အိပ်မက် မမက်ချင်တော့ပါ

နေရောညပါ မနားတမ်း လည်ပတ်နေရတဲ့ လေကြောင်းလိုင်းတစ်ခုက လေယာဉ်ဝန်ထမ်း လေဆိပ်ဝန်ထမ်း သုံးသောင်းကျော်ကို နေ့စဉ်အိပ်စက်ချိန်နဲ့ ပက်သက်ပြီး စစ်တမ်းကောက်ထားကို Intranet ထဲမှာတွေ့မိတော့ ထုံးစံအတိုင်း မဲပေးလိုက်မိပါသည်။

တစ်နေ့ကို ရှစ်နာရီထက်ပိုပြီး အိပ်တဲ့သူက ၃% ရှိပြီး ခြောက်နာရီကနေ ရှစ်နာရီကြား အိပ်ချိန်ရှိသူက ၃၂ % ရှိပါသည်။
လေးနာရီမှ ခြောက်နာရီလောက် အိပ်ချိန်ရှိသူကတော့ ၅၄% ဖြစ်ပြီး အများဆုံးစံချိန်တင်ထားပါသည်။
တညကို လေးနာရီထက်နည်းပြီးအိပ်သူအရေအတွက်ကိုလဲ ၁၁% တွေ့ရပါသည်။

ပျမ်းမျှခြင်း လေးနာရီမှ ခြောက်နာရီလောက်သာ ပုံမှန်အိပ်စက်နေရသူတွေများလှတာကို သတိပြုမိတာမို့ အလုပ်ချိန်အပြင် မိမိရဲ့ အားလပ်ချိန်တွေကို နည်းမျိုးစုံနဲ့ ကုန်လွန်စေသူတွေများလှတာကို သတိပြုမိလိုက်ပါသည်။

လေကြောင်းလိုင်းမှာမှ မဟုတ်ပဲ အခြားအခြားသော အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေသူ သူငယ်ချင်းမိတ်ဆွေတွေလဲ အိပ်ချိန် နည်းပါးလွန်းတာကို သိသိသာသာ သတိထားမိပါသည်။
အထူးသဖြင့် ရေခြားမြေခြားမှာ မိသားစုနဲ့ဝေးနေသူတွေမို့ စိတ်ဖိစီးမှုတွေဖြေလျှော့အတွက်ဖို့ မိမိဝါသနာပါတဲ့ ကိစ္စရပ်တွေကို အလုပ်ချိန်ပြင်ပမှာ လုပ်နေကြတာများပါသည်။

အလုပ်ပြီးချိန်မှာ စာရေးသူ စာဖတ်သူ စာကျက်သူ ဂိမ်းကစားသူ ရုပ်ရှင်ကြည့်သူ ကလပ်သွားသူ ဖဲရိုက်သူ အားကစားလိုက်စားသူ ပြင်ပသင်တန်းတက်သူ အင်တာနက်ပေါ်မှာ စိတ်ဝင်စားရာ ဘာသာရပ်တွေကို စူးစမ်းရှာဖွေနေသူတွေကို နေရာတိုင်းမှာ တွေ့ရပါသည်။

အလုပ်ပြီးလို့ အိမ်ပြန်ချိန်မှာ ချက်ပြုတ်စားသောက်ပြီးတာနဲ့ မိမိအတွက် အမှန်အကန်လိုအပ်သော အိပ်စက်အနားယူဖို့အချိန်ကို တွက်ချက်ချန်လှပ်ပြီး မိမိဝါသနာပါရာ အလုပ်တွေကို သဲကြီးမဲကြီး လုပ်နေကြတာမို့ မဖြစ်မနေ အိပ်စက်ရမည့်အချိန်ရောက်မှသာ အိပ်ယာပေါ်မှာ မျက်စိစုံမှိတ်ပစ်သူတွေက များပါသည်။

အားလပ်ချိန် အနားယူချိန်တွေ ရှားပါးလွန်းလှတယ်လို့ တဖွဖွရွတ်နေရင်းက မိမိလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ဖို့ အချိန်တွေကို အပြေးအလွားရှာပြီး မရမက လုပ်နေရတာကလဲ အလုပ်ခွင်မှ ကပ်ပါလာတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါသည်။

