သစ်ပင်စိုက်သူများ

ကျွန်မရဲ့ အခန်းပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တိုင်း နေပြင်းပြင်းအောက်မှာ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ ဆောက်လက်စ အဆောက်အဦတွေ အနိမ့်အမြင့် မညီတဲ့ တိုက်ကြီးတွေနဲ့ စူပါမားကက်အချို့ကိုသာ တွေ့ရလေ့ရှိပါသည်။

အခုလိုနွေကာလရဲ့ ပြင်းပြတဲ့ နေရောင်အောက်မှာ ကျွန်မ မက်မက်မောမော တောင့်တနေမိတာက အရွက်စိမ်းစိမ်း အရွက်ဖားဖားတွေနဲ့ အေးမြတဲ့ အရိပ်ကိုပေးနိုင်မယ့် သစ်ပင်တစ်ချို့ပဲဖြစ်ပါသည်။

ကျွန်မနေထိုင်ကြီးပြင်းခဲ့တဲ့ ဒေသတွေမှာရှိတဲ့ ကုက္ကိုပင်လို ညောင်ပင်လို အရိပ်ကောင်းကောင်း ပေးနိုင်တဲ့ သစ်ပင်တွေ မဟုတ်ရင်တောင် နွေအပူဒဏ်ကို အလူးအလိမ့်ခံနေရတဲ့ နေရာတစ်ခုမှာ မျက်စိအေးစေရုံသက်သက် ရင်အေးစေရုံသက်သက် ပြုစုပျိုးထောင်ထားတဲ့ အစိမ်းရောင်စိုစို အလှစိုက်သစ်ပင် ပန်းပင်တွေကို မကြာခဏ တောင့်တမိပါသည်။

သစ်ရိပ်ဝါးရိပ်တွေရဲ့ အဝေးကိုရောက်မှ သစ်ရိပ်ဝါးရိပ်တွေရဲ့ တန်ဘိုးကို သတိတရတတ်တာ လွမ်းတတ်တာ သိပ်တော့မဆန်းလှပါ။

နွေလည်ကာလမဟုတ်ပေမယ့် နေ့အပူချိန်က ၃၅ဒီဂရီစင်တီဂရိတ်ကနေ ၄၂ ဒီဂရီစင်တီဂရိတ်လောက်အထိ ပူပြင်းသလို လေထုထဲမှာ ရေငွေ့ပါဝင်နှုန်းက ရာခိုင်နှုန်း ငါးဆယ်သာသာမှာပြနေတာမို့ လေပူပူ နေပူပူ အောက်မှာ သစ်ရိပ်ဝါးရိပ်ကို ဖြတ်တိုက်လာတဲ့ လေနုအေးအေးလေးကို မကြာမကြာ တမ်းတမိပါသည်။

နောက်လတွေဆိုရင် နေ့အပူချိန်က ၄၀ ဒီဂရီထက်ကျော်ပြီး ၄၅ ဒီဂရီလောက်အထိလည်း တက်ချင်တက်လာနိုင်ပါသည်။ ဒီဒေသမှာ အပူချိန် အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ ၂၀၀၈ ဇွန်လရဲ့ အပူချိန်ကိုတော့ ၅၁ ဒီဂရီအထိ ဖော်ပြထားတာကို တွေ့ခဲ့ဘူးပါသည်။
လေးနှစ်ကျော် ငါးနှစ်နီးပါးနေသားကျနေပေမယ့် ခြောက်သွေ့ပူပြင်းပြီး လေထန်တဲ့ ရာသီဥတုအောက်မှာ သစ်ပင် ဝါးပင်တွေရဲ့ အရိပ်တွေကို ငတ်မွတ်နေမိတာနဲ့အမျှ အပူပိုင်းကန္တာရမှာ ပေါက်လေ့ရှိတဲ့ သစ်ပင်ကြီးတွေ ဘယ်လိုနေရာတွေမှာ တွေ့နိုင်မလဲလို့ တခါတရံ စဉ်းစားမိတတ်ပါသည်။

