ပုံပြောသူတစ်ယောက်နှင့် တွေ့ဆုံခြင်း

ပုံပြောကောင်းသူတစ်ယောက်ဖြစ်ဖို့ဆိုတာ ထိုက်သင့်တဲ့ ဗဟုသုတ ရှိရမယ် စာဖတ်နာတဲ့သူတစ်ယောက်ဖြစ်ရမယ် ကိုယ်သိထားတဲ့ အကြောင်းအရာတွေကို နားထောင်သူစိတ်ဝင်စားလာအောင် တင်ပြနိုင်တဲ့ အရည်အချင်းရှိရမယ်ဆိုတဲ့ အခြေခံအချက်လေးတွေလောက်ပဲ ကျွန်မသိထားခဲ့ပါသည်။
ဆွေးနွေးပွဲတစ်ခုမှာ ပုံပြောသူတစ်ယောက်နဲ့ မထင်မှတ်ပဲတွေ့ရှိလာချိန်မှာတော့ စေတနာ ကြိုတင်ပြင်ဆင်မှုနဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေပါ လိုအပ်တာကို မထင်မှတ်ပဲ ထပ်မံသိခွင့်ရခဲ့ပါသည်။
ပုံပြောသူကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တဲ့ နေရာကတော့ စာရေးဆရာတွေနဲ့ ပရိတ်သတ်တွေ တွေ့ဆုံကြတဲ့ ဆွေးနွေးပွဲအစီအစဉ်လေးတစ်ခုမှာ ဖြစ်ပါသည်။ အဲဒီနေ့က ပုံပြောသူ ကောင်မလေးက စင်မြင့်ပေါ်မှာထိုင်နေခဲ့ပြီး ပရိတ်သတ်ကို သူမရဲ့ ပုံပြင်စာအုပ်လေးအကြောင်း အားတက်သရော ရှင်းပြနေခဲ့ပါသည်။ သူမရဲ့ဘေးမှာ သူမနဲ့အတူထိုင်ပြီး ဝင်ရောက်ဆွေးနွေးနေသူကတော့ သူမရဲ့ ပုံပြင်စာအုပ်လေးကို ပုံနှိပ်ထုတ်ဝေပေးသူ အမျိုးသမီးတစ်ယောက်နှင့်အတူ ဒီဆွေးနွေးပွဲအစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူ အမျိုးသမီးတစ်ယောက်။ ကျွန်မကတော့ ခန်းမကျယ်ကြီးရဲ့ နောက်ဆုံးနားက ခုံတစ်လုံးမှာထိုင်ရင်း အစီအစဉ်လေးကို နားထောင်နေခဲ့တဲ့ ပရိတ်သတ်များစွာထဲက တစ်ယောက် ဖြစ်ခဲ့ပါသည်။
အရှေ့အလယ်ပိုင်းမှာနေထိုင်တဲ့ အာရပ်လူမျိုးပုံပြောသူ ကောင်မလေးပြောပြနေတဲ့ အကြောင်းအရာလေးက ဒီဒေသအတွက် အင်မတန်ရိုးစင်းတဲ့ အပ်ကြောင်းထပ်နေပြီဖြစ်တဲ့ ကုလားအုပ်ပုံပြင်လေးတစ်ပုဒ် အကြောင်းဖြစ်တာမို့ ပထမပိုင်းမှာတော့ ကျွန်မရဲ့ အာရုံတွေက သူမရဲ့ ကုလားအုပ်ဆီ မရောက်တစ်ချက် ရောက်တစ်ချက်။ ဒါပေမယ့် ပရိတ်သတ်ထဲက တစ်ယောက်က မေးလိုက်တဲ့ မေးခွန်းတစ်ခုက ကျွန်မရဲ့ အာရုံတွေကို ကုလားအုပ်ပုံပြင်ဆီကို ပြန်ပြီးဆွဲခေါ်သွားခဲ့ပါသည်။
ပရိတ်သတ်တစ်ယောက်မေးခဲ့တဲ့ မေးခွန်းလေးက “ဘယ်လိုစိတ်ကူးလေးနဲ့ ဒီပုံပြင်လေးကို ဖန်တီးခဲ့ပါသလဲ တဲ့” ။ တကယ်ဆို အသက် ၃ နှစ်နဲ့ ၆ နှစ်ကြား ကလေးတွေနားထောင်ဖို့ ပုံပြင်ရေးသူတစ်ယောက်အတွက် ပုံပြင်တစ်ပုဒ်ဖြစ်ဖို့ဆိုတာ သိပ်မခက်ခဲလှပါ။ နာရီပိုင်း အချိန်ပိုင်းအတွင်းမှာ ပုံပြင်တစ်ပုဒ် ဖန်တီးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ထားခဲ့မိပါသည်။ ဒါပေမယ့် ကျွန်မကြားသိခွင့်ရလိုက်တဲ့ အဖြေကတော့ ကျွန်မ ထင်မြင်ယူဆထားတာနဲ့ တက်တက်စင်အောင်ကို လွဲချော်နေခဲ့ပါသည်။
“ဒီပုံပြင်လေးကို ဖန်တီးဖို့အတွက် အချိန် ၂ လလောက်ကြာခဲ့ပါတယ်။ ပထမနှစ်ပတ်ကာလမှာတော့ ကလေးတွေရှိတဲ့ စာသင်ကျောင်းတွေကိုသွားခဲ့ပါတယ်။ ကလေးတွေနဲ့ တွေ့ဆုံခဲ့သလို ကျောင်းက ဆ၇ာမတွေ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံခဲ့ပြီး ကလေးတွေရဲ့ အာရုံကို ဖမ်းစားနိုင်မယ့် အချက်အလက်လေးတွေကို မေးမြန်းခဲ့ပါတယ်။
ပြီးတော့ ကျောင်းတိုင်းမှာ ထားရှိခဲ့တဲ့ ပုံပြင်စာအုပ်တွေကို တစ်အုပ်မကျန် လိုက်ဖတ်ခဲ့ပါတယ်။ အင်တာနက်မှာရှိရှိသမျှ ကလေးပုံပြင်တွေကို ဖတ်နိုင်သမျှ ဖတ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အာရပ်ဓလေ့ အာရပ်ရိုးရာနဲ့ အာရပ်ကလေးတွေကို စွဲဆောင်နိုင်မယ့် ကုလားအုပ်ပုံပြင်လေးတစ်ပုဒ် ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ် “လို့ သူမက ရှင်းပြခဲ့ပါသည်။
“ပုံပြင်နဲ့ပက်သက်ပြီး ရေးရမယ့် အကြောင်းအရာလေးကို သိလာတဲ့အချိန်မှာတော့ ကုလားအုပ်တွေအကြောင်းကို အသေးစိတ် ထပ်ပြီး လေ့လာခဲ့ပါတယ်။ အဘိုးအဘွားတွေဆီ သွားလည်ပြီး သူတို့ ငယ်ငယ်က နားထောင်ဖူးခဲ့တဲ့ ကုလားအုပ်ပုံပြင်လေးတွေကို ပြန်ပြီး မေးမြန်းခဲ့ပါတယ်။ ဆွေမျိုးတွေဆီကို တကူးတက သွားလည်ပြီး သူတို့ဆီက အကြံဥာဏ်တွေ အကူအညီတွေ တောင်းခဲ့ပါတယ်။ ပြီးတော့ ကျွန်မရဲ့ ကိုယ်ပိုင်ကုလားအုပ်နဲ့ အတူ ကန္တာရထဲကိုသွားပြီး ကုလားအုပ်တွေရဲ့ သဘာဝကို ကိုယ်တိုင်လေ့လာပါတယ်။ မိသားစုဝင်တွေ သူငယ်ချင်းတွေလဲ ကျွန်မနဲ့အတူ ကန္တာရထဲကို လိုက်လာကြပါတယ်။ သူတို့မှာလဲ သူတို့ပိုင်တဲ့ ကုလားအုပ်တွေ ကိုယ်စီပါလာပါတယ်။ ပြီးတော့ အင်တာနက်ကနေ ကျွန်မသိခွင့်ရခဲ့တဲ့ ကုလားအုပ်တွေအကြောင်းနဲ့ အပြင်မှာ တကယ်လေ့လာလို့ သိလာတဲ့ ကုလားအုပ်တွေ အကြောင်းကို စုစည်းပြီး ဒီပုံပြင်လေးကိုဖန်တီးခဲ့ပါတယ်” လို့ သူမက ဆက်ပြီးရှင်းပြခဲ့ပါသည်။
ပုံပြင်လေးတစ်ပုဒ်အတွက် သူမရဲ့ ကြိုးစားအားထုတ်မှုကို သိရချိန်မှာတော့ အရမ်းကို အံ့သြမိသလို သူမကို မလေးစားပဲ မနေနိုင်ခဲ့ပါ။ စာရေးသူတစ်ယောက်အနေနဲ့ မိမိပြောပြချင်တဲ့ အကြောင်းအရာကို ယုတ္တိရှိရှိ ပြောပြနိုင်ဖို့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ စုဆောင်းထားဖို့ လိုအပ်မယ်ဆိုတာကို လက်ခံထားခဲ့ပေမယ့် ပုံပြင်ပြောသူတွေနဲ့ ပက်သက်လို့တော့ သူမပြောသလောက် ကျယ်ကျယ်ပြန့်ပြန့် မစဉ်းစားခဲ့မိပါ။
ကျွန်မတို့နဲ့ ရင်းနှီးခဲ့တဲ့ ပုံပြင်တွေဆိုတာက အပြင်လောကမှာ မရှိနိုင်တဲ့အကြောင်းအရာတွေကို ဖန်တီးပုံဖော်ထားတဲ့ ပုံပြင်တွေ ပြီးတော့ ကလေးတွေ စိတ်ဝင်စားကြတဲ့ တိရိစ္ဆာန်လေးတွေရဲ့ အကြောင်းကို စီကာပတ်ကုံးပြောပြဖို့ ဖန်တီးထားတဲ့ ဇာတ်လမ်းလေးတွေ များပါသည်။ တခါတလေမှာတော့ လူကြီးတွေရဲ့ ပါးစပ်ဖျားက ကျလာတတ်တဲ့ လက်တမ်းပုံပြင်လေးတွေကိုလဲ ကလေးတွေ နားထောင်ရတတ်ပါသည်။
ပုံပြင်ပြောပြရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ လိမ္မာယဉ်ကျေးစေဖို့ စာနာတတ်စေဖို့ အသိဥာဏ်ဗဟုသုတတွေ တိုးတက်စေဖို့ နဲ့ အခြားသော စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုတွေရစေဖို့ စတဲ့အချက်တွေအပြင် ဒီ့ထက်ပိုတဲ့ အကြောင်းအရာတွေလဲ ရှိနိုင်ပါသေးသည်။
ပုံပြင်ပြောသူ ကောင်မလေးနဲ့ဆွေးနွေးပွဲ အစီအစဉ်လေး ပြီးဆုံးသွားချိန်မှာတော့ သူမရေးခဲ့တယ်ဆိုတဲ့ ပုံပြင်စာအုပ်လေးကို စိတ်ဝင်စားမိတာမို့ စာအုပ်စင်တွေမှာ လိုက်ရှာပြီး ဖတ်ကြည့်မိပါသည်။ အသက် ၃ နှစ်ကနေ ၆ နှစ်အရွယ်ကြားရှိတဲ့ ကလေးတွေဖတ်ဖို့ ရည်ရွယ်ထားတဲ့ ပုံပြင်စာအုပ်လေးက အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ဆေးရောင်စုံခြယ်ထားတဲ့ ရုပ်ပြပုံပြင်စာအုပ်ခပ်ပါးပါးလေးတစ်အုပ်ဖြစ်ပါသည်။ စာရွက်တွေကို တစ်ရွက်ချင်းစီလှန်ပြီး ပုံပြင်လေးကို ခပ်သွက်သွက်လေးဖတ်တော့ ၂ မိနစ်အတွင်းမှာပဲ ဖတ်လို့ပြီးသွားခဲ့ပါသည်။
သူမရေးထားတဲ့ ပုံပြင်လေးက ကလေးများအကြိုက် Emaar လို့ခေါ်တဲ့ ကုလားအုပ်လေးတစ်ကောင်ရဲ့ အကြောင်းပဲဖြစ်ပါသည်။ ကန္တာရကြီးထဲမှာ ပုတဲ့ကုလားအုပ် ရှည်တဲ့ကုလားအုပ် ပိန်တဲ့ကုလားအုပ် ဝတဲ့ကုလားအုပ် လှတဲ့ကုလားအုပ် ရုပ်ဆိုးတဲ့ ကုလားအုပ်တွေရှိပါသည်။
အဲဒီကုလားအုပ်တွေထဲမှာမှ ဘို့သေးသေးလေးကိုပိုင်ဆိုင်ထားတဲ့ Emaar လို့ခေါ်တဲ့တဲ့ ကုလားအုပ်လေးက ကန္တာရထဲမှာရှိတဲ့ ကုလားအုပ်တွေရဲ့ လှောင်ပြောင်သရော်ခြင်းကို အမြဲခံစားနာကျင်နေရတဲ့ အားငယ်စိတ်ဝင်နေခဲ့တဲ့ ကုလားအုပ်လေးတစ်ကောင်ဖြစ်ခဲ့ပါသည်။
အထူးသဖြင့် သူ့ရဲ့ သေးငယ်လွန်းတဲ့ ဘို့ကလေးကြောင့် အပေါင်းအသင်းမိတ်ဆွေတွေက သူ့ကို သနားစရာ ကုလားအုပ်တစ်ကောင်အဖြစ်သတ်မှတ်ပြီး အမြဲတမ်းအနိုင်ကျင့်လေ့ရှိပါသည်။ Emaar ကတော့ သူငယ်ချင်းတွေရဲ့ လှောင်ပြောင်မှုတွေကြောင့် ရင်ထဲမှာ နာကျင်နေပေမယ့် အပေါင်းအသင်းတွေကို ချစ်ခင်တဲ့စိတ်ကြောင့် အပြုံးမပျက် သည်းခံခွင့်လွတ်ပေးခဲ့ပါသည်။
ဒါပေမယ့် သူ့ရဲ့ သေးငယ်လှတဲ့ ဘို့လေးကို ကြီးလာအောင်လုပ်ဖို့ကိုတော့ အမြဲတမ်းစဉ်းစားနေခဲ့ပါသည်။ Emaar ဟာ တနေ့မှာတော့ ကန္တာရထဲက အိုအေစစ်ထဲမှာ ရေတွေကို မောပန်းသွားတဲ့အထိ အားပါးတရ သောက်ပြီး သူ့ရဲ့ ဘို့လေး ကြီးလာမလားဆိုတဲ့ အတွေးနဲ့ တကယ်လုံးနာကျင်သွားတဲ့အထိ နွံ့တွေထဲမှာလူးလှိမ့်နေခဲ့ပါသည်။ အပြန်လမ်းမှာ တွေ့တဲ့ စွံ့ပလွန်ပင်မှာရှိတဲ့ စွံ့ပလွန်သီးတွေကိုလဲ အငမ်းမရစားခဲ့ပါသည်။ အဲဒီနေ့က အပေါင်းအသင်းတွေဆီပြန်သွားတဲ့ အချိန်မှာတော့ သူ့ရဲ့ဘို့လေးမှာ ရွံ့နွံ့တွေနဲ့ ပေကျံလို့ ရုပ်ဆိုးနေတာမို့ သူငယ်ချင်းတွေရဲ့ လှောင်ရယ်ကျီစားခြင်းကို ထပ်ပြီးခံခဲ့ရပြန်ပါသည်။
သိပ်မကြာခင် နေသာတဲ့ နေ့လေးတနေ့မှာတော့ သူတို့ကုလားအုပ်တွေအကြားမှာ အင်မတန်ရေပန်းစားနေတဲ့ အပြေးပြိုင်ပွဲသတင်းလေးနဲ့အတူ သူ့ရဲ့ သူငယ်ချင်းတွေ အလုပ်ရှုပ်နေကြတာကို Emaar သတိထားမိခဲ့ပါသည်။ ပြိုင်ပွဲနဲ့ ပက်သက်ပြီး သူ့သူငယ်ချင်းတွေက သူ့ကို အလေးမထားခဲ့ပေမယ့် သူကတော့ သူငယ်ချင်းတွေကစားနေတဲ့ အချိန်တိုင်းမှာ အပြေးပြိုင်ပွဲအတွက် တစ်ကောင်တည်း လေ့ကျင့်နေခဲ့ပြီး နောက်ဆုံးမှာတော့ Emaar ဆိုတဲ့ ဘို့သေးသေးလေးကိုပိုင်ဆိုင်ထားတဲ့ ကုလားအုပ်လေးက အခြားသော သန်မာထွားကျိုင်းလှတဲ့ ကုလားအုပ်တွေကို ကျော်ဖြတ်ပြီး ပြိုင်ပွဲမှာ ပထမဆုရသွားတယ်ဆိုတဲ့ အကြောင်းလေးပဲဖြစ်ပါသည်။
အခြားသော သန်မာထွားကျိုင်းသော ခြေတံရှည်သော ကုလားအုပ်တွေကို ကျော်လွန်ပြီး အနိုင်ရသွားတဲ့ Emaar ကို တချိန်လုံးအထင်သေးစွာ လှောင်ပြောင်နေခဲ့ကြတဲ့ သူ့ရဲ့ သူငယ်ချင်းတွေကလဲ သူ့ရဲ့ သေးငယ်တဲ့ ဘို့ကလေးရဲ့ အစွမ်းကို သိသွားကြတာမို့ Emaar ကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကောင်းချီးပေးခဲ့ကြပါသည်။
ဒီပုံပြင်လေးထဲမှာ ကလေးတွေကို သူမပေးချင်တဲ့ မက်ဆေ့ခ်ျလေးကတော့ ဘို့သေးသေးလေးကြောင့် အားငယ်နေရတဲ့ ကုလားအုပ်လေးက သူ့ရဲ့ ဘို့သေးသေးလေးကြောင့်ပဲ အပြေးပြိုင်ပွဲမှာ အနိုင်ရသွားတယ်ဆိုတဲ့ မက်ဆေ့ခ်ျလေးဖြစ်သလို သူပိုင်ဆိုင်ခွင့်ရထားတဲ့ ဘို့သေးသေးလေးမှာပဲ သူတပါးတွေ မမြင်နိုင်တဲ့ အားနည်းချက် အားသာချက်တွေ ရှိနေနိုင်တယ်ဆိုတာကို ကလေးတွေ မြင်လာအောင် ပြောပြသွားနိုင်ခဲ့ပါသည်။
ကလေးများအကြိုက် အင်မတန်ရိုးစင်းတဲ့ ပုံပြင်လေးတစ်ပုဒ်မှာ ကလေးတွေကို သူပေးချင်တဲ့ Encouragement နဲ့ motivation ကို ခပ်ပါးပါးလေးသာတွေ့ရပေမယ့် သူ့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်လေးနဲ့ ဆန်းသစ်ထားတဲ့ သူ့စာအုပ်လေးကို ကျွန်မ အမြဲအမှတ်ရနေမှာတော့ သေချာပါသည်။
အထူးသဖြင့် သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပုံပြင်တစ်ပုဒ်အတွက် သူမရင်းနှီးခဲ့တဲ့ ထိုက်တန်တဲ့ ရင်းနှီးမှုတွေကို ပိုလို့ လေးစားမိခဲ့ပါသည်။ သူမလို စေတနာအပြည့်နဲ့ ပုံပြောသူတစ်ယောက် ဖြစ်ဖို့အချိန်ယူပြီး ကြိုးစားအားထုတ်ရမှာ သေချာတာမို့ စာဖတ်သူတွေအတွက် စေတနာပြည့်ဝသော ပုံပြောကောင်းသူ တစ်ယောက်ဖြစ်ဖို့ ဆက်လက်ကြိုးစားပါအုံးမည်။
ကျေးဇူးမှတ်တမ်း
အခုတလော အကြောင်းအမျိုးမျိုးကြောင့် စာရေးတာကျဲနေခဲ့ပေမယ့် ပျက်ကွက်မှုတွေကို နားလည်စာနာပေးခဲ့ကြတဲ့ စာဖတ်သူတွေအားလုံးကို အားနာစွာနဲ့ပဲ တောင်းပန်ပါရစေ။
ဒီနှစ်ဘလော့အကယ်ဒမီပေးပွဲလေးမှာ မထင်မှတ်ပဲ သိခွင့်ရလိုက်တဲ့ စာဖတ်သူအားလုံးရဲ့ စေတနာနဲ့ အသိအမှတ်ပြုမှုတွေ အတွက် အတိုင်းမသိပီတိဖြစ်ရသလို နှင်းနဲ့မာယာရဲ့ ဖြစ်တည်မှုလေးကို အစဉ်တစိုက် အားပေးနေတဲ့ စာဖတ်သူတွေကို အထူးကျေးဇူးတင်ရှိကြောင်း ပထမဆုံး ပြောပါရစေ…
ထပ်မံပြီး အလေးအနက်ကျေးဇူးတင်မိသူတွေကတော့
နိုင်ငံအသီးသီးက ဘဝတူစာရေးဖော် ဘလော့ဂါများနဲ့ သူငယ်ချင်းမိတ်ဆွေများအားလုံး …
စာရေးခြင်းကို အားမပေးကြပေမယ့် မေတ္တာအပြည့်နဲ့ ခွင့်လွတ်ပေးနေတဲ့ အဝေးက မိသားစု…
အထူးသဖြင့် လိုအပ်ချက်မှန်သမျှကို မညည်းမညူပဲ ပံ့ပိုးကူညီအားပေးနေခဲ့တဲ့ ဒူဘိုင်းရွှေရောင်စဉ်မိသားစုနဲ့ ဒူဘိုင်းမှ သူငယ်ချင်း မိတ်ဆွေများအားလုံး....
ဒီဘလော့လေးစတင်ဖန်တီးစဉ်ကစလို့ ယနေ့အချိန်ထိ စိတ်ရှည်လက်ရှည် ကူညီပေးခဲ့တဲ့ သူငယ်ချင်းနဲ့ ဘလော့လင့်လေးပြောင်းချိတ်ပေးခဲ့တဲ့ ကိုမင်းကျော်…
မြင်သမျှတွေ့သမှ အားမနာတမ်းဝေဖန်ပေးတတ်တဲ့ ချစ်သူငယ်ချင်းများနဲ့ စာဖတ်သူများအားလုံး…… ကို ရင်ထဲကလာတဲ့ စေတနာ မေတ္တာများနဲ့ လေးစားစွာ ခင်မင်စွာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း...
ကျေးဇူးမှတ်တမ်းကိုလဲ အချိန်လွန်မှ ရေးဖြစ်တဲ့အတွက်လဲ ဝမ်းမြောက်ဝမ်းသာ လာရောက် ဂုဏ်ပြုခဲ့ကြတဲ့ စာဖတ်သူတွေနဲ့ သူငယ်ချင်းများကို ထပ်မံအားနာမိပါသည်...
သေချာတာတစ်ခုကတော့ နောက်ကျမှ ရေးမိတဲ့ ဒီမှတ်တမ်းလေးဟာ ခါတော်မီမဟုတ်ပေမယ့် လန်းဆန်း လတ်ဆတ်နေဆဲ...
နှင်းနဲ့မာယာ
Saturday, March 13, 2010
|
Labels:
အမှတ်တရလေးတွေ
|
Documents for Embassy
My Blog List
-
-
အဓိပ္ပါယ်ရှိပါရဲ့လား…5 hours ago
-
-
ယူသော်ရ၏11 hours ago
-
အခုတစ်လော ကျမနှင့် မျှဝေခြင်း ဗဟုသုတ18 hours ago
-
ပိုပို မိုမို ဂိုဂို - အပိုင်း ၅20 hours ago
-
ကုန်ဆုံးလွယ်21 hours ago
-
-
-
FREEDOM... FREEDOM1 day ago
-
" အရိပ်စစ်မှတ်တိုင် "1 day ago
-
အခမဲ့ နေလည်စာ1 day ago
-
နှလုံးသားနှင့်ထပ်တူ1 day ago
-
-
ဘ၀3 days ago
-
မြငုံပွင့်ဦ3း days ago
-
mornay sauce4 days ago
-
နိဂုံးမဲ့တေးသွား4 days ago
-
အကျော်အခွ ဇယား4 days ago
-
ဓမ္မစကြာနေ့5 days ago
-
လောလောဆယ်မှာ5 days ago
-
ရီနိုမာန် ပြောတဲ့ ပုံပြင် - ၂5 days ago
-
ပြန်ပေ6း days ago
-
သူ- အကျင့်မကောင်းပုံ6 days ago
-
ဘာအကူအညီမှ မလို1 week ago
-
မမီးငယ်ရဲ့ အသွင်တူလား မတူလား1 week ago
-
ကိုကိုကျောက်အသဲမှာ ဒဏ်ရာတွေနဲ့1 week ago
-
သူ၏ ကောင်းကွက်များ1 week ago
-
Roller Coaster စီးခြင်း1 week ago
-
အခြေအနေ2 weeks ago
-
-
မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ3 weeks ago
-
သက်ခိုင် အပိုင်း(၈၆) သေရွာပြန်နိဒါန်3း weeks ago
-
ဂရိနတ်ဘုရားဒဏ္ဍာရီ4 weeks ago
-
HAPPY FATHER'S DAY!!!5 weeks ago
-
မေလ ၂၀၁၀2 months ago
-
chocothazin: မေမေ့နေ့ 2 months ago
-
အေးမြချိန်ခါ3 months ago
-
Luen Hah3 months ago
-
အစ်မ အိန်ဂျယ်အတွက်..8 months ago
-
အပျင်းပြိုင်ချင်ကြပါသလား.....8 months ago

13 comments:
တော်တော် ကံထူးနေပါပြီ အဟီး
မနှင်းရေ တစ်တဲ့ လေ ဟဟ
ဖတ်ပြီးပြန်လာမယ် အဟတ် မသောင်းကျန်းရတာကြာပြီ
အင်း မနှင်းရေ
မနှင်းေ၇းသွားမှ စဉ်းစားမိတယ်
ဒါကြောင့်လည်း သူ့ တို့ နိုင်ငံက ဘာလုပ်လုပ် အောင်မြင်တယ်ဆိုတာ ကိုယ်တိုင်လေ့လာဆန်းစစ်တာကိုး
အတုယူဖို့ တော့ကောင်းနေပြီ
ကျေးဇူးမနှင်းရေ
ပိုစ့်တိုင်းမှာ အတွေးလေးတွေပါလို့
သဘောကျမိတယ်..
စာအရေးလဲကောင်းတယ်
အတွေးလဲကောင်းတယ်
ဒါဟာလဲ နှင်းနဲ့မာယာရဲ့ဖြစ်တည်မှုဘဲ ဖြစ်ပါတယ်
ထိုက်တန်စွာ အကယ်ဒမီရရှိတဲ့အတွက် ချီးကျူးဂုဏ်ယူပါတယ်..
ဝမ်းမြောက်ကြောင်းပြောပါရစေ....
ငယ်တိုင်းလည်း အထင်မသေးနဲ့..ဆိုတဲ့သဘောပဲနော
ကြီးသူကိုရိုသေ..ရွယ်တူကိုလေးစား..ငယ်သူကို သနား ဆိုတဲ့ အလေ့အထနဲ့အညီ...ကူညီသင့်တဲ့ အချိန် ကူညီရင်း တူညီသင့်တော်တဲ့ Mutual Respect များနဲ့ နေထိုင်ခြင်းဆိုတာကို သတိပေးလိုက်
သလိုခေါင်းထဲမှာ အသိတရားတွေ ပွားလာစေအောင် ဆောင် နိုင်တဲ့ စာစုကောင်းတစ်ပုဒ်ပါပဲ..
ပြီးတော့..
ထပ်လောင်းပြီး ဂုဏ်ပြုပါတယ် မနှင်းရေ..
ဆက်လက်အောင်မြင်လို့
ပျော်ပါစေ
*.*.*
မနှင်းရေ...
ပုံပြောရတာလွယ်ကူပေမဲ့ ပုံပြင်ကောင်းကောင်းတစ်ပုဒ်ရဖို့ မလွယ်ဘူးနော်။ အလုပ်အပေါ်တကယ်တာဝန်သိတတ်တဲ့သူတွေကတော့ ဒီလိုဘဲ ဇာတ်ကောင်တွေထဲ စီးမျောပြီး တာဝန်ကို ထမ်းဆောင်တတ်ကြပါတယ်။ ဒါမှလဲ ယုတ္တိရှိတဲ့ ဖြစ်တည်မှုတစ်ခု ဖန်တီးနိုင်တော့မပေါ့။
ပျော်ရွှင်ပါစေ မနှင်း။
မနှင်းရေ..ပုံပြောကောင်းဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဖူးနော..
ဖတ်လို့ ကောင်းလိုက်တာ၊ ကျေးဇူးတင်တယ်၊ ပုံပြောတတ်ဖို့ ကြိုးစားရအုံးမယ်။
မနှင်းရေ......
ဝမ်းသာတယ်......
ကွန်ဂရက်ကျူလေးရှင်းပါခင်ဗျ......။
စာတွေ အများကြီးရေးသွားပါဦးခင်ဗျာ...........။
(ပုံပြင်လေးလည်း ဖတ်သွားတယ်ဗျ......း))
ခင်မင်တဲ့
ဏီလင်းညို
မနှင်း
ပုံပြင်လေးကိုဖတ်ပြီးသဘောကျမိတယ်။ တခါတရံလူတွေဟာကိုယ့်ရဲ့အရည်အချင်း၊ ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကိုမေ့လျော့နေမိကြတယ်။
အမြဲအားပေးနေမယ်နော်။
ခင်တဲ့
သဒ္ဓါ
ဟုတ်တယ်နော် ..
ဖတ်ရတဲ့ သူအတွက် ခနလေး ဖတ်လိုက်ရတဲ့  စာကောင်းတပုဒ် ပုံပြင်ကောင်း တပုဒ်ဖြစ်လာဖို့ ရာ ရေးသားရသူတွေမှာ ဘယ်လောက် ကြိုးပမ်းအားထုတ်ကြရသလည်း ဆိုတာ သေချာ မစဉ်းစားမိခဲ့ဘူး မနှင်းရေ ..
ပုံလည်း အပြောကောင်း
စာလည်းအရေးကောင်း
မနှင်းတယောက် နောင်အစဉ်သဖြင့်
ဒီအတွေး၊ အရေးလေးတွေ နဲ့  အောင်မြင်နေနိုင်ပါစေ ...
ပုံပြင်လေးကပိုစိတ်ဝင်စား
စရာဖြစ်အောင် ရေးဖွဲ့ပေးတဲ့
နှင်းနဲ့မာယာကိုလဲအားကျသွားပါကြောင်း.......
ကောင်းတယ်
မနှင်းရေ..
မအားလို့ အခုမှရောက်ဖြစ်ပါတယ်။
ပုံပြင်လေးတွေ အမြဲဖတ်ပါတယ်။ ပြောပြရတာလည်းနှစ်သက်ပါတယ်။
အကယ်ဒမီဆုအတွက် မုဒိတာပွားလျှက် Congratulation လို့ပြောပါရစေရှင်။
ခင်မင်စွာ...
မြသွေးနီ
www.myathwayyni.com
Post a Comment