၂၄ နာရီလုံးလုံး အလုပ်ကိစ္စ မိသားစုကိစ္စ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ ကိုယ်ရော စိတ်ပါ မြှုပ်နှံထားရသူတွေမို့ ကိုယ်တိုင်ရဲ့ ကျန်းမာရေးအတွက် အချိန်သီးသန့်ယူပြီး အိပ်စက်အနားယူဖို့ မစဉ်းစားမိပါ။ ယောဂလေ့ကျင့်ခန်း စိတ်အပန်းပြေဖို့ အတွက် အကြံပြုထားတဲ့ စိတ်ဖိစည်းမှုလျှော့ချတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဖို့အချိန်မပေးနိုင်ပါ။

ကျွန်မကိုယ်တိုင်လဲ လေးနှစ်အတွင်းမှာ စိတ်ဖိစီးမှုလျှော့ချတဲ့ လေ့ကျင့်ခန်းနဲ့ ယောဂတွဲဖက်ထားတဲ့ သီးသန့် လေ့ကျင့်ခန်းတစ်ခုကို Stress Managemnt အချိန်တို သင်တန်းတစ်ခုမှာသာ လုပ်ခဲ့ဘူးပါသည်။
သင်တန်းက သင်ပေးခဲ့သာ စိတ်ဖိစီးမှု လျော့ချသည့် သီးသန့် လေ့ကျင့်ခန်းအတွက် အချိန် ၁၀ မိနစ်ကို နေ့စဉ် မစီမံနိုင်ခဲ့တာမို့ စိတ်ဖိစီးမှုတွေက တနေ့အခြား များသထက်များလာသလို ခံစားရပါသည်။

အိပ်စက်ချိန်မှာ စနစ်တကျ အိပ်စက်တတ်ဖို့ထက် အိပ်ချိန် လေးနာရီကျန်မလား ငါးနာရီကျန်မလား အပြေးအလွား တွက်ချက်ပြီး အိပ်စက်ရတာမို့ ကျန်းမာရေးနဲ့ ညီညွတ်သော အိပ်စက်ခြင်းကို မရရှိခဲ့တာမဆန်းလှပါ။

Stages of Sleep, Technique of Sleep, Sleep Hygiene, Sleep Requirements တွေကို အပြးအလွား ဖတ်ရှုမှတ်သားခဲ့ဘူးသည့်တိုင်အောင် အသေးစိတ်ကို မလိုက်နာနိုင်ခဲ့။

“All in all make sleep a top priority in your life” လို့သတိပေးထားတာကိုတွေ့ခဲ့သည့်တိုင်အောင် ညစဉ် အိပ်စက်ခြင်းအတွက် နောက်ဆုံးဦးစားပေးအဆင့်မှာသာ ထားမိတတ်ကြပါသည်။ လူမှုရေး စီးပွားရေးနဲ့ ဝါသနာပါရာ အလုပ်ကိစ္စတွေမှာ ပိုင်ဆိုင်သမျှ အချိန်တွေကို ရက်ရက်ရောရော ရင်းနှီးမြှုပ်နှံပစ်ကြတာမို့ မိမိအတွက် လိုအပ်သမျှ အချိန်တွေအားလုံးကို အိပ်စက်ချိန်ထဲမှ ရက်ရက်စက်စက် ယူသုံးပစ်လိုက်ကြတာက အဆိုးရွားဆုံး။

အိပ်စက်ခြင်းဟာ ဇိမ်ခံခြင်းမဟုတ် လူ့ခနာကိုယ်ဖွဲ့စည်းတည်ဆောက်မှုအတွက် မရှိမဖြစ်လိုအပ်ချက် တစ်ခုပဲလို့ပြောကြပါသည်။
နှစ်ခြိုက်စွာ အိပ်စက်ခြင်းဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပေမယ့် အိပ်ချိန်နည်းပါးသူတွေအတွက်တော့ ရောဂါဘယများကို ဖိတ်ခေါ်နေသယောင်ရှိပါသည်။