ကန္တာရနိုင်ငံပီသစွာ အချို့အချို့သော အထင်ကရ လူစည်ကားလှတဲ့ နေရာတွေမှာတော့ လူတစ်ရပ်သာသာရှိတဲ့ စွန်ပလွန်ပင်တွေ အုန်းပင်လိုလို ထန်းပင်လိုလို အပင်တွေနဲ့ အလှဆင်စိုက်ပျိုးထားတဲ့ ရောင်စုံပန်းခင်းတွေ မြက်ခင်းစိမ်းစိမ်းတွေကို တွေ့ရတတ်ပါသည်။


ဆောင်းတွင်းကာလ နေ့လည်နေ့ခင်း အလုပ်ပြန်ချိန်တွေမှာ ကျွန်မအရပ်ထက် အနည်းငယ်ပိုမြင့်တဲ့ စွန်ပလွန်ပင်တန်းတွေဘက်ကကွေ့ပတ်ပြီး လမ်းလျှောက်ပြန်ခဲ့ဘူးပါသည်။

မြက်ခင်းစိမ်းတွေပေါ်ကြွေကျနေတဲ့ စွန်ပလွန်သီး စိမ်းစိမ်းလေးတွေက မြက်ခင်းရဲ့ အရောင်နဲ့ ရောနေတာမို့ အသီးကင်းလေးတွေကို မနင်းမိအောင် သတိထားနင်းကျော်ရင်း မြက်ခင်းတွေပေါ်မှာ မြွေလိမ်မြွေကောက် ဖြတ်လျှောက်ရတဲ့ အရသာကိုလဲ ထူးထူးခြားခြား နှစ်သက်မိပါသည်။

အလှမွေးထားတဲ့ မြက်ခင်းစိမ်းစိမ်းတွေပေါ် ဖြတ်နင်းလာရင်း အပိုင်းပိုင်းဖြတ်ပြီး ပုံထားတတ်တဲ့ လေးထောင့်စပ်စပ် စိမ်းစိမ်းစိုစို မြက်ခင်းတွေကိုမြင်တိုင်း ဘာမြက်အမျိုးအစားမျိုးဖြစ်မလဲ…. အပူပိုင်းဒေသမှာသာ စိုက်လို့ရတဲ့ ဘာမြူဒါမြက်ပင်များလား စိန့်သြဂတ်စတင်းမြက်ပင်များလား အခုဆိုရင် ဒီမြက်ပင်တွေရဲ့ ဈေးက ဘယ်လောက်လောက်ရှိနေပြီလဲ…. ဒီလို ပူပြင်းတဲ့ ဒေသမှာ ဒီလို မြက်ခင်းစိမ်းစိမ်းတွေ နေရာတိုင်းမှာ ရှိနေရင် ကောင်းမှာပဲ……စသည်ဖြင့် ရောက်တတ်ရာရာ လျှောက်တွေးနေတတ်ပါသေးသည်။

ဒါပေမယ့် အခုလို နွေကာလ နေ့လည်ခင်းချိန်တွေမှာတော့ ကျွန်မ နှစ်သက်တဲ့ စွန်ပလွန်ပင်တွေအောက်မှာ လမ်းလျှောက်ဖို့ မလွယ်တော့ပါ။

တကယ်ဆို အဒီရပ်ဒေသကို မရောက်ခင်အချိန်အထိ သစ်ပင်တွေ ပတ်ဝန်းကျင်ရာသီဥတုတွေကို သိပ်စိတ်မဝင်စားခဲ့ပါ။

သစ်ပင်စိုက်ဖို့ကိုလဲ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူးပါ။

ကျွန်မမွေးဖွား ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာတော့ သစ်ပင် ခြံမြေတွေကို ချစ်မြတ်နိုးသူတွေနဲ့ ပြည့်နှက်နေခဲ့ပါသည်။ ကျွန်မရဲ့ ဘိုးဘွားတွေကစလို့ ကျွန်မရဲ့ မိဘ ဦးကြီး ဒေါ်ကြီးများ ဆွေမျိုးများအားလုံး သစ်ပင် ခြံမြေ ဥယျာဉ်တွေကို ချစ်ခင်တွယ်တာသူတွေ သစ်ပင်စိုက်ဖို့ လက်မတွန့်ကြသူတွေ ဖြစ်ကြပါသည်။

သစ်ပင်စိုက်တဲ့ အလေ့အထကို မျိုးဆက်တွေအနေနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တော့ ကျွန်မရဲ့ နှစ်ဘက်သော အဘိုးအဘွားတွေက သစ်ပင်ကို မြတ်နိုးချစ်ခင်ကြသူတွေဖြစ်သလို အခွင့်အရေးရတိုင်း သစ်ပင် ပန်းပင်တွေ စိုက်ပျိုးခဲ့ကြသူများဖြစ်ပါသည်။

ကျွန်မရဲ့ မိဘတွေနဲ့ ဦးကြီး ဒေါ်ကြီးများကလဲ သစ်ပင်စိုက်သူ သစ်ပင်ချစ်ကြသူများဖြစ်ကြပါသည်။

ဒါပေမယ့် ကျွန်မတို့ မောင်နှမတွေလက်ထက်မှာတော့ သစ်ပင်စိုက်ဖူးသူ မရှိသလောက်ကို ရှားပါးသွားပါသည်။ တကယ်ဆို ကျွန်မတို့ မောင်နှမတွေကို သစ်ပင်စိုက်ဖို့ စိတ်မဝင်စားကြသူများ လို့လဲ ပြောလို့ရပါသည်။

လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ကျွန်မရဲ့ အကိုကတော့ ဖေဖေ့ရဲ့ ဖိအားပေးမှုကြောင့် မြို့နဲ့မနီးမဝေး စိုက်ပျိုးရေးဇုန်တစ်ခုမှာ ခြံတစ်ခြံဝယ်ပြီး သီးပင် စားပင်တွေစိုက်ခဲ့ဘူးပါသည်။

ခြံဝယ်ပြီးစ အချိန်တုန်းကတော့ စနေတနင်္ဂနွေ ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ ဖေဖေက သားသမီးတွေအားလုံးကိုခေါ်ပြီး ခြံထဲ ဆင်းလေ့ရှိပါသည်။

တနေ့လုံး စားဖို့ စားစရာတွေအပြင် အပင်စိုက် ပေါင်းသင်မြက်နှုတ် ရေလောင်း ခြံရှင်းဖို့ ကိရိယာ တန်ဆာပလာအစုံအလင်နဲ့ ခြံထဲဆင်းချိန်တွေမှာ အဖေနဲ့တကွ ကျွန်မရဲ့ အကိုတွေအားလုံး ပျော်ရွှင်နေလေ့ရှိပါသည်။

နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း စီးပွားရေးတစ်ခု မဟုတ်တာမို့ အဲဒီခြံကို ဆက်လက် ထိန်းသိမ်းခြင်းအလုပ်ကို ရပ်ပြီး ပစ်ထားခဲ့တာ အခုအချိန်ထိပဲ ဖြစ်ပါသည်။

မှတ်မှတ်ရရ ကျွန်မတို့ မောင်နှမတွေအားလုံး ငယ်ဘဝကိုတော့ သစ်ပင်တွေ ကြားမှာ ဖြတ်သန်းခဲ့ဘူးပါသည်။ နွေရာသီ ကျောင်းပိတ်ရက်တွေကို ဧကပေါင်းများစွာ ကျယ်ဝန်းလှသော စံပါယ်ခြံ သရက်ခြံကြီးတွေထဲတွင် တလှည့် သီးပင်စားပင်တွေနဲ့ ပြည့်နှက်နေတဲ့ ဥယျာဉ်ခြံကြီးထဲမှာ တလှည့် ကုန်ဆုံးခဲ့ဘူးပါသည်။

ဒါပေမယ့် ကျွန်မတို့ မောင်နှမအားလုံးကတော့ မြို့စော်နံချင်သူတွေပီပီ မြို့ကြီးသားဖြစ်ချင်သူတွေ ပီပီ သစ်သီးတွေ ခွဲစားချိန်ကလွဲလို့ စားပင်သီးပင် ပန်းပင်တွေအနားသို့ပင် မကပ်ခဲ့ဘူးပါ။

ကျွန်မ ပထမနှစ်စတက်ချိန်မှာလဲ ပန်းပင်လေးတွေကို ချစ်ခင်မြတ်နိုးလှတဲ့ သူငယ်ချင်းမလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ပါသည်။ သစ်ပင် ပန်းပင်တွေကို စိတ်မဝင်စားခဲ့ပေမယ့် ကျွန်မက သူငယ်ချင်းကို ချစ်ခင်စိတ်နဲ့ သူမသွားလေရာ သစ်ပင်ပန်းမာလ်ပြပွဲတွေကို သူမနဲ့အတူတူရောက်ခဲ့ပါသည်။

ရန်ကုန်မြို့မှာ ရှိရှိသမျှသော ပျိုးဥယျာဉ်တွေကို သူမနဲ့အတူတူ မကြာမကြာရောက်ခဲ့ပါသည်။ သူမနေတဲ့ တိုက်ခန်းရဲ့ ဝရန်တာ သေးသေးလေးမှာ စင်သေးသေးလေးတွေ ရိုက်ပြီး ကျပ်ညပ်နေအောင် စိုက်ထားတဲ့ ပန်းအိုးတွေကြားမှာ သူမနဲ့အတူတူ စာကျက်ခဲ့ဘူးပါသည်။

ဝရန်တာမှာ တွဲလောင်းချိတ်ဆွဲထားတဲ့ သစ်ခွပန်းပင်လေးတွေကို အောက်ဆီဂျင်ပေးပြီး တယုတယ စိုက်နေတာကိုမြင်တိုင်းလဲ “ရှင်က စိတ်ရှည်လိုက်တာနော်” လို့ အသံထွက်ပြီး ချီးကျူးမိပါသည်။ ကျွန်မက သူမလို ပန်းပင်တွေကို တယုတယ မြတ်နိုးတတ်သူမဟုတ်လို့ သူမရဲ့ စိတ်ရှည်မှုကိုတော့ လေးစားခဲ့ဘူးပါသည်။

ရန်ကုန်မှာနေတဲ့ ကျွန်မရဲ့ အဘွားကတော့ အိမ်မှာ ဂမုန်းပင်ပေါင်းစုံကို ပန်းအိုးစင်လေးတွေ ရိုက်ပြီး စိုက်ထားပါသည်။ အဘွားရဲ့ အိမ်မှာ ဂမုန်းပင်တွေကို နေ့စဉ်တွေ့နေရတတ်ပေမယ့် ကလေးပီပီ အရောင် အနံ့မရှိ အသီး အပွင့်မရှိတာမို့ သိပ်စိတ်မဝင်စားခဲ့ပါ။

အဘွားရဲ့ ဂမုန်းပင်တွေထဲမှာမှ ရှားရှားပါးပါး ကျွန်မစိတ်ဝင်စားခဲ့ဘူးတဲ့ တစ်ပင်တည်းသော ဂမုန်းပင်ကတော့ ပန်းပွင့် ဖြူဖြူဝိုင်းဝိုင်းလေးပွင့်တဲ့ လဝန်းဂမုန်းပင်လေးတစ်ပင်ပဲ ဖြစ်ခဲ့ပါသည်။

လဝန်းဂမုန်းပင်က ပွင့်တဲ့ ဂမုန်းပန်းလှလှလေးကိုတော့ ကျွန်မရဲ့အချစ်တော် ဆရာမလေးအတွက် ကျောင်းသွားချိန်မှာ တယုတယ ယူသွားခဲ့ဘူးပါသည်။

ဂမုန်းပင်တွေအပြင် အခြားဆေးဘက်ဝင် အပင်အချို့ကိုလဲ အဘွားက စိတ်ရှည်လက်ရှည် စိုက်ထားခဲ့ပါသည်။

အဘွားရဲ့ ဆေးဘက်ဝင်ပင်တွေထဲမှာမှ အိမ်ရှေ့တည့်တည့်မှာ စိုက်ထားတဲ့ မရိုးကြီးပင်ကတော့ အင်မတန် အသုံးတည့်လှပါသည်။ အိမ်ရှေ့က ဖြတ်သွားဖြတ်လာသူတွေက ပန်းဖြူဖြူလေးတွေ ပွင့်နေတဲ့ မရိုးကြီး ပင်ကိုတွေ့တိုင်း သူ့ရဲ့ အသုံးတည့်ပုံကို မေးမြန်းပြီး ကိုင်းချိုးသွားလေ့ရှိပါသည်။

ကျွန်မရဲ့ ဖေဖေကတော့ ကြုံရင်ကြုံသလို အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ မြေလွတ် မြေကွက်လပ်တွေမှာ စားပင်တွေ အရိပ်ရပင်တွေ စိုက်လေ့ရှိပါသည်။ ဖေဖေစိုက်ခဲ့တဲ့ အပင်တွေထဲမှာ ကြခတ်ဝါးပင်တွေလဲ ပါပါသည်။

နွေရာသီ ပူပြင်းတဲ့ နေရောင်အောက်မှာ အရိပ်တစ်ခုရအောင်ဖန်တီးထားတဲ့ ဖေဖေရဲ့ ဝါးပင်တွေရဲ့ တန်ဘိုးကို အရိပ်ခိုဖူးသူတိုင်းက အသိအမှတ်ပြုကြပါသည်။ ဝါးပင်တွေကို စိုက်ထားတာမို့ အန္တရာယ်ရှိတဲ့ တိရိစ္ဆာန်တွေခိုအောင်းမှာစိုးတာမို့ ဝါးပင်လေးတွေရဲ့ ခြေရင်းကို အမြဲတမ်းရှင်းလင်းနေအောင် သန့်ရှင်းရေးလုပ်တဲ့ တာဝန်ကိုလဲ ကျွန်မရဲ့ ဖေဖေကပဲ ယူထားခဲ့ပါသည်။

တခါတရံမှာတော့ မေမေက ဖေဖေ့ဝါးပင်အောက်ခြေကို အမှိုက်ရှင်းတဲ့ တာဝန်ကို ပူးတွဲပြီး ယူပေးပါသည်။

နယ်မှာရှိတဲ့ အဘိုးရဲ့ အိမ်မှာလဲ အိမ်ရဲ့ လေးဘက်လေးတန်လုံးမှာ စားပင်သီးပင်တွေနဲ ပြည့်နေတတ်ပါသည်။

အဘိုးရဲ့ အိမ်ရှေ့တည့်တည့်မှာတော့ လမ်းသွားလမ်းလာများကို တချိန်လုံး မျက်ခမ်းလှုပ်စေတတ်တဲ့ ဒူးရင်ပင်တစ်ပင်ရှိပါသည်။ နေ့မရွေးညမရွေး ဒူးရင်းသီးကြွေကျသံကြားရတိုင်း လမ်းသွားလမ်းလာတွေကို ထိခိုက်မှာစိုးစိတ်နဲ့ အဘိုးရော အဘွားရော စိုးထိတ်နေခဲ့ဘူးပေမယ့် ဒူးရင်းပင်ကကြွေကျလာတဲ့ ဒူးရင်းသီးကတော့ လမ်းသွားလမ်းလာတွေကို ဒုက္ခမဖြစ်စေခဲ့ပါ။

ညတုန်းက ဒူးရင်းသီး ကြွေကျသံကြားတယ်လို့ အိမ်သားတစ်ယောက်က ပြောသံကြားမိတဲ့ မနက်ခင်းတိုင်းမှာ အိမ်ရှေ့က ကွန်ကရစ် အုတ်ခုံလေးပေါ်မှာ ဒူးရင်းသီးတစ်လုံးကို မြင်တွေ့ရစမြဲ။ ဖြတ်သွားဖြတ်လာတွေက လူသွားလမ်းပေါ်မှာ ကြွေကျနေတဲ့ ဒူးရင်းသီးကို ကျော်ခွမသွားတတ်ကြ ကန်ကျောက်သွားဖို့လဲ မစဉ်းစားကြ။ ကျွန်မတို့ အပင်ကသီးတဲ့ အသီးဆိုတာကို သိနေကြတာမို့ ကျွန်မတို့ အိမ်ရှေ့က အုတ်ခုံလေးပေါ်မှာ သိတတ်စွာ တင်ပေးသွားတတ်ပါသည်။

ဒူးရင်းပင်ရဲ့ ဘေးဘက်က မြေကွက်လပ်တွေမှာတော့ သဘာဝအတိုင်းပေါက်နေတဲ့ စကြာင်္ပန်းဖြူဖြူလေးတွေနဲ့ ငှက်ပျောပင်တွေရှိပါသည်။

အိမ်ရဲ့ အနောက်ဘက်မှာလည်း များပြားလှတဲ့ အဘိုးရဲ့ ငှက်ပျောပင်တွေနဲ့အတူ ကိုင်းလုံးညွတ်မျှ သီးတတ်သော ဒန့်သလွန်ပင် သင်္ဘောပင် ကျွဲကောပင်များရှိပါသည်။

ငှက်ပျောပင်တွေများလွန်းတာမို့ အိမ်နောက်ဘက်ခြမ်းကို ငှက်ပျောတောလို့ ခေါ်လေ့ရှိပီး အဘိုးရဲ့ ငှက်ပျောတောကတော့ မျောက်တွေလို အဆော့သန်လှတဲ့ သူ့ရဲ့မြေးတွေအတွက် အတော်လေးကို အသုံးဝင်လှပါသည်။ ကျွန်မရဲ့ အကိုတွေ မောင်တွေ အပြစ်တစုံတရာလုပ်မိတိုင်း အဘိုးက ငှက်ပျောပင်တွေမှာ ကြိုးနဲ့ချည်ပြီး ဒဏ်ပေးလေ့ရှိပါသည်။ ပြီးတော့ ငှက်ပျောပင်က ခွာလို့ရတဲ့ ငှက်ပျောဖတ်တွေနဲ့ မနာကျင်စေအောင် တဖတ်ဖတ်ရိုက်ပြီး မြေးတွေကို ပြစ်ဒဏ်ပေးတတ်ပါသေးသည်။

အိမ်ရဲ့ ဘေးဘက်ခြမ်းမှာလဲ စင်တင်ပြီးစိုက်ထားတဲ့ ကြက်ဟင်းခါးပင်တွေနဲ့ ငရုတ်သီးစိမ်းပင်များ သင်္ဘောပင်များ ရှိပါသည်။

ရန်ကုန်က မြေတွေနဲ့ယှဉ်ရင် နယ်ကမြေက မြေဆီမြေနှစ်ပိုကောင်းတယ် အပင်စိုက်ရင် ပိုဖြစ်ထွန်းတယ်လို့ အဘိုးကပြောတိုင်း မူလတန်းကျောင်းသူကျွန်မက သဲရောင်စုံ ရွှံ့ရောင်စုံတွေတူးလို့ရနေတဲ့ အဘိုးရဲ့ခြံထဲက မြေပျော့ပျော့တွေကို ပြေးမြင်တတ်ပါသည်။

ကလေးတစ်ယောက်ရဲ့ အတွေးမှာတော့ အဘိုးပြောပြောနေတတ်တဲ့ မြေဆီမြေနှစ်ဆိုတာကို ကျွန်မတို့ကလေးတွေ ချစ်တဲ့ သဲရောင်စုံ ရွှံ့ရောင်စုံ မြေကြီးအရောင်စုံလို့ပဲ အလွယ်တကူ မှတ်ထားခဲ့ဘူးပါသည်။

အဘိုးတွေ အဘွားတွေ ကျွန်မတို့ရဲ့ မိဘတွေ စိုက်ထားတဲ့ သစ်ပင်တွေကို ရေတွက်ကြည့်ရင် မမှတ်မိနိုင်လောက်အောင် များပြားနေပေမယ့် ကျွန်မတို့ရဲ့ မျိုးဆက်ကို ရောက်လာချိန်မှာတော့ ကျွန်မတို့ စိုက်ခဲ့တဲ့ သစ်ပင်ဆိုပြီး လက်ညှိုးထိုးပြစရာ မရှိခဲ့ပါ။

ခေတ်ကာလယန္တယားနဲ့အညီ လည်ပတ်နေကြသူများမို့ ကျွန်မတို့မောင်နှမတွေအားလုံး သစ်ပင်စိုက်ဖို့ အချိန်မပေးနိုင်ခဲ့ပါ။

ကျွန်မရဲ့အကိုတွေကတော့ ယောက်ျားလေးပီပီ သစ်ပင်စိုက်ဖို့ထက် ဘောလုံးကန်ဖို့ ခြင်းခတ်ဖို့ ငါးမျှားထွက်ဖို့ အရေးကိစ္စတွေကို ပိုလို့ စိတ်ဝင်စားတတ်ပါသည်။
ကျွန်မရဲ့ မိဘတွေ အိပ်မက်မက်နေကြသလို သစ်ပင်တွေ ဥယျာဉ်