်းခြေလေးကို ရောက်မလာသေးသရွေ့ အဲဒီကမ်းခြေလေးက လှနေမှာသေချာပါတယ်။

အရမ်းလှပတဲ့ ဒီသဘာဝ ကမ်းခြေလေးကို မြန်မာ့ခရီးသွားမြှင့်တင်ရေး အစီအစဉ်တွေမှာ ထည့်သွင်းလို့မရတဲ့ အခြားသော အကြောင်းရင်းတွေ အများကြီးရှိနေခဲ့သလို အဲဒီအကြောင်းအရာတွေအတွက်လဲ ကျွန်မတို့ ကြံဖန်ပြီး ဝမ်းသာနေမိပါတယ်။

ကျွန်မတို့ချစ်တဲ့ သဘာဝကမ်းခြေလေးကို သဘာဝအတိုင်းလေးပဲ အလှကြည့်နေရရင်ပဲ သဘာဝ အလှအပကို မြတ်နိုးတတ်တဲ့သူတိုင်း ကျေနပ်နေမှာသေချာပါတယ်။

ကျွန်မချစ်တဲ့ နိုင်ငံမှာ ခရီးသွားလုပ်ငန်းတိုးတက်လာတာနဲ့အမျှ ခရီးသွားလုပ်ငန်းကို မှီခိုနေတဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ အခြားအခြားသော အခန်းကဏ္ဍတွေပါ တိုးတက်လာမှာ သေချာတာမို့ မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ရင်တထိတ်ထိတ်နဲ့ ဆုတောင်းနေကြတဲ့ သူငယ်ချင်းတွေကြားမှာ ကျွန်မလဲ တစ်ယောက် အပါအဝင်ဖြစ်ခဲ့ဘူးပါတယ်။

ကမ္ဘာ့ခရီးသွားတွေကို ချပြဖို့အတွက် မြန်မာပြည်မှာ ချစ်စရာ သဘာဝအလှအပတွေ မကုန်နိုင်အောင်ရှိနေတဲ့အတွက်လဲ အမြဲဂုဏ်ယူတတ်ခဲ့ပါတယ်။

ဒါပေမယ့် သဘာဝက ပေးထားတဲ့ အလှတရားတည်မြဲဖို့အတွက်ကတော့ ရှိရင်းစွဲအလှအပတွေ မဆုတ်ယုတ် မပျက်ယွင်းအောင် ထိန်းသိမ်းထားတာဟာ လှသထက်လှအောင် ပြုပြင်ဖန်တီးတာထက် ပိုပြီး ထိရောက်နိုင်တယ်လို့လဲ ထင်မိပါတယ်။

ဓါတ်ပုံတွေကိုတော့ Travel Myanmar Group ကိုမဝင်းမာသိန်းပို့လာတဲ့ မေလ်းကနေပဲယူပါတယ်။ ဓါတ်ပုံတွေနဲ့ update သတင်းတွေ အမြဲပို့ပေးနေကြတဲ့ Travel Myanmar Group က မိတ်ဆွေတွေကိုလဲ ကျေးဇူးတင်ပါတယ်။

ဒီလို မြင်မိတယ်...

ကိုဇော် Tag လာတဲ့ အမြင်များဆိုတဲ့ ခေါင်းစဉ်ကို ရေးဖို့ စဉ်းစားကြည့်တော့ …..

လောကကြီးကို ဘောင်ခတ်ပြီး ကြည့်တဲ့သူတွေနဲ့ လောကကြီးကို ပကတိအတိုင်းကြည့်တဲ့သူရဲ့အမြင်တွေ
သူတပါးကို အကောင်းမြင်ဝါဒနဲ့ ကြည့်သူတွေနဲ့ အဆိုးမြင်ဝါဒနဲ့ ကြည့်တတ်သူတွေရဲ့ အမြင်တွေ
အရာရာကို မျက်စိတစ်ဆုံးကြည့်တဲ့သူနဲ့ မျက်တောင်တစ်ဆုံးသာကြည့်တဲ့သူရဲ့ အမြင်တွေ
လူကြီးနဲ့ လူငယ်ရဲ့ အမြင်တွေ
ပြီးတော့ ငြင်းခုန်စရာတွေနဲ့ ပြည့်နေတတ်တဲ့ မတူညီနိုင်တဲ့ အခြားအခြားသော အမြင်တွေ ကျွန်မ ခေါင်းထဲကိုရောက်လာခဲ့ပါတယ်။

ဒါပေမယ့် အရှင်းဆုံး အရိုးဆုံး ပြန်မြင်ကြည့်လိုက်တော့ အကောင်းနဲ့ အဆိုး
သူ့အမြင်နဲ့ ကိုယ့်အမြင် ဆိုတဲ့ အခြေခံအချက်လေးတစ်ခုပဲ ကွဲလွဲနေတာကို ထပ်တွေ့ရပြန်ပါတယ်။

အဲဒီမတူညီနဲ့ အတွေးအမြင် ခံယူချက်တွေကပဲ အမှိုက်ကစတဲ့ မီးတွေ ဖြစ်လာတတ်ပါသေးတယ်။

သေချာတာကတော့ အမြင်မတူ အတွေးမတူ ခံယူချက်မတူခြင်းရဲ့ နောက်ကွယ်မှာ ရှိနေတာက မဆုံးနိုင်တဲ့ စစ်ပွဲတွေ မဆဲနိုင်တဲ့ မျက်ရည်တွေပဲ ဖြစ်နေတတ်ပါတယ်။

သူတပါးကို အကောင်းမြင်ဝါဒနဲ့ ကြည့်သူတွေနဲ့ အဆိုးမြင်ဝါဒနဲ့ ကြည့်တတ်သူတွေရဲ့ အမြင်တွေ
လူတိုင်းသိပြီးသားဖြစ်တဲ့ အရိုးရှင်းဆုံးဥပမာကတော့ ရေတဝက်ဖြည့်ထားတဲ့ ဖန်ခွက်ကို အကောင်းမြင်တတ်တဲ့သူက ရေတဝက်ပြည့်နေတယ်လို့ မြင်သလို အဆိုးမြင်တဲ့သူကတော့ ရေတဝက်လျော့နေတယ်လို့ မြင်တတ်တဲ့ အမြင်လေးပဲဖြစ်ပါတယ်။

ပြီးတော့ အမြင်များဆိုတဲ့ ခေါင်းစဉ်ကို တွေ့တွေ့ခြင်းမှာပဲ ကျွန်မတို့မောင်နှမတွေကို ဖေဖေပြောပြဘူးတဲ့ တရုတ်သံအဖွဲ့အကြောင်း ပါးစပ်ရာဇဝင်လေးကို ထပ်ပြီးသတိရလိုက်မိပါတယ်။

တစ်ခါတုန်းက တရုတ်ပြည်က ချစ်ကြည်ရေး သံအဖွဲ့တစ်ဖွဲ့ မြန်မာပြည်ကို အလည်အပတ်လာတဲ့အချိန်မှာ မြန်မာတွေက ညစာစားပွဲအပြီးမှာ ရှင်မွေးလွန်း မင်းနန္ဒာ ဇာတ်လမ်းနဲ့ ဧည့်ခံဖြေဖျော်ခဲ့ပါတယ်။ ဧည့်သည်တွေကတော့ ဇာတ်လမ်းကို သေသေချာချာမသိပေမယ့် ဧည့်သည်ဆိုတဲ့အတိုင်း အိမ်ရှင်ပြသမျှ ဇာတ်ထုပ်ကို စိတ်ဝင်စားတဲ့ ပုံစံပြပြီး အားနာနာနဲ့ ကြည့်ကြပါတယ်။

ဇာတ်သိမ်းခန်းလေးမှာတော့ ငမိုးရိပ်မိကျောင်းဟာ မင်းနန္ဒာကို ပါးစပ်ထဲမှာငုံထားတာ မေ့လျော့နေခဲ့ပြီး သတိရချိန်ကျမှ ပါးစပ်ဟပြီး မင်းသားလေးကို ကြည့်လိုက်တဲ့အချိန်မှာတော့ မင်းနန္ဒာ မင်းသားလေး အသက်ပျောက်နေတဲ့ ဇာတ်သိမ်းလေးပါ။ အဲဒီအခန်းလေးက တကယ့်ဇာတ်လမ်းအဆုံးကို မရောက်သေးပေမယ့် မင်းသားလေး မိကျောင်းပါးစပ်ထဲမှာ သေနေတာကိုတွေ့တဲ့အချိန်မှာတော့ ချစ်ကြည်ရေးသံအဖွဲ့ဝင်တွေက ဝမ်းသာအားရနဲ့ သူတို့အမြင်ကို ထုတ်ဖော်ပြောပြီး ကောင်းချီးပေးပုံက

“စေ …စေ…ဒီမင်းသား စေတာ နည်းတောင်နည်းသေး… စင်းဘောရှိလယ် စင်းဘော မစီးဘူး စန်မန် ရှိလယ် စန်မန် မစီးဘူး မိကျောင်းစီးတော့ စေမှာပေါ့ “ တဲ့။

သူတို့ခမျာ ဧည့်သည်ပီပီ မြန်မာလိုပြော မြန်မာလိုငို မြန်မာလိုလွမ်းပြသမျှ အောင့်အည်းသည်းခံခဲ့သမျှ ဇာတ်သိမ်းခန်းရောက်တော့မှပဲ သူတို့ရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြောခွင့်ရခဲ့ရှာပါတယ်။

အဲဒီပါးစပ်ရာဇဝင် ပုံပြင်လေးကို ကျွန်မတို့ အိမ်မှာ မကြာခဏကြားရတတ်ပါတယ်။ အဓိကကတော့  မိဘနဲ့ သားသမီးကြား အတွေးအမြင်လွဲတဲ့အခါတိုင်း မိဘစကားနားမထောင်ပဲ စိတ်ထင်ရာလုပ်ပြီး ကျွန်မအကိုတွေ အဆုံးအရှုံးတွေ တွေ့ကြုံတဲ့အချိန်တိုင်းမှာ ဖေဖေက အဲဒီဇာတ်လမ်းကိုပြောပြပြီး သူ့သားတွေကို လှောင်ပြောင်ရီမောလေ့ရှိပါတယ်။

အဲဒီပုံပြင်လေးဆုံးတိုင်းလည်း “မင်းတို့က ရိုးရိုးမကပဲ ယိုးဒယားက ကချင်တဲ့ကောင်တွေ စေ..စေ ..စေတာနည်းတောင်နည်းသေး”လို့ ဟာသနှောပြီး ဖေဖေက သားတွေကိုဆုံးမလေ့ရှိပါတယ်။

မြန်မာမှုမြန်မာ့ဟန် မြန်မာ့ဓလေ့နဲ့ တင်ဆက်တဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ တရုတ်ပြည်က သံအဖွဲ့ကတော့ မြန်မာတွေလို လွန်လွန်ကျူးကျူး ခံစားမပြပဲ ဒီဇာတ်လမ်းလေးအပေါ်မြင်တဲ့ သူတို့ အမြင်ကို အားမနာပဲ ထုတ်ပြတော့ ကျွန်မတို့အတွက် ငိုရခက်ရီရခက် ဖြစ်သလိုမျိုး လူတစ်ယောက်နဲ့ တစ်ယောက်ကြား အတွေးအမြင်မတူလို့ သဘောထားကွဲလွဲကြရင် ဘေးလူတွေအနေနဲ့ ပြုံးရရယ်ရ တတ်ပါတယ်။

လူကြီးနဲ့ လူငယ်ရဲ့ အမြင်တွေ
တကယ်မှာတော့ Generation Gap လို့ ပြောထားသလို မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားမှာ အတွေးအမြင်တွေ မတူညီလို့ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းနေရတဲ့ ကွဲလွဲမှုပေါင်းများစွာ ရှိခဲ့ပါတယ်။

အခုအချိန်မှာတော့ မျိုးဆက်တစ်ခုကိုတောင်စောင့်စရာမလိုပဲ နေ့ချင်းညချင်း အတွေးအမြင်တွေ လွဲသွားလောက်အောင်ကို ခေတ်ကြီးက ပြောင်းလဲတိုးတက်နေပြန်တာမို့ အမြင်မတူတဲ့ Issue တွေကိုသာ ချရေးရမယ်ဆိုရင်တော့ ရေးလို့ ကုန်နိုင်မယ်မထင်ပါဘူး။

အဲဒီလို မိဘနဲ့သားသမီးကြားက မတူညီတဲ့ အမြင်တွေ Generation Gap တွေကြောင့်လဲ မိဘနဲ့ သားသမီးကြားက လောဂရာသန်ကြီးကျကွဲလို့ လျော်လိုက်ရတယ်ဆိုတဲ့ ရီစရာဇာတ်လမ်းတွေဖြစ်လာခဲ့တာဟာ ငြင်းစရာမရှိပါဘူး။

ကျွန်မကိုယ်တိုင်ရဲ့ အတွေးအမြင်ကို ပြန်ကြည့်ရင်လဲ အလားတူပြဿနာလေးတွေ ရှိခဲ့ဘူးတာကို ပြန်သတိထားမိပါတယ်။ ကျွန်မကိုယ်တိုင်က မေမေ့စကားကို တစ်လုံးမကျန်နားထောင်တတ်တဲ့ သမီးလိမ်မာတစ်ယောက် မဟုတ်ခဲ့ပါဘူး။ မေမေနဲ့ ကျွန်မကြားမှာရှိနေခဲ့တဲ့ Generation Gap ကြောင့် ကျွန်မတို့ နှစ်ယောက် မကြာခဏ အငြင်းအခုန်ဖြစ်ရတတ်ပါတယ်။ အထူးသဖြင့် မိန်းကလေးသဘာဝ ဝတ်စားဆင်ယင်မှု အပိုင်းမှာ မေမေနဲ့ ကျွန်မတို့ ညီအစ်မတွေ သိသိသာသာ သဘောထားကွဲလွဲခဲ့ဘူးတဲ့ အချိန်တွေရှိခဲ့ဘူးပါတယ်။

လူကြီးတွေနဲ့ လူငယ်တွေရဲ့ ညှိနှိုင်းလို့မရတဲ့ အမြင်တွေကြောင့် မိဘနဲ့ သားသမီးကြား ဆရာနဲ့ တပည့်တွေကြားမှာ သဘောထား ကွဲလွဲမှုတွေရှိခဲ့ဘူးသလို အခုချိန်ထိလဲ ရှိနေဆဲပါ နောင်လဲ အဲလိုပဲ ကွဲလွဲနေကြအုံးမှာ သေချာနေပါတယ်။

အရာရာကို မျက်စိတစ်ဆုံးကြည့်တဲ့သူနဲ့ မျက်တောင်တစ်ဆုံးသာကြည့်တဲ့သူရဲ့ အမြင်တွေ
အဲဒီလို ကြည့်တတ်မြင်တတ်သူတွေအကြောင်းကိုလဲ ကျွန်မဖေဖေဆီက ပုံတိုပတ်စတွေ မကြာခဏ ကြားခဲ့ဖူးပါတယ်။

အလုပ်ကို ပြီးစလွယ်လုပ်တတ်ကြတဲ့ ကျွန်မရဲ့ အကိုတွေကို “ မင်းတို့ကို အလုပ်လုပ်ခိုင်းရတာ မိဘုရားရဲ့မောင်ကို ခွေးကြည့်ခိုင်းသလိုပဲ” လို့ ဖေဖေပြောလိုက်တာနဲ့ အဲဒီ မိဖုရားရဲ့မောင်နဲ့ ခွေးသားပေါက်လေးတွေရဲ့ အဖြစ်ကို ပြေးမြင်ပြီး ပြုံးရပါတယ်။

နန်းတော်အောက်မှာ ခွေးသားလေးတွေ ပေါက်နေပြီ သွားကြည့်ချေလို့ ဘုရင်က ခိုင်းတော့ မိဖုရားရဲ့မောင်က အပြေးအလွားသွားကြည့်ပြီး ငါးကောင်တိတိပေါက်ပါတယ်လို့ ပြန်လာပြီးလျှောက်ပါတယ်။ သူက အားလုံးပေါင်း ဘယ်နှစ်ကောင်ဆိုတာကိုပဲကြည့်ခဲ့ပြီး အထီးအမ အရောင်အသွေး ခွဲခြားပြီး မကြည့်ခဲ့ပါဘူး ဘုရင်က တစ်ခါမေးတိုင်း တစ်ခါပြေးကြည့်တတ်တဲ့ မိဖုရားရဲ့ မောင်ဟာ မျက်တောင်တစ်ဆုံးသာ ကြည့်တတ်ပြီး မျက်တောင်တစ်ဆုံးသာ မြင်တတ်တဲ့သူမျိုးပါ။

မျက်စိတစ်ဆုံးကြည့်သူ ငယ်ကျွန်ကြီးကတော့ ခွေးတွေကို တစ်ခါတည်းသွားကြည့်ရုံနဲ့ ခွေးငါးကောင်မှာ အထီး နှစ်ကောင် အမသုံးကောင် အမလေးက အနီရောင်နှစ်ကောင် အမဲရောင်တစ်ကောင် အထီးနှစ်ကောင်ကတော့ အဖြူနှစ်ရောင်တွေပါလို့ သေသေချာချာ ကြည့်ခဲ့ပြီး တိတိကျကျ လျှောက်တင်တတ်တဲ့သူမျိုးဖြစ်ပါတယ်။

လောကကြီးကို ဘောင်ခတ်ပြီး ကြည့်တဲ့သူတွေနဲ့ လောကကြီးကို ပကတိအတိုင်းကြည့်တဲ့သူရဲ့အမြင်တွေ
ဆေးရုံတစ်ရုံက အခန်းကျဉ်းလေးတစ်ခုတည်းမှာ ရောဂါ ဝေဒနာပြင်းစွာ ခံစားနေရတဲ့ လူနာနှစ်ယောက်ရှိပြီး သူတို့ နှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်ထောင့်တစ်နေရာမှာတော့ ပြတင်းပေါက်တစ်ပေါက် ရှိနေခဲ့ပါတယ်။
လောကကြီးကို ဘောင်ခတ်ပြီး ကြည့်ချင်သူ လူနာကတော့ ပြတင်းပေါက်ကို ပြတင်းပေါက်လို့ပဲ မြင်ပြီး
ဘယ်တုန်းကမှ ဖွင့်ကြည့်ဖို့ မကြိုးစားခဲ့ပါဘူး။

အခြားလူနာတစ်ယောက်ကတော့ ပြတင်းပေါက်ကိုဖွင့်လိုက်ရင် စိမ်းလန်းတဲ့ မြက်ခင်းပြင်တွေ မျက်စိတဆုံး မြင်နေရမယ့် နီယွန်မီးတိုင်တွေနဲ့ ကစားကွင်းထဲမှာ ကစားနေကြတဲ့ ကလေးငယ်တွေကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ထားသလို အခါအခွင့်သင့်ရင်တော့ အဲဒီပြတင်းပေါက်ကို ဖွင့်ကြည့်ဖို့ အမြဲ စဉ်းစားနေခဲ့ပါတယ်။

သူ့အမြင် ကိုယ့်အမြင်
ဒီနေရာလေးမှာတော့ လူပြောများနေတဲ့ နိုင်ငံခြားရောက် မြန်မာမိန်းကလေးတွေ အပေါ် မြင်ကြတဲ့ လူတွေရဲ့ အမြင်ကို ဝမ်းနည်းစွာနဲ့ ပါးပါးလေး ပြောချင်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို မကြာမကြာ မြင်တွေ့ ခံစားနေရတဲ့ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ အမြင် ကိုပြောခြင်းဖြစ်တာမို့ အခြားသူတွေကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒတော့ မရှိပါဘူး။

မြန်မာမိန်းကလေးတွေ ကောင်းတယ် တော်တယ် ထက်မြက်တယ် ဆိုတဲ့ သတင်းတွေထက် မကောင်းတဲ့ သတင်းတွေကိုသာ မြန်မာသတင်းရပ်ကွက်တွေမှာ မကြာမကြာကြားရတတ်ပါတယ်။

မြန်မာမိန်းကလေးတွေ အကျင့်စာရိတ္တ ပျက်စီးကုန်တယ် ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တယ် ဆိုတာ နိုင်ငံခြားရောက်မှ ဖြစ်ကုန်တယ်လို့ အခိုင်အမာ ပြောလို့မရပါဘူး။ မြန်မာပြည်တွင်းမှာလဲ ပြောရခက်လောက်အောင် ဆိုးရွားနေတဲ့ အဖြစ်တွေ ရှိနေနိုင်ပါသေးတယ်။

လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဗီဇဆိုတာ မွေးရာပါ ဖြစ်လာတာမို့ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ရတယ်ဆိုရင်တောင် ရာနှုန်းပြည့်တော့ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ အရောင်ပြောင်းခြင်းကို ခံလိုက်ရတဲ့ မိန်းကလေးတွေ ရှိနေတာကိုတော့
မငြင်းလိုပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုရောက်နေပေမယ့် ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုကို ကြံ့ကြံ့ခံနိုင်တဲ့ အမျိုးကောင်းသမီးလေးတွေ အများကြီး ရှိနေပါတယ်။.... ရာနှုန်းပြည့်နီးပါး ရှိနေပါတယ်။ အများသူငါတွေ ပြောနေကြသလို မဆိုးရွားကြပါဘူး။

အချို့အချို့သော မိန်းကလေးများရဲ့ လွတ်လပ်မှုကို အလွဲသုံးစားလုပ်မှုတွေကြောင့်သာ မိန်းမကောင်းလေးတွေအားလုံး အထင်အမြင်လွဲခံရတာကတော့ ဝမ်းနည်းစရာကောင်းပါတယ်။

ဆွမ်းဆန်ထဲမှာ ကြွက်ချေးတွေရောနေခဲ့တယ်.... ငါးခုံးမက တစ်ကောင်တည်း ပုတ်ခဲ့တာပါ... တလှေလုံးတော့ မပုတ်ခဲ့ပါလို့ ပြောင်းလဲပြီး မြင်ပေးနိုင်ကြရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်မိပါတယ်။

လောကကြီးမှာ အကောင်းနဲ့ အဆိုးဟာ အမြဲဒွန်တွဲနေတာမို့ တကယ်လို့ ပြောစရာ ဖြစ်လောက်အောင်များ ဆိုးရွားနေတာကို တွေ့ခဲ့ရင်တောင်....

ဖန်ခွက်ထဲက ရေလို တစ်ဝက်ပြည့်နေတယ်လို့ မြင်ပေးဖို့ မပြောဝံ့ပါဘူး...

ဒါပေမယ့် မိဖုးရားမောင် ခွေးကြည့်သလို မျက်တောင်တစ်ဆုံးမကြည့်ပဲ
ငယ်ကျွန်ကြီးလို မျက်စိတစ်ဆုံးထိ ကြည့်ပြီးမှသာ ဝေဖန်ကြည့်ပါလို့ ......

အခြားအခြားသော မတူညီနိုင်တဲ့ အမြင်တွေကတော့ ပြောရင်ဆုံးနိုင်မယ်မထင်ပါဘူး။ ဒီလောက်ဆိုရင်တော့ ကိုဇော် ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်။

အခုလို သတိတရတဲ့ Tag တဲ့အတွက် စိတ်ရှည်လက်ရှည် စောင့်တဲ့အတွက်လဲ ကိုဇော့်ကို ကျေးဇူးတင်ပါတယ်။

လေ့လာမှတ်သားစရာ အာရပ်ရိုးရာ

ကမ္ဘာပေါ်မှာရှိတဲ့ အာရပ်တိုင်းပြည် ၂၂ နိုင်ငံထဲမှာ အပါအဝင်ဖြစ်တဲ့ ယူအေအီးနိုင်ငံရဲ့ ဓလေ့ထုံးစံတွေ လူနေမှု စရိုက်နဲ့ ယဉ်ကျေးမှုတွေကို လေ့လာ မှတ်သားရသလောက် စာဖတ်သူတွေကို ပြန်လည် မျှဝေလိုက်ပါတယ်။

အာရပ်ကမ္ဘာလို့ခေါ်တဲ့ အာရပ်လူမျိုးများနေထိုင်တဲ့ တိုင်းပြည်တွေမှာ ဘာသာတရား ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာတွေမှာ အခြေခံအားဖြင့် တူကြပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ မတူညီတဲ့ အချက်လေးတွေကိုလဲ တွေ့ရပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စုလို့ခေါ်တဲ့ ယူအေအီးနိုင်ငံမှာကတော့ အာရပ်ဘာသာစကားကို ရုံးသုံးဘာသာစကား (Official Language) အဖြစ်သတ်မှတ်ထားပါတယ်။ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကတော့ အစ္စလာမ်ဘာသာဖြစ်ပါတယ်။

အာရပ်အမျိုးသားတွေရဲ့ အချင်းချင်း နှုတ်ဆက်ပုံလေးကလဲ အခြားနိုင်ငံတွေနဲ့မတူပဲ တမူထူးခြားပါတယ်။ တစ်ဦးနဲ့တစ်ဦးတွေ့တဲ့ အချိန်မှာ နှာခေါင်းထိပ်ဖျားချင်းထိရုံ နမ်းပြီး နှုတ်ဆက်လေ့ရှိပါသည်။




အာရပ်အမျိုးသမီးတွေကတော့ အချင်းချင်း ပါးချင်းအပ်ပြီး အနမ်းနဲ့ နှုတ်ဆက်လေ့ရှိပါတယ်။ ဘာသာရေးနဲ့ပက်သက်တဲ့ ပွဲလမ်းသဘင်တွေရှိရင်တော့ အာရပ် အမျိုးသမီးတွေက လက်ဖမိုးနဲ့ လက်ဝါးပြင်တွေမှာ ဟာန ( Hana Painting) ရေးဆွဲလေ့ရှိပါတယ်။




အာရပ်တွေရဲ့ နေထိုင်မှုဓလေ့ကို လေ့လာမယ်ဆိုရင် စွန်ပလွန်ပင်ရဲ့ အခက်အလက်တွေနဲ့ ဆောက်ထားတဲ့ ရှေးခေတ်အာရပ်တွေရဲ့ နေအိမ်( Al Kaimah) ကို ပင်လယ်ကွေ့ဒေသမှာ အများဆုံးတွေ့ရပါတယ်။ (Al Kaimah ) လို့ခေါ်တဲ့ အိမ်လေးတွေရဲ့ ထူးခြားချက်ကတော့ နွေရာသီမှာ အေးမြစေပြီး ဆောင်းရာသီမှာတော့ နွေးထွေးမှုကိုပေးပါတယ်။

Al Atish လို့ခေါ်တဲ့ နွေရာသီအိမ်လေးကိုတော့ အခုလိုတွေ့ရပါတယ်။



အိမ်တိုင်းရဲ့ ညာဘက်ထောင့်တည့်တည့်မှာတော့ မျှော်စင်ပုံသဏ္ဍန် လေဝင်ပေါက်တွေကို တွေ့ရပါတယ်။ အဲဒီ wind tower ကိုတော့ လေအေးပေးစက်တွေ မပေါ်သေးတဲ့အချိန်တွေမှာ ပြင်းထန်လှတဲ့ ကန္တာရရဲ့ အပူဒဏ်ကိုကာကွယ်ဖို့ အတွက် လေအေးတွေရဖို့ စီမံဆောက်လုပ်ထားခဲ့ပါတယ်။



လေဝင်ပေါက်တွေကို ( Wind Tower) လို့ခေါ်ပြီး အရပ်လေးမျက်နှာက လေတွေဝင်လာစေဖို့ လေဝင်ပေါက်တွေကို လေးဘက်ဖွင့် ပြီးဆောက်ထားပါတယ်။ ဝင်လာတဲ့လေတွေဟာ စနစ်တကျ ပြုလုပ်ထားတဲ့ ဂုံနီအိတ်နဲ့ ပုံစံတူတဲ့ ဆန်ကာပေါက်တွေကိုဖြတ်သန်းပြီး အိမ်ထဲကို ဝင်သွားပါတယ်။ wind tower ကနေဝင်လာတဲ့ လေတွေဟာ အိမ်ရဲ့အောက်ခြေကိုရောက်တဲ့ အချိန်မှာတော့ Air Cooler နဲ့အလားသဏ္ဍန်တူစွာပဲ အေးမြတဲ့လေအဖြစ်ကို ကူးပြောင်းသွားပါတယ်။


အာရပ်တိုင်းပြည်ရဲ့ လက်ဖက်ရည်ကလဲ အာရပ်ကမ္ဘာက အမွေအနှစ်တစ်ခုဖြစ်ပါတယ်။ အာရပ်အိမ်တွေကို အလည်အပတ်သွားမယ်ဆိုရင်တော့ အာရပ်လက်ဖက်ရည်ကို စွံပလွံ့သီးနဲ့တွဲပြီး ဧည့်ခံလေ့ရှိပါတယ်။ လက်ဖက်ရည် တည်ခင်းပုံကလဲ အများနဲ့မတူ တမူထူးခြားနေပါတယ်။




လက်ဖက်ရည် ပုဂံလုံးလေးထဲကို လက်ဖက်ရည်ကို သုံးပုံတစ်ပုံလောက်ပဲထည့်ပေးပြီး ဧည့်သည်ကို တည်ခင်းဧည့်ခံလေ့ရှိပါတယ်။ ပန်းကန်းလုံးလေးထဲကို လက်ဖက်ရည် အပြည့်ထည့်ပေးမယ်ဆိုရင် ဧည့်သည်က လက်ဖက်ရည်ကုန်တာနဲ့ နှုတ်ဆက်ပြီး ထပြန်မှာသေချာပါတယ်။ ဒါ့ကြောင့် လက်ဖက်ရည်ကို နည်းနည်းချင်းထည့်ပေးပြီး ထပ်ကာထပ်ကာ ထည့်ပေးခြင်းဖြင့် အချိန်ကြာကြာ စကားစမြည်ပြောလို့ရအောင် ဧည့်ဝတ်ပြုခြင်းဖြစ်ပါတယ်။

စွံ့ပလွန်သီးကိုတော့ လက်ဖက်ရည်နဲ့ အတူတွဲပြီးဧည့်ခံလေ့ရှိပါတယ်။ စွံ့ပလွံ့သီးမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေက ကျန်းမာရေးကို အထောက်အကူပြုတာမို့ မနက်စောစောမှာ လူတစ်ယောက်ဟာ စွံ့ပလွန်သီး ခုနစ်လုံးစားပြီး ရေတစ်ခွက် သောက်ထားရုံနဲ့ တနေ့တာလုံး ဘာမှစားစရာ မလိုပဲ အလုပ်လုပ်နိုင်အောင် လုံလောက်တဲ့ခွန်အားကို ပေးတယ်လို့ အာရပ်လူမျိုးတွေက ပြောလေ့ရှိပါတယ်။

ဒါ့ကြောင့် အာရပ်ရိုးရာအိမ်တွေကိုသွားလည်မယ်ဆိုရင်တော့ အာရပ်ရိုးရာ လက်ဖက်ရည်နဲ့ စွံပလွန်သီးကို အတူတွဲပြီး ဧည့်ဝတ်ပြုလေ့ရှိကြပါတယ်။ အညာဒေသက မြန်မာများအိမ်မှာ ရေနွေးကြမ်းနဲ့ ထညက်ခဲ အမြဲမပြတ်သလို အာရပ်အိမ်တွေမှာလဲ စွံပလွန်သီးနဲ့ အာရပ်ရေနွေးကြမ်းကို တွဲလျှက်တွေ့ရတတ်ပါတယ်။



(Majlis) လို့ခေါ်တဲ့ အာရပ်ရိုးရာ ဧည့်ခန်းဆောင်မှာတော့ ကြမ်းခင်းပေါ်မှာ ဆိုဖာ ထိုင်ဖုံတွေ ချထားလေ့ရှိပါတယ်။ အရောင်ကတော့ အနီရောင်နဲ့ အနက်ရောင်စပ်ထားတဲ့ ထိုင်ဖုံတွေ ကော်ဇောတွေကို သုံးလေ့ရှိပါတယ်။ ခေတ်မီတဲ့ ဆိုဖာဆက်တီတွေကို အိမ်ထောင်ပရိဘောဂတွေ အနေနဲ့ သုံးနေကြသလို ရိုးရာဓလေ့ဖြစ်တဲ့ Majlis လို့ခေါ်တဲ့ ကြမ်းခင်းပေါ်က ထိုင်ဖုံတွေကို အခုချိန်ထိ အိမ်တိုင်း ရုံးတိုင်း နေရာတိုင်းမှာ မှာ တွေ့ရတတ်ပါတယ်။




ရှေးခေတ် အာရပ်ပြည်မှာတော့ သယ်ယူပို့ဆောင်ရေးအတွက် ကုလားအုပ်ကို သုံးခဲ့ကြပါတယ်။ ခေတ်မီမြို့တော် ဖြစ်လာပြီး ကုလားအုပ်ကို သုံးဖို့ မလိုအပ်တော့တဲ့ အချိန်တွေမှာတောင်မှ ခေတ်ပေါ်ကားမျိုးစုံနဲ့ အပြိုင် ကုလားအုပ်တွေကို အိမ်မှာ မွေးမြူထားဆဲဖြစ်တဲ့ အာရပ်လူမျိုးများကို လေးစားစရာ တွေ့နေရဆဲပါ။

ကုလားအုပ်တွေကို တန်ဘိုးထား ထိန်းသိမ်းခဲ့ကြသလို အဲဒီ ရိုးရာ အစဉ်အလာတွေကို ထိန်းသိမ်းဖို့အတွက် နှစ်စဉ်နှစ်တိုင်း ကုလားအုပ်အလှပြိုင်ပွဲ (Camel Beauty Contest) ကိုလဲ ကျင်းပလေ့ရှိပါသည်။

အဲဒီပြိုင်ပွဲတွေမှာတော့ ဆုရရှိတဲ့ ကုလားအုပ်တွေကို ဒူဘိုင်းငွေ ဒါဟန်း သန်းလေးဆယ် (အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်) ပမာဏရှိတဲ့ ဆုကြေးငွေကို ရက်ရက်ရောရော ချီးမြင့်လေ့ရှိပါတယ်။
အာရပ်ရိုးရာဓလေ့တွေထဲမှာ သိမ်းငှက်( Falcon) ကလဲ အခန်းကဏ္ဍတစ်နေရာကနေ ပါဝင်ပါတယ်။ အဲဒီသိမ်းငှက်တွေကို ရှေးခေတ်အာရပ်ပြည်မှာ အမဲလိုက်ဖို့ အသုံးပြုကြသလို အခုနောက်ပိုင်းခေတ်မှာတော့ Faconry လို့ခေါ်တဲ အင်မတန်အဖိုးတန်လှတဲ့ အာရပ်ရိုးရာ အားကစားအနေနဲ့  သိမ်းငှက်တွေကို ပြန်မြင်ရပါတယ်။





သိမ်းငှက်တွေနဲ့ အမဲလိုက်တဲ့ ရာသီတွေကတော့ ဆောင်းရာသီနဲ့ နွေဦးပေါက်ရာသီတွေဖြစ်ပါတယ်။ ဆောင်းရာသီနဲ့ နွေဦးရာသီတွေမှာ တူရကီ ရုရှားနဲ့ ဆီးရီးယား နိုင်ငံတွေကနေ ဆောင်းခိုလာကြတဲ့ သိမ်းငှက်တွေကို ယူအေအီးမှာ အများဆုံးတွေ့ရပါတယ်။

အရှေ့အလယ်ပိုင်းဒေသတွေမှာ သိမ်းငှက်တွေကို ယဉ်ပါးအောင် နည်းပြ တွေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားပေးတဲ့ Falcon Camp တွေရှိသလို သိမ်းငှက်တွေအနားယူ အပန်းဖြေရင်း ဆေးကုသမှုခံယူဖို့အတွက်လဲ ဆေးရုံတွေ သီးသန့်ထားရှိတာကို စိတ်ဝင်စားစရာ တွေ့ရတတ်ပါတယ်။

သိမ်းငှက်တွေနဲ့ အမဲလိုက်ပုံလိုက်နည်းကတော့ အမဲမလိုက်မီမှာ လေးထောင့်စပ်စပ် ရာဘာစလေးတွေနဲ့ သိမ်းငှက်တွေရဲ့ မျက်လုံးတွေကို ဖုံးအုပ်ပေးထားကြပြီး အမဲလိုက်ချိန်ကျမှ မျက်လုံးကိုပိတ်ထားတဲ့ ရာဘာစတွေကို ဖြေပေးပြီး အမဲလိုက်ခိုင်းလေ့ရှိပါတယ်။ သိမ်းငှက်တွေရဲ့ အဓိက သားကောင်တွေကတော့ တောယုန် တွေနဲ့ အခြားငှက်အမျိုးမျိုးပဲဖြစ်ပါတယ်။

သိမ်းငှက်တွေရဲ့ အရှင်သခင်များက မိမိတို့ပိုင်ဆိုင်တဲ့ သိမ်းငှက်တစ်ကောင်ချင်းစီကို ခွဲခြားပြီး သိနိုင်စေဖို့အတွက်တော့ သူတို့ရဲ့ ခြေထောက်လေးတွေမှာ ကွင်းလေးတွေ တပ်ပေးထားကြသလို microchip လေးတွေကိုလဲ ငှက်တွေရဲ့ အရေပြားအောက်မှာ ထည့်သွင်းထားလေ့ရှိပါတယ်။

သိမ်းငှက်နဲ့ အမဲလိုက်တဲ့သူဟာ အခြားအမဲလိုက်ဖော်တွေနဲ့အတူ မြင်းပေါ်မှာ စီးနင်းလိုက်ပါနေရင်း ကောင်းကင်မှာ ဝဲပျံနေတဲ့ သိမ်းငှက်က သူ့ရဲ့ လက်ပေါ်ကို လာရောက်ခိုနားနေတဲ့ ပုံရိပ်ဟာ သူ့အတွက် အလွန်တရာသြဇာအာဏာရှိစေတဲ့ အသွင်ကို ဆောင်စေပါတယ်။

မကြာမီမှာ ထွက်မယ့် ဒူဘိုင်း ရွှေရောင်စဉ် အမှတ် ( ၃) အတွက် ရေးထားတဲ့ ဆောင်းပါးလေးဖြစ်ပါတယ်။

သံသယ

ဖြစ်စဉ် (၁)
အချိန်အတော်ကြာ အဆက်အသွယ်ပြတ်နေတဲ့သူငယ်ချင်းတစ်ယောက် အွန်လိုင်းမှာရှိလေမလားဆိုတဲ့ အတွေးနဲ့ မီးမှိတ်နေတဲ့ သူ့ရဲ့ နစ်လေးကို “ဟဲလို” လို့လှမ်းပြီးနှုတ်ဆက်လိုက်မိပါသည်။ နောက်ထပ်နာရီဝက် ကျော်ကျော်လောက်နေမှ သူ့ဆီက ဟဲလိုဆိုတဲ့ တုန့်ပြန်မှုကိုပြန်ရလိုက်တာမို့ ကိုယ့်ကို blocked လုပ်ထားခဲ့တာပဲဆိုတဲ့ သံသယတစ်ခုကြောင့် စိတ်မကောင်းခြင်းကြီးစွာနဲ့ သူနဲ့ပြောထားတဲ့ မက်ဆေ့တွေအားလုံးကို delete လုပ်ပစ်ပြီး အဲဒီနေ့က သူရဲ့ အကောင့်တွေအားလုံးကိုပါ blocked လုပ်လိုက်မိပါသည်။

သူကိုယ့်ကို စပြီး blocked လုပ်ထားတယ်ဆိုတာ သေချာနေတာမို့ စိတ်လိုက်မာန်ပါနဲ့ သူ့ကို blocked ပြန်လုပ်မိတဲ့အပေါ်မှာ နောင်တမရခဲ့ပါ။ သံသယတစ်ခုထက်ပိုနေတဲ့ သေချာမှုတစ်ခုကြောင့် သူ့ရဲ့ အကောင့်တွေကို ဘလော့လုပ်ပစ်ပြီး နောက်သုံးပတ်လောက်အကြာမှာတော့ ကျွန်မရဲ့ အခြားအကောင့်တစ်ခုမှာ ဟဲလို ဆိုတဲ့ သူ့နှုတ်ဆက်သံကို လက်ခံရရှိလိုက်ပါသည်။ ကျွန်မအသုံးနည်းတဲ့ အဲဒီနစ်လေးမှာသူ့ကို ဘလော့လုပ်ဖို့မေ့လျော့သွားခဲ့တာမို့ သူ့ရဲ့ ဟဲလိုကို ကျွန်မပြန်ရလိုက်ခြင်းဖြစ်ပါသည်။ ချက်ချင်းပြန်နှုတ်ဆက်ဖို့ ကြောင်အနေခဲ့တာမို့ ပြန်ထူးသင့်မထူးသင့်စဉ်းစားပြီး အချိန်အနည်းငယ်ကြာမှသူ့ကိုပြန်ပြီး နှုတ်ဆက်ဖြစ်လိုက်ပါသည်။

သူ့ကို လွန်ခဲ့တဲ့ ရက်တွေတုန်းက သံသယ အကြီးကြီးဖြစ်ခဲ့တာမို့ အခုချိန်မှာသူနဲ့ ပြန်ပြီး စကားပြောရခြင်းအပေါ်မှာ စိတ်လက်မကြည်မသာရှိလှပါသည်။ အခုချိန်အထိလည်း သံသယစွက်နေတဲ့ တဖတ်သတ်အမြင်တစ်ခုနဲ့ သူ့အပေါ် အကောင်းပြန်မြင်ကြည့်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်နိုင်သေးပါ။ သံသယတွေ လွမ်းမိုးနေဆဲကာလမို့ သူ့ကို ပြန်ပြောမိတဲ့ ကျွန်မရဲ့ စကားလုံးတွေက မချောမွေ့နိုင်သေးပါ။

သူ့ကိုယ့်ကို တကယ်ပဲ blocked လုပ်ခဲ့တာလားဆိုတဲ့ သံသယတစ်ခုကို ကျွန်မရဲ့ ခေါင်းထဲက ဖယ်ထုတ်ပစ်လို့မရနိုင်သေးပါ။ ဒါပေမယ့် ယဉ်ကျေးမှုအရ နင်ငါ့ကိုများ ဘလော့လုပ်ခဲ့သေးလားလို့လဲ သူ့ကို မေးခွန်းမထုတ်ဖြစ်ခဲ့ပါ။ မေးခွန်းထုတ်မိမယ်ဆိုရင်တော့ ကျွန်မလိုချင်တဲ့ အဖြေတစ်ခုကိုရနိုင်မယ်ဆိုတာ သေချာနေပေမယ့် ယဉ်ကျေးမှုအရ လူ့ကျင့်ဝတ်အရ မမေးသင့်တဲ့ မေးခွန်းတစ်ခုလို့ ခံယူပြီး ကျွန်မရဲ့ သံသယကို ချေဖျက်ပစ်ဖို့ မကြိုးစားခဲ့ပါ။

သံသယ အတွေးတိုင်းဟာ လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတာ သေချာလှပါသည်…..
သံသယဆိုတာ လူတွေကို တမြေ့မြေ့နဲ့ ပူလောင်စေတဲ့ မီးတောက်လေးတစ်ခုလဲ ဖြစ်ပါသည်…
ပြီးတော့ သံသယတစ်ခုရဲ့ နောက်ကွယ်မှာ ဘေးထွက်ဆိုးကျိုးတွေပဲ ရှိနေတတ်တာများပါသည်…
လောကကြီးမှာ သံသယတစ်ခုကို အချိန်မီ ချေဖျက်ဖို့ ကြိုးစားတတ်ကြတဲ့သူတွေရှိသလို မလိုလားအပ်တဲ့ မာနတွေထားပြီး သံသယတွေကို ရင်ထဲမှာ တယုတယ သိမ်းထားတတ်တဲ့သူတွေလည်းရှိပါသည်…

အဲဒီ သံသယတစ်ခုနဲ့ပက်သက်ပြီး ကျွန်မကတော့ သံသယကို တယုတယ မွေးမြူတတ်သူ ဒုတိယ လူတွေထဲမှာ ပါဝင်ခဲ့ပါသည်။

ဖြစ်စဉ် (၂)

တစ်ခါတုန်းက ခေါင်းလျှော်ရေချိုးပြီးစ မခြောက်သေးတဲ့ဆံပင်တွေကို ရေခြောက်အောင်သုတ်ရင်း ခြံထဲက ဒါန်းပေါ်မှာ ထိုင်ဆော့နေတဲ့ သားငယ်ဘေးမှာသွားထိုင်မိတော့ သားငယ်က ကျွန်မရဲ့ ဆံပင်တွေကို ခပ်ဖွဖွလေးကိုင်ဆော့နေခဲ့ပါသည်။

သားက သူ့အနားကပ်သွားတဲ့သူတွေရဲ့ ဆံပင်တွေကို လိုက်ကိုင်တတ်သလို နားရွက်ကိုလဲ မလွတ်တမ်းကိုင်ထားတဲ့ အကျင့်လေးရှိနေတာမို့ ကျွန်မရဲ့ ဆံပင်တွေကိုဖွနေတာကို ရုတ်တရက် မတားမိလိုက်ပါ။ ရင်ခွင်ထဲဝင်လာပြီး ချွဲနေတဲ့သားငယ်ကို ပွေ့ထားရင်း မသိသလိုနေလိုက်မိပါသည်။

ဒါပေမယ့် သားငယ်နဲ့ စကားတွေပြောနေရင်း ဆံပင်တွေလာဖွနေတဲ့ သားငယ်ရဲ့လက်တွေ ညစ်ပတ်နေမလားမသိဆိုတဲ့ အတွေးဝင်လာချိန်မှာတော့ ရုတ်တရက် သူ့လက်ကို ဆွဲဖယ်ရင်း “တီတီ့ဆံပင်တွေ မကိုင်ရဘူးနော်”လို့ ခပ်ဖွဖွလေးတားလိုက်မိပါသည်။ ကျွန်မရေမချိုးခင်ကတည်းက ဒါန်းပေါ်မှာ ထိုင်ဆော့နေတဲ့ သားကိုလက်ဆေးပေးဖို့ ကျွန်မ မေ့လျော့နေခဲ့ပါသည်။ ဒါန်းကိုကိုင်ပြီး ဆော့ကစားနေခဲ့တာမို့ သားရဲ့လက်တွေက ညစ်ပတ်နေမှာသေချာပါသည်။

အင်မတန်အသန့်ကြိုက်တဲ့ ကျွန်မက ခေါင်းလျှော်ပြီးစဆံပင်တွေ မခြောက်ခင်မှာ ပြန်ညစ်ပတ်ကုန်မှာစိုးရိမ်သွားမိပေမယ့် ကျွန်မစိတ်ကို နားမလည်နိုင်သေးတဲ့ ကလေးတစ်ယောက်ကို နားလည်အောင်ရှင်းပြဖို့ စကားလုံးတွေ စဉ်းစားရွေးချယ်နေမိပါသည်။ သားနားလည်နိုင်မယ့် စကားလုံးတွေကြိုးစားရှာဖွနေဆဲမှာပဲ သားငယ်က သူ့ရဲ့ လက်ကို ဖယ်ရုပ်ရင်းက ကျွန်မကို သေသေချာချာစိုက်ကြည့်ပြီး “တီတီ့ဆံပင်တွေက dirty နေလို့လား”လို့ အလန့်တကြားပြန်မေးလာတဲ့ မေးခွန်းကိုကြားမှ ကိုယ့်ရဲ့သံသယက သုံးနှစ်အရွယ်ကလေးဆီကိုပါ ကူးစက်သွားတာကို သတိထားလိုက်မိပါသည်။

ညစ်ပတ်တဲ့အရာတွေမကိုင်ရဘူး မဆော့ရဘူးဆိုတဲ့ ကျွန်မရဲ့ ဆုံးမစကားကို ကလေးက စွဲစွဲမြဲမြဲမှတ်သားနာယူခဲ့ပါသည်။ အချိန်တိုင်းမှာ သတိရှိနေခဲ့ပါသည်။
ဒီတစ်ကြိမ်မှာတော့ ကျွန်မထက်ပိုပြီး သည်းသည်းလှုပ်ပြနေတဲ့ သားငယ်ကို သဘောကျမိတာမို့ အသံထွက်အောင်ပဲ ရယ်မောလိုက်မိပါသည်။

အဲဒီညနေခင်းလေးမှာတော့ သူ့လက်ညစ်ပတ်နေမလားဆိုတဲ့ ကိုယ့်ရဲ့သံသယအတွေး ပါးပါးလေးက ကိုယ့်ရဲ့ ဆံပင်တွေညစ်ပတ်နေလို့ မကိုင်ခိုင်းတာလားဆိုတဲ့ သူ့ရဲ့ သံသယမေးခွန်းအောက်မှာ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါသည်။

သံသယဆိုတာ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ သုံးနှစ်အရွယ်ကလေးလေးကိုတောင် ခြောက်လှန့်တတ်တဲ့ မိစ္ဆာဆိုးတစ်ကောင်လဲ ဖြစ်ခဲ့ပါသည်။


ဖြစ်စဉ်(၃)

မင်္ဂလာဆောင်ပြီးပြန်လာတဲ့ သူငယ်ချင်းရဲ့ မင်္ဂလာမှတ်တမ်းကို ကြည့်ဖို့ စီဒီခွေကို ထည့်ပြီး အချိန်အတော်ကြာစောင့်ကြည့်တဲ့အထိ ကွန်ပြူတာမျက်နှာပြင်ပေါ်မှာ ရုပ်ပုံတွေပေါ်မလာခဲ့ပါ။ စီဒီကို ထုတ်လိုက်သွင်းလိုက်လုပ်ပြီး ထပ်ကြိုးစားကြည့်ပါသည်။ မထူးခြားလှပါ။ စီဒီကို ထုတ်ပြီး CD Cleaner နဲ့တိုက်ပါသည် ပြန်ဖွင့်ကြည့်ပါသည်။ ဘာမှမထူးခြားပါ။ ကျွန်မရဲ့ ကွန်ပြူတာက ဒီစီဒီကို မဖတ်တာသေချာသွားပါသည်။

အရင်ကရော စီဒီတွေဖွင့်ဘူးသလားလို့ပြန်စဉ်းစားတော့ နှစ်နှစ်အတွင်းမှာ “နိုး “ဆိုတဲ့အဖြေပဲထွက်ပါသည်။ စီဒီချပ်ထည့်တဲ့ slot လေးကိုဖွင့်ပြီး ကွန်ပြူတာသန့်ရှင်းရေးလုပ်တဲ့ vaccume cleaner သေးသေးလေးနဲ့ ဖုန်တွေကို ရှင်းကြည့်ပါသည်။
တစ်ပတ်တစ်ခါပုံမှန်သန့်ရှင်းရေးလုပ်နေတဲ့ ကွန်ပြူတာမို့ LCD, Keyboard ကစလို့ ဒီကွန်ပြူတာလေးရဲ့ အတွင်းအပြင် ဖုန်တက်နေမှာကိုတော့ စိတ်ပူစရာမလိုပါ။ အခုလောလောဆယ်ပူနေရတာက စီဒီမဖတ်တဲ့ပြဿနာ။

အချိန်အတော်ကြာမေ့ထားတဲ့ သံသယတစ်ခုကို ကောက်ကာငင်ကာ ပြန်ပြီးသတိရလာမိပါသည်။ သေချာပါသည် Display လုပ်ထားတဲ့ ကွန်ပြူတာကိုမှ ရွေးဝယ်မိတဲ့ ပြဿနာပဲ ဖြစ်နိုင်ပါသည်။ ဒီကွန်ပြူတာကို စပြီး Launching လုပ်တဲ့ အချိန်မှာ Market ထဲမှာ နောက်ဆုံးလက်ကျန်မရှိ ရွေးစရာလုံးဝမရှိတာမို့ဆိုင်မှာ Display လုပ်ထားတဲ့ ဒီစက်လေးကိုပဲ သံသယတွေ တပိုက်ကြီးနဲ့ ဝယ်လာမိတဲ့ ပြဿနာ။

ဆိုင်မှာ သုံးပတ်နီးနီး Display လုပ်ထားတဲ့ ကွန်ပြူတာကိုမှဝယ်မိတာမို့ သူငယ်ချင်းတွေက သတိပေးကြပေမယ့် ကိုယ့်သဘောကိုယ်ဆောင်ပြီး လုပ်ချင်ရာလုပ်ခဲ့တဲ့ကိစ္စအတွက် အမှားလို့တော့ မသတ်မှတ်ချင်ခဲ့ပါ။ ဒါပေမယ့် ဒီကွန်ပြူတာအတွက် မကြာခဏ စိတ်အနှောင့်အယှက်ဖြစ်ရတိုင်း ဒီသံသယကို ကိုယ့်အမှားလို့ ခေါင်းစဉ်တပ်ပေးမိတာကိုတော့ သူငယ်ချင်းတွေ သိအောင်မပြောဖြစ်ခဲ့ပါ။

Display ဆိုတဲ့ သံသယတစ်ခုအတွက် ကွန်ပြူတာကို ကိုင်ပေါက်ချင်လောက်အောင် မုန်းခဲ့ဘူးတဲ့ အချိန်တစ်ခုကလဲ မှတ်မှတ်ရရ ရှိခဲ့ဘူးပါသည်။

Display ကွန်ပြူတာရဲ့ ဖြစ်စဉ်ကတော့ ကွန်ပြူတာဝယ်ပြီး နှစ်လအတွင်းမှာ service center ကို သုံးကြိမ်တိတိရောက်ခဲ့ပါသည်။ ဖြစ်တဲ့ပြဿနာကို ဘာရယ်လို့ ခေါင်းစဉ်မတပ်ပေးခဲ့ပေမယ့် သုံးကြိမ်အတွင်းမှာ service center က အထူးဝန်ဆောင်မှုအနေနဲ့ Heard Disc အသစ်ပြန်လဲပေးခဲ့ပါသည် LCDလဲ အသစ်ပြန်လဲပေးပါသည်။ နောက်ဆုံးအကြိမ်မှာတော့ Keyboard နဲ့ LCD နဲ့ ဆက်ထားတဲ့ ကြိုးတွေကို အသစ်ပြန်လဲပေးခဲ့ပါသည်။ အဲဒီနောက်ပိုင်းတော့ ဆားဗစ်စင်တာကို ကျွန်မ မေ့လျှော့သွားခဲ့တာ အခုချိန်ထိ။

ကြီးကြီးမားမား ဘာပြဿနာမှထပ်မဖြစ်တော့တာမို့နောက်ဆုံးအကြိမ် ဆားဗစ်စင်တာက ပြန်ရောက်လာကတည်းက Display ဆိုတဲ့ သံသယကို ကျွန်မမေ့ထားခဲ့မိပါသည်။ မေ့ထားရလောက်အောင်လဲ ကျွန်မရဲ့ စက်က အင်မတန်ကို သုံးလို့ကောင်းနေခဲ့ပါသည်။ သူငယ်ချင်းတွေရဲ့ ကွန်ပြူတာတွေ နှစ်နှစ်အတွင်းမှာ ဘယ်နှစ်ကြိမ်မှန်းမသိ Format ပြန်ချရတိုင်း Format ချရလောက်အောင် ဘယ်တုန်းကမှ မဆိုးရွားခဲ့တဲ့ ကျွန်မရဲ့ စက်လေးကို ကျေးဇူးတင်မိရပါသည်။

C Cleaner Run ဖို့ ပျင်းနေတဲ့အချိန်တွေမှာ စက်က လေးသွားတတ်ပေမယ့် အချိန်မီ Run ပြီး ဖိုင်မွစိတွေကို ရှင်းလင်းလိုက်ရင်တော့ စက်ကပုံမှန်ပြန်ဖြစ်သွားစမြဲ။ ဒါပေမယ့် အကြောင်းသိနေတဲ့ သူငယ်ချင်းတွေက စက်လေးလို့ ညည်းမိတိုင်း Display စက်လို့ပြောလာရင်တော့ မေ့ထားဖြစ်တဲ့ သံသယက ချောင်ကွယ်ကနေ ထွက်လာပြီး ကျွန်မကို လှောင်နေတတ်ပါသည်။

“Display စက်လဲ အလကားမရပါဘူးနော် အခုချိန်ပေါက်ဈေးနဲ့ဆိုရင် ငါ့ရဲ့ စက်တန်ဘိုးက နှစ်လုံးတိတိဝယ်လို့ရတယ် အင်မတန်ကောင်းတဲ့ စက်မို့ နောက်ဆုံးလက်ကျန်လေးကို မျက်စိမှိတ်ပြီး ဝယ်ခဲ့တာပါ” လို့ လူရှိန်အောင် ပြန်ပြောနိုင်ရုံကလွဲလို့ ကျွန်မရင်ထဲက သံသယကိုတော့ ဘယ်လိုအကြောင်းအရာကမှ ချေဖျက်လို့မရခဲ့ပါ။

ဒါပေမယ့် အခုလို ပြဿနာသေးသေးလေးတွေတွေ့တိုင်း စိတ်အခန့်မသင့်တဲ့အချိန်တွေရောက်လာတိုင်း Display ဆိုတဲ့ သံသယကြီးက ခေါင်းထဲကို တည့်တည်မတ်မတ် ပြန်ဝင်လာတတ်ပါသည်။ အဖြေတစ်ခုရှာလို့မတွေ့တိုင်း အပြစ်ပုံချမိတဲ့ Display ဆိုတဲ့ သံသယကို ချေဖျက်ဖို့ လုံလောက်တဲ့ အဖြေတစ်ခုကို အသည်းအသန်ရှာဖွေနေမိပါသည်။

သံသယတစ်ခုဟာ ကြိုတင်အကြောင်းမကြားပဲ အလွယ်အကူ ခိုဝင်လာဖို့ အင်မတန်လွယ်ကူလွန်းနေပေမယ့် သံသယအတွေးတွေကို ချေဖျက်ပစ်ဖို့ကျတော့ ခက်ခဲလွန်းပြန်ပါသည်။

ဘဝအတွက် အရေးမပါတဲ့ နေရာတွေမှာ ဝင်လာတဲ့ သံသတွေအတွက် ကျွန်မတို့ ခံစားပူလောင်ရပါသည်။
ဒီထက့်ပိုပြီး ဘဝအတွက် အရေးပါတဲ့နေရာတွေမှာ ဝင်လာတတ်တဲ့ သံသယတွေအတွက်လဲ ဘဝပျက်လောက်တဲ့အထိ ခံစားပြီးပူလောင်ကြပါသည်။
သံသယ သေးသေးအတွက် ပူလောင်ရတာနဲ့ သံသယကြီးကြီးအတွက် ပူလောင်ရတာပဲ ကွာပါသည်။
စိတ်ပူ ရင်ပူ ခေါင်းပူ တကိုယ်လုံးပူထူတဲ့အထိ ခံစားရတာမို့ သံသယအတွေးတွေကို ကျွန်မတို့ မခံစားချင်ကြတာ မဆန်းပါ။

မဖိတ်ခေါ်ပဲ ခဏခဏ ရောက်လာတတ်တဲ့ သံသယဆိုတဲ့ ဧည့်သည်ကြီးကို ကျွန်မကိုယ်တိုင်လဲ အခုချိန်မှာ အရမ်းမုန်းမိပါသည်။
သူ့လောက်ကျွန်မကို စိတ်ပင်ပန်းအောင် နှိပ်စက်တတ်တဲ့အရာ လောကကြီးမှာ မရှိသေးတာတော့သေချာပါသည်။
ကျွန်မဆီကို ခဏခဏမလာပါနဲ့ သံသယရယ်.....

အားငယ်သူအားပေးပါ


World Down Syndrome Day- awareness walk
ဆိုတဲ့ ဖိတ်စာလေးကိုကြည့်ပြီး သွားဖို့မသွားဖို့ စဉ်းစားနေမိပါသည်။ တီရှပ်ဆင်တူဝတ် ဦးထုတ်ဆင်တူဆောင်းပြီး သတ်မှတ်ထားတဲ့ စုရပ်နေရာမှာ စုပေါင်းလမ်းလျှောက်ကြမယ်။ မီဒီယာတွေကလာပြီး သတင်းယူကြမယ် ဓါတ်ပုံတွေရိုက်ပြီး သတင်းစာတွေ တီဗီအစီအစဉ်တွေမှာ ထည့်ကြမယ်။

ရောဂါခံစားနေရတဲ့ ဝေဒနာရှင်နဲ့ သူတို့မိသားစုတွေကို အလေးအနက်ထားပြီး အသိအမှတ်ပြုနေတဲ့သူတွေရှိကြောင်းပြမယ်။ နိုင်ငံကြီးသားတွေပီပီ (Humanity) လူသားချင်းစာနာထောက်ထားမှုကို ပြကြမယ်။ပြီးတော့ ဒီလမ်းလျှောက်ပွဲလေးမှာ အခြားသောရည်ရွယ်ချက်လေးတွေလဲ ရှိရင်ရှိနေနိုင်တာမို့ အချိန်ရရင်တော့ ဒီလမ်းလျှောက်ပွဲလေးကို သွားဖို့ဆုံးဖြတ်လိုက်မိပါသည်။

မေးလ်နဲ့အတူ ပူးတွဲပေးပို့လာတဲ့ လင့်ခ်လေးထဲက ကလေးတွေရဲ့ ဓါတ်ပုံလေးတွေကို တဆက်တည်း တွေ့လိုက်မိချိန်မှာ တော့တစ်ခါတုန်းက Volunteer လုပ်ခဲ့ဘူးတဲ့ CSR ( Corporate Social Responsibility) Activity တစ်ခုကိုပြန်ပြီး အမှတ်ရလိုက်မိပါသည်။

တခါတုန်းက Al Noor ကျောင်းမှာ ကလေးတွေကို ခရစ္စမတ်အထိမ်းအမှတ် ပါတီလေးလုပ်ပေးဖို့ Volunteer တွေခေါ်တာမို့ သူငယ်ချင်းတွေနဲ့ အတူလိုက်သွားဖြစ်ခဲ့ပါသည်။ ဒူဘိုင်းမှာရှိတဲ့ Al Noor ကျောင်းကတော့ ( Center for children with special needs) အထူးပြုစုစောင့်ရှောက်မှု လိုအပ်တဲ့ ကလေးတွေအတွက် သီးသန့်ဖွင့်ထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မသန်မစွမ်းဖြစ်နေတဲ့ ကလေးပေါင်း နှစ်ရာ ကျော်နဲ့အတူ ကလေးတွေကို အနီးကပ် ပြုစုစောင့်ရှောက်နေကြတဲ့ ဆရာမပေါင်း ၁၀၀ ကျော်ရှိပါသည်။

Al Noor ကျောင်းကို မရောက်ခင်လေးအထိ ကျွန်မသိခဲ့တာက ကလေးတွေဆိုတာ ကြယ်ပွင့်သေးသေးလေးတွေ ကောင်းကင်မှာ မှိတ်တုတ်မှိတ်တုတ် လင်းနေတဲ့ ကြယ်သေးသေးလေးတွေ ပြီးတော့ အနာဂတ်အတွက် အိပ်မက် ပိုင်ရှင်လေးတွေလေ။ သူတို့ဆီမှာ ယုံကြည်ချက်တွေကိုယ်စီရှိကြသလို အိပ်မက်တွေလဲ ကိုယ်စီကိုယ်စီ ပိုင်ဆိုင်ကြပါသည်။ကျွန်မတို့ကလဲ ကျွန်မတို့ ပတ်ဝန်းကျင်က ကလေးလေးတွေအတွက် အိပ်မက်တွေဝိုင်းမက်ပေးတတ်ကြသလို ယုံကြည်ချက်တွေလဲ အများကြီး ထားပေးတတ်ကြပါသည်။

ဒါပေမယ့် Al Noor ကျောင်းက ကလေးတွေကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ ကလေးတွေနဲ့ ပက်သက်ပြီး တွေးထင်ထားတဲ့ အတွေးအချို့ မျှော်လင့်ချက်အချို့ လွဲမှားနေတာကို သိလိုက်ရပါသည်။ Al Noor ကျောင်းက ကလေးလေးတွေက အခြားကလေးတွေနဲ့ မတူ ကြယ်ပွင့်လေးတွေချင်းအတူတူ မလင်းလက်နိုင်တဲ့ ကြယ်ပွင့်လေးတွေ ဘဝအိပ်မက်တွေမက်ခွင့်ရှိတယ်ဆိုပေမယ့် အိပ်မက် ပျောက်ဆုံးနေတဲ့ကလေးတွေ ဖြစ်နေခဲ့ပါသည်။




ကစားပွဲ အစီအစဉ်မစခင်လေးမှာ ခန်းမကျယ်ကြီးထဲကို တဖွဲဖွဲ ဝင်လာတဲ့ ကလေးတွေကို မြင်လိုက်တဲ့ အချိန်လေးမှာတော့ ကျွန်မရင်ထဲမှာ ဖော်ပြလို့မရတဲ့ ဝေဒနာဆိုးတစ်ခုနဲ့ အတူ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းစိတ်ကို ထိန်းလို့မရခဲ့ပါ။



ကျွန်မမြင်တွေ့လိုက်တဲ့ ကလေးတွေကတော့ စကားမပြောနိုင်တဲ့ ကလေးလေးတွေ လမ်းမလျှောက်နိုင်တဲ့ ကလေးတွေ။ တချို့ကလေးလေးတွေဆိုရင် အိပ်ယာထဲမှာ အိပ်နေသလို မိန်းမောနေကြပြီး အာရုံခံစားမှုလုံးဝ မရှိကြပါ။ ကလေးအားလုံးနီးပါးက ဝှီးချဲ အကူအညီနဲ့ ခန်းမကြီးထဲကိုဝင်လာတာဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ လမ်းလျှောက်ပြီး ဝင်လာနိုင်တဲ့ကလေးတွေကို လိုက်ရေတွက်မိတော့ လက်ဆယ်ချောင်းတောင်မပြည့်ချင်ပါ။ အထူးသဖြင့် ကျွန်မတွေ့ခဲ့ရတဲ့ Al Noor ကျောင်းက ကလေးအများစုက Down Syndome ဝေဒနာသည်လေးတွေဖြစ်နေခဲ့ပါသည်။



Down Syndome ဝေဒနာသည်တွေရဲ့ အဓိက အားနည်းချက်တွကတော့ ရုပ်ပိုင်းဆိုင်ရာမှာ မြင်ရုံကြည့်ရုံနဲ့ Down Syndome ဝေဒနာသည်မှန်းသိသာစေတဲ့ အားနည်းချက်အချို့နဲ့ ပညာသင်ယူဖို့အခက်အခဲ ကြီးကြီးမားမားဖြစ်စေတဲ့ အသိဥာဏ်ပိုင်းဆိုင်ရာ အားနည်းချက် တွေပဲဖြစ်ပါသည်။ သူတို့အနေနဲ့ သာမန်လူသားတွေလိုပဲ လှုပ်ရှားသွားလာနိုင်ကြပါသည်။ သာမန်နေထိုင်ကြီးပြင်းခွင့်ရှိပါသည်။ သို့သော် အခြား ကျန်းမာသန်စွမ်းသူတွေလိုတော့ အနာဂတ်အတွက် အိပ်မက်မက်ခွင့် မရှိကြပါ။ သူတို့အတွက် သတ်သတ်မှတ်မှတ် ရွေးချယ်ထားတဲ့ လျှောက်စရာလမ်းတွေမရှိသလို အကောင်အထည်ဖော်စရာ အိပ်မက်တွေလဲ ပျောက်ဆုံးနေပါသည်။



ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ကလေးတွေနဲ့ ကစားဖို့အတွက် သွားခဲ့တာဆိုပေမယ့် တကယ်တမ်းမှာတော့ ကျွန်မတို့နဲ့ ကစားနိုင်တဲ့ ကလေးအရေအတွက်က အင်မတန် နည်းပါးခဲ့ပါသည်။ကလေးတွေအတွက် အလွယ်ကူဆုံးဖြစ်တဲ့ ကစားနည်းတွေကို ကြိုတင် စီစဉ်ထားပေမယ့် လက်တွေ့ကျကျ ကစားကြချိန်မှာတော့ ရိုးရှင်းလွန်းတဲ့ ကစားနည်းတွေကိုတောင် လူကြီးတွေ အကူအညီနဲ့ တော်တော်ခက်ခက်ခဲခဲ ကစားခဲ့ရပါသည်။



အဲဒီနေ့က ကျွန်မတို့ရောက်နေခဲ့တဲ့ ခန်းမကျယ်ကြီးထဲမှာ ကလေးတချို့ ငိုနေခဲ့ကြသလို တချို့ကလေးတွေကျတော့ ငိုလို့တောင်မရကြပါ။တစ်ချို့ကလေးတွေက တွေဝေငေးမောပြီး ငြိမ်သက်နေခဲ့ သလို တစ်ချို့ကလေးတွေကျတော့ ဝှီးချဲပေါ်မှာ အိပ်မောကျနေသလို မိန်းမောနေခဲ့ကြပါသည်။

ကျွန်မဓါတ်ပုံတွေ လိုက်ရိုက်နေဆဲမှာပဲ ကျွန်မရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ကလေးတစ်ယောက် ခုံပေါ်မှာ ထိုင်နေရင်း ဝုန်းကနဲ ပြုတ်ကျပြီး အတွင်းတက် တက်သွားတာကိုတွေ့လိုက်ရပြန်ပါသည်။ ကလေးကို လှမ်းထူဖို့ ထိုင်ချလိုက်ချိန်မှာ ဆရာမတွေရောက်လာပြီး ကလေးကို ပြုစုနေတာမို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ မျက်နှာလွဲမိပေမယ့် ကျွန်မရဲ့ စိတ်တွေက ကောဇောပေါ်မှာ ခွေခွေလေးလဲနေတဲ့ သုံးနှစ်အရွယ် ကလေးလေးဆီမှာ ကျန်နေခဲ့ပါသည်။

ကလေးကို သနားစိတ်နဲ့ ရုတ်တရက် မျက်ရည်တွေဝိုင်းလာတာမို့ လူတွေရှေ့မှာ မျက်ရည်မကျမိအောင် ကျောခိုင်းပြီး လှည့်ထွက်မိချိန်မှာ “ဒီကလေးက ဒီတစ်ကြိမ်နဲ့ဆိုရင် ဒီနှစ်ထဲမှာ ဒုတိယအကြိမ်ပဲ ဆေးရုံသွားမှဖြစ်မယ်”ဆိုတဲ့ ဆရာမတစ်ယောက်ရဲ့ အသံက ကျွန်မနောက်နားကျောမှာ ခပ်ဝါးဝါးကျန်နေခဲ့ပါသည်။

ကလေးတွေနဲ့ လမ်းခွဲပြီး ပြန်လာချိန်မှာတော့ ကားပေါ်မှာ သူငယ်ချင်းတွေနဲ့ အတွေ့အကြုံဖလှယ်ဖြစ်ကြပါသည်။ ခပ်နောက်နောက်သူငယ်ချင်းတစ်ယောက်က ဘယ်သူတွေငိုခဲ့ကြလဲ ငိုခဲ့တဲ့သူ လက်ထောင်လို့မေးရင်း သူကိုယ်တိုင်ပါ လက်ထောင်ပြလာတော့ သူငယ်ချင်းတွေ အားလုံးနီးပါး လက်ထောင်ပြီး ကလေးတွေနဲ့ကစားရင်း စိတ်မထိန်းနိုင်လို့ မျက်ရည်ကျမိခဲ့တယ်တဲ့။

“ငါ့မှာလဲ ကလေးနှစ်ယောက်ရှိတယ် ဒီကလေးတွေကို တွေ့တော့ ဘယ်လိုမှ မခံစားနိုင်ခဲ့ဘူး”လို့ ပြောရင်း ထပ်ငိုတဲ့သူက ကလေးတွေကို မျက်နှာဆေးခြယ်ပေးခဲ့တဲ့ ကောင်လေးတစ်ယောက်။ ကလေးတွေကို မျက်နှာမှာ ဆေးခြယ်ပေးနေခဲ့ဆိုတော့ စုတ်တံကိုင်ရင်း တချိန်လုံးအလုပ်ရှုပ်နေတာမို့ သူ့အတွက် ငိုချိန်မရခဲ့ပါတဲ့။

အပြန်လမ်းတစ်လျှောက်လုံးမှာတော့ ကလေးတွေနဲ့ပက်သက်ပြီး အခြားစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို ကျွန်မတို့ ဆက်ပြီးဆွေးနွေးဖြစ်ခဲ့ကြပါသည်။
အထူးသဖြင့် ကျွန်မတို့ နေ့စဉ်မြင်တွေ့နေရတဲ့ ကလေးတွေကို ဆူတဲ့ ရိုက်တဲ့ကိစ္စ အော်တဲ့ဟောက်တဲ့ ကိစ္စတွေဖြစ်ပါသည်။

တကယ်ဆို ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိနေကြတဲ့ ကလေးတိုင်း ပြေးလွားဆော့ကစားခွင့်မရှိပါ ။ ဆူပူအော်ဟစ်ခွင့်မရှိကြပါ။ ကဗျာရွတ်ခွင့်မရှိပါ သီချင်းဆိုခွင့်မရှိပါ ပုံပြင်နားထောင်ဖို့ အခွင့်အရေးမရှိကြပါ။

ကျန်းမာရေးကောင်းတဲ့ ကလေးတွေမှသာ ငိုခွင့်ရှိပါသည် ပြေးလွားကစားခွင့်ရှိပါသည် ဆူညံအော်ဟစ်ခွင့်ရှိပါသည်။ သီချင်းဆိုခွင့် ကဗျာရွတ်ခွင့်ရှိပါသည် ပုံပြင်တွေနားထောင်ခွင့်ရှိပါသည်။

ဒါတွေကို လူတိုင်းလဲ မသိနိုင်ကြပါ။ ကျွန်မကိုယ်တိုင်လဲ အရင်အချိန်တွေတုန်းက မသိခဲ့ပါ။ ကလေးကို အလွန်အမင်းချစ်စိတ်နဲ့ ကလေးတွေ ငိုမှာကို တချိန်လုံးစိုးရိမ်နေခဲ့ဘူးပါသည်။ ကလေးတွေရဲ့ ငိုသံတွေကို မခံစားနိုင်အောင်လဲ ကျွန်မနှလုံးသားက ပျော့ညံ့ခဲ့ဘူးပါသည်။

ငိုဖို့ မစွမ်းတဲ့ ကလေးတွေ မငိုနိုင်လောက်အောင်ကို ကျန်းမာရေးချို့ယွင်းနေတဲ့ ကလေးတွေတွေကို တွေ့လာချိန်ကျမှ ငိုနိုင်တဲ့ ကလေးတွေကိုတွေ့တိုင်း ငိုနေတဲ့ ကလေးတွေကို တွေ့တိုင်း သူတို့ပိုင်ဆိုင်ထားတဲ့ ကျန်းမာခြင်းဆုလာဘ်အတွက် ဝမ်းသာမိပါသည်။

ကျွန်မတို့ လူ့ဘောင်အဖွဲ့အစည်းမှာ
အစာငတ်မွတ်နေတဲ့ ကလေးတွေကို လမ်းမှာတွေ့ခဲ့ရင် အစာကျွေးခွင့် ရှိပါသည်။
အဝတ်အစားချို့နေတဲ့ ကလေးတွေကို အဝတ်အစားဝယ်ပေးခွင့်ရှိပါသည်။
ပညာရေးချို့တဲ့နေတဲ့ကလေးတွေကို ပညာဒါန ပြုခွင့်ရှိပါသည်။
အကျင့်စာရိတ္တချို့တဲ့နေတဲ့ ကလေးတွေကို လမ်းပေါ်မှာတွေ့ရင် စိတ်ဓါတ်ကောင်းအောင် ပြုပြင်ပေးခွင့်ရှိပါသည်။
မိဘမဲ့ ခိုကိုးရာမဲ့ဖြစ်နေတဲ့ကလေးတွေကို တွေ့ခဲ့ရင် ခေါ်ပြီး ကျွေးမွေးစောင့်ရှောက်ခွင့်ရှိပါသည်။

လဲနေသူကို ထူပေးခွင့်ရှိပါသည်။ စိတ်ဓါတ်ကျ အားငယ်သူတွေကို အားပေးခွင့်ရှိပါသည်…

အသက်ရှင်လျှက် ဘဝသေနေတဲ့ ကလေးတွေအတွက်တော့ ကျွန်မတို့ဘက်က ကူညီပေးချင်သည့် တိုင်အောင် လုပ်ပေးနိုင်တဲ့ အခွင့်အလမ်းနည်းပါးလွန်းပါသည်။

ဆေးဝါး နည်းပညာနဲ့ သိပ္ပံပညာရပ်တွေမှာ အံ့သြဖွယ်ကောင်းလောက်အောင် တိုးတက်နေချိန်ဖြစ်ပေမယ့် ဝေဒနာသည် ကလေးငယ်များကို ပြုံးအောင်ရယ်အောင်လုပ်ဖို့ ငိုအောင်လုပ်ဖို့အတွက် မိဘများနဲ့အတူ လူမှုရေးအဖွဲ့အစည်းပေါင်းများစွာမှ ရွှေငွေ စည်းစိမ်တွေ ပုံအောပြီး ကြိုးစားနေကြဆဲ… ယနေ့ချိန်အထိ အကောင်းဆုံးကုသပေးနိုင်မယ့် နည်းလမ်းတွေ ရှာနေကြဆဲ ဖြစ်ပါသည်။

ကလေးချင်း အတူတူဆိုပေမယ့် အခြားကလေးတွေလို အိပ်မက်မက်ခွင့်မရှိတဲ့ ကလေးတွေ…
ကြယ်ပွင့်ချင်းအတူတူဆိုပေမယ့် အခြားကြယ်ပွင့်လေးတွေလို အရောင်မတောက်ပတဲ့ ကြယ်ပွင့်လေးတွေ….
အခန်းကျယ်ကြီးရဲ့ ထောင့်တစ်နေရာမှာ ငြိမ်သက် မိန်းမောနေတာကို ပြန်မြင်ယောင်နေရင်း ဖော်မပြနိုင်တဲ့ ဝေဒနာတစ်ခုနဲ့အတူ ဝမ်းနည်းနာကျင်နေရဆဲ....


(Down Syndome အပါအဝင် အခြားအခြားသော ဝေဒနာဆိုးတွေ ခံစားနေရတဲ့ ကလေးတွေ လျော့နည်းစေဖို့ ဆန္ဒပြုရင်း ဒီပို့စ်လေးကို မတ်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ World Down Syndome Day အမှတ်တရ ရေးပါသည်။)

ဒူဘိုင်းရောက် ရွှေမြန်မာများရဲ့

Documents for Embassy

Middle East ရောက် မြန်မာများအတွက် passport သက်တမ်းတိုးရန်နှင့် အခွန်ဆောင်ရန် လိုအပ်သော စာရွက်စာတမ်းများ - ဆော်ဒီသံရုံး -

ဧည့်မှတ်တမ်းလေး

My Blog List