အိပ်စက်ခြင်းဟာ မှတ်ဥာဏ်ကောင်းစေသလို အသက်ရှည်ဆေးတစ်မျိုးလဲ ဖြစ်ပါသည်။ စိတ်ဖိစီးမှုကို လျော့ကျစေသလို ကိုယ်အလေးချိန်ကိုလဲ ပုံမှန်ထိန်းသိမ်းထားနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသလို စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကိုလဲ အထောက်အကူပြုပါသည်။

အထူးသဖြင့် လူတိုင်းစေ့ စိတ်ဖိစီးမှုဒဏ်ကို အလူးအလဲခံနေရသော လူ့ဘောင်လောကတွင် နှစ်ခြိုက်စွာ အိပ်စက် အနားယူခြင်းဖြင့် စိတ်ဖိစီးမှု စိတ်သောက ဝေဒနာများကို ကုစားနိုင်ပါသည်။

မွေးကင်းစအရွယ်ကလေးငယ်မှ ကွယ်လွန်သေဆုံးချိန်အထိ စိတ်ဖိစီးမှုဒဏ်ကို နည်းမျိုးစုံဖြင့် ခံစားရသည်ဟု သင်တန်းနည်းပြဆရာက ရှင်းပြချိန်တွင် မွေးကင်းစကလေးငယ်ခံစားရသော စိတ်ဖိစီးမှုများနှင့် ပက်သက်ပြီး ဆွေးနွေးချက်များကို ကြားခဲ့ရဘူးပါသည်။

အမိဝမ်းဗိုက်အတွင်း ကိုးလကျော် ဆယ်လခန့်နေခဲ့ရသော ကလေးငယ်သည် အမိဝမ်းမှ ကျွတ်သည်နှင့် မိခင်သားအိမ်နှင့် ပြင်ပလောက၏ မတူညီသော ပတ်ဝန်းကျင်နှစ်ခုကြောင့် ပြင်းထန်စွာ ထိတ်လန့်ပြီး အော်ဟစ်ငိုကြွေးခြင်းဖြင့် စိတ်ဖိစီးမှုဒဏ်ကို စတင်ခံစားရသည်။

ထိုမှတဖန် မွေးကင်းစ ကလေးငယ်သည် ဆာလောင်ခြင်းအတွက် ခံစားရသော စိတ်ဖိစီးမှု နွေးထွေးမှုအတွက် ခံစားရသော စိတ်ဖိစီးမှု အိပ်စက်ခြင်းအတွက် ခံစားရသော စိတ်ဖိစီးမှု နာကျင်ခြင်းအတွက် ခံစားရသော စသည်ဖြင့် သေဆုံးသည့်အချိန်အထိ မဆုံးနိုင်သော စိတ်ဖိစီးမှုများကို ခံစားသွားရမည်ဖြစ်သည်။

စိတ်ဖိစီးမှုပပျောက်အောင် မည်သူတစ်ဦးတစ်ယောက်မျှ မစွမ်းနိုင်ပါ။ စိတ်ဖိစီးမှု ဝေဒနာကို မည်သည့်တန်ခိုးရှင်ကမျှ မကုစားပေးနိုင်ပါ။ သို့သော် ကျွန်မတို့ နေ့စဉ်ခံစားနေရသော စိတ်ဖိစီးမှုများကို လျော့ကျစေရန်အတွက်တော့ စနစ်တကျ ထိန်းချုပ်နိုင်ပါသည်။

နှစ်ခြိုက်စွာ အိပ်စက်ခြင်း တရားထိုင်ခြင်း ယိုးဂလေ့ကျင့်ခန်းကျင့်ခြင်း ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း စိတ်ဖိစီးမှုလျော့ချရန် စိတ်အပန်းဖြေ လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် နေ့စဉ်ခံစားနေရသော လူမှုဘဝမှ စိတ်သောကများကို အတိုင်းအတာတစ်ခုအထိ လျော့ကျစေနိုင်ပါသည်။

တရားထိုင်ရန် လေ့ကျင့်ခန်းလုပ်ရန် ယိုးဂကျင့်ရန် အသက်ရှူလေ့ကျင့်ခန်းလုပ်ရန် နေ့လည်စာစားပြီးချိန်တွင် တရေးတမောမှေးစက်ရန် အခက်အခဲရှိကြသူအားလုံးအတွက် ညအိပ်ချိန်ပုံမှန်ဖြစ်ရန်နှင့် မိမိအတွက်လိုအပ်သော အိပ်စက်ချိန်ပုံမှန်ရနိုင်ရန် လိုအပ်ပါသည်။

အိပ်စက်ချိန်ပုံမှန်ရပါကလဲ စနစ်တကျ အိပ်စက်တတ်ရန်လိုအပ်ပါသည်။ အိပ်ခါနီးအချိန်တွင် ရှိရှိသမျှသော စိတ်သောကများကို မေ့လျော့ပစ်ပီး အိပ်မက်မျှပင် မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့လိုပါသည်။

အိပ်ယာထိုင်ခင်းကို တတ်နိုင်သမျှ သန့်ရှင်းအောင်ထားပြီး အိပ်စက်ခါနီးအချိန်တွင် ခြေလက်သန့်စင် ဆေးကြောသင့်သလို စိတ်ရောကိုယ်ပါ အေးငြိမ်းချမ်းသာစွာ အိပ်စက်မှသာ ကျန်းမာရေးအတွက် အထောက်အကူပြုမည့် အိပ်စက်ခြင်းမျိုးကို ရရှိနိုင်ပါသည်။

စိုးရိမ်သောက စိတ်ဖိစီးမှုတစုံတရာဖြင့် အိပ်စက်ခြင်းဖြင့် အိပ်မက်ဆိုးများကို ဖိတ်ခေါ်နေသလို တရေးနိုးချိန်ကယောင်ကတန်းလန့်နိုးတတ်သော အဖြစ်များနှင့်ကြုံတွေ့ရတတ်ပါသည်။

မိမိအိမ်နှင့် အဝေးတွင် နေရသူများမို့ အိပ်စက်ရာနေရာ အိပ်စက်ရာ ပတ်ဝန်းကျင်က ကျွန်မတို့ရဲ့ အိပ်စက်ခြင်းကို အပြည့်အဝ အကူအညီမပေးနိုင်ပါ။ ငြိမ်သက် အေးချမ်းပြီး အလင်းရောင်မှိန်မှိန် အိပ်ခန်းတွေမှာ အိပ်စက်ရသူထက် မြို့ပြလူနေထိုင်မှုစနစ်တစ်ခုအောက်မှာ ဆူညံပေါက်ကွဲနေသော အိပ်ခန်းတွေမှာ နေ့မရွေးညမရွေး မဖြစ်မနေ ကြိုးစားပြီး အိပ်စက်နေရသူတွေက ပိုလို့များပြားနေခဲ့ပါသည်။

အားကုန်ခမ်းနေတဲ့ ဓါတ်ခဲတစ်လုံးကို အားပြန်ဖြည့်ရုံသက်သက် သဘောမျိုးဖြင့် မဖြစ်မနေ အိပ်စက်ခြင်းဖြင့် အိပ်စက်ရသူအရေအတွက်က စနစ်တကျ အနားယူအိပ်စက်သူအရေအတွက်ထက် အဆပေါင်းများစွာ တိုးပွားနေခဲ့ပါသည်

မွေးကင်းစမှ နှစ်လသားအထိ ကလေးငယ်တစ်ယောက်ဟာ တနေ့ကို တစ်ဆယ့်နှစ်နာရီမှ တစ်ဆယ့် ရှစ်နာရီတိတိ အိပ်စက်ရန်လိုပါသည်။ သုံးလအရွယ်မှ တစ်ဆယ့်တစ်လအရွယ်ကလေးငယ်ကတော့ တစ်ဆယ့်လေးနာရီမှ တစ်ဆယ့်ငါးနာရီအထိ အိပ်စက်ဖို့လိုပါသည်။

တစ်နှစ်အရွယ်မှ သုံးနှစ်အရွယ်အထိ ကလေးငယ်ကတော့ တစ်ဆယ့်နှစ်နာရီမှ တစ်ဆယ့်လေးနာရီအထိ အိပ်စက်ရန်လိုပါသည်။ သုံးနှစ်မှ ငါးနှစ်အရွယ် ကလေးငယ်ကတော့ တစ်ဆယ့် တစ်နရီမှ တစ်ဆယ့်သုံးနာရီအထိ အိပ်ရန်လိုပြီး ငါးနှစ်မှ ဆယ်နှစ်အရွယ်ကလေးငယ်ကတော့ ဆယ်နာရီမှ တစ်ဆယ့်တစ်နာရီခန့် အိပ်စက်ရန်လိုပါသည်။

ဆယ်ကျော်သက်အရွယ် ကလေးများကတော့ ရှစ်နာရီမှ ကိုးနာရီခန့် အိပ်စက်သင့်ပြီး အရွယ်ရောက်သူများအားလုံးကတော့ ခုနစ်နာရီမှ ကိုးနာရီအထိ အိပ်စက်သင့်ကြောင်း အကြံပြုထားခဲ့ပါသည်။

သိပ်မကြာခင်ကမှ ကျွန်မတွေ့ရှိခဲ့သော စစ်တမ်းအရ ကျွန်မတို့ပတ်ဝန်းကျင်တွင် လေးနာရီမှ ခြောက်နာရီခန့်သာ အိပ်စက်သူက ငါးဆယ်ရာခိုင်နှုန်းကျော်နေတာမို့ ကျွန်မတို့ ဇီဝဖြစ်စဉ်တွေအတွက် လုံလောက်တဲ့ အိပ်စက်ခြင်းတွေကို မရရှိနိုင်တာ သေချာနေပါသည်။

အိပ်စက်ချိန် နည်းပါးခြင်း နှစ်ခြိုက်စွာ အနှောင့်အယှက်ကင်းစွာ အိပ်စက်ဖို့ စည်းစိမ်မရှိခြင်းဟာ မြို့ပြ ယဉ်ကျေးမှုတစ်ရပ်လို့ မဆိုချင်ပါ။ နိုင်ငံခြားရောက် လူမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့လဲ မပြောချင်ပါ။
ခေတ်လူငယ်တွေပြောနေကျ လက်သုံးစကားတစ်ခုဖြစ်တဲ့ စတိုင်လို့လဲ မပြောချင်ပါ။

စားတော့အသား အိပ်တော့ အား လို့လူကြီးတွေ ပြောခဲ့ကြပါသည်။
စိတ်ရောကိုယ်ပါ အနားရချိန် စည်းစိမ်အရှိဆုံးအချိန်ဟာ ခေတ္တ အိပ်စက်အနားယူချိန်တွေပဲ ဖြစ်တာမို့
ကျွန်မတို့ရဲ့ ရှားပါးလှသော အိပ်ချိန်များထဲမှ အိပ်စက်ခြင်းကို အနှောင့်အယှက် ပေးတတ်သော
အိပ်မက်တွေ မက်ဖို့အတွက် အချိန်မပေးချင်တော့ပါ။
အိပ်မက်လှလှတွေလဲ မမက်ချင်ပါ။။။။။

အိပ်ချိန်ရှားပါးလှသော သူငယ်ချင်း မိတ်ဆွေများအားလုံးကိုလဲ အိပ်မက်လှလှ မမက်စေလိုတော့ပါ။။။
ညစဉ်နဲ့အမျှ အိပ်မက်မမက်ပဲ အိပ်စက်နိုင်ဖို့ကိုသာ ကျွန်မတို့ တောင့်တနေမိပါသည်။

(မှတ်ချက် အိပ်ချိန်နည်းပါးလှသော သူငယ်ချင်းများအားလုံးအတွက် ဒီပို့စ်လေးကို ကျွန်မရဲ့ အိပ်စက်ချိန်ထဲက လေးနာရီတိတိ မျှဝေသုံးစွဲပြီးရေးပါသည်။)

7 comments:

ကိုဇော် said...

အစစ်ပါပဲလေ. . . ကျနော့်ကို ကြည့်ုပြီးတော့ ရေးသလားလို့တောင်မှ ထင်မိပါတယ်။ တစ်ခါတလေ ၃ ရက်မှာမှ စုစုပေါင်း ၅ နာရီလောက်ပဲ အိပ်လိုက်ရတဲ့ ရက်တွေ ဒု နဲ့ ဒေး ပါပဲ။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ ဒီလိုမှ မလုပ်ရင် ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့် ရတော့မှ မဟုတ်ဘူး။ ဒါကြောင့် ပျော်လား ဆိုတော့ ပျော်ပါတယ်။

သဒ္ဓါလှိုင်း said...

အိပ်ချိန်နည်းတဲ့သူတွေအတွက် ဝါသနာပါတဲ့အလုပ်တွေမှာ စိတ်ခံစားမှုလျော့ကျစေနိုင်တဲ့အလုပ်တွေကို လုပ်နေရင်း မသိမသာ အိပ်ချိန်တွေ လျော့ကျလာကြတယ်. အကျိုးဆက်ကတော့ စိတ်တွေပုံမှန်မဟုတ်နိုင်ကြတော့သလိုပါပဲ.။
ချစ်တဲ့
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

အိပ်ချိန်နည်းတဲ့သူတွေထဲမှာ ထိပ်ဆုံးကပါတယ်း)
စာမရေးခင်ကတော့ အိပ်ချိန်လုံလောက်ပါတယ်
ခုတော့ ပိုပိုဆိုးလာတယ်။ တစ်ချို့ရက်ဆို တော်တော်ကိုနည်းပါတယ်။
ဒါပေမဲ့ အိပ်ချိန်ကောင်းကောင်းယူပြီး အိပ်ရေး၀၀ အိပ်နိုင်အောင်ကြိုးစားပါဦးမယ်

ကိုကိုမောင်(ပန်းရနံ့) said...

မနှင်းရေ...
စောစော အိပ်ရာဝင်ရင် အချိန်တွေ နှမြောလွန်းလို့ တစ်ခါတစ်ခါဆို မနက် ၄ နာရီလောက်မှ အိပ်ဖြစ်တယ်။ ဒါကြောင့်မို့ အိပ်ရာက နိုးထလာတဲ့အခါ စိတ်က မရွှင်တော့ဘူး။ အိပ်ချိန်နဲလေလေ မှတ်ဥာဏ်နဲလေလေ ဖြစ်လာသလို ခံစားမိတယ်။ ဒါကြောင့် အခုတော့ တစ်ရက်ကို ၅ နာရီမှ ၆ နာရီထိ အိပ်ဖို့ ကြိုးစားလေ့ကျင့်နေရတယ်။

မတွေ့တာလဲ အတော်ကြာပြီနော်။ အခုလို အိပ်ချိန်ထဲက ဖဲ့ပြီး စာရေးပေးတာ ချီးကျူးပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။

အားလုံးအဆင်ပြေပါစေ။

ခင်မင်လျက်

blackroze said...

ဟုတ်တယ်..မရေ
ကျမလဲအိပ်ချိန်တအားနည်းတယ်..
တနေ့ဘယ်နှစ်နာရီဆိုတာတောင်
သေချာမသိဘူး
တခါတခါ 4နာရီလောက် တခါတခါ 6နာရီလောက်
ပုံမှန်ကိုမရှိဘူးအမရယ်..

december said...

ကောင်းတယ်
ကျေးဇူး

comeonkiss said...

ကြိုက်တယ်ဗျာ
အိပ်ရေးပျက်များနေတာနဲ့ အတော်ပဲ
ကိုယ့်ကျန်းမာရေးကိုယ် ပြန်ဂရုစိုက်အုံးမှပဲ။
အိပ်ရေး၀၀အိပ်ခွင့်ရကြပါစေဗျာ

ဒူဘိုင်းရောက် ရွှေမြန်မာများရဲ့

Documents for Embassy

Middle East ရောက် မြန်မာများအတွက် passport သက်တမ်းတိုးရန်နှင့် အခွန်ဆောင်ရန် လိုအပ်သော စာရွက်စာတမ်းများ - ဆော်ဒီသံရုံး -

ဧည့်မှတ်တမ်းလေး

My Blog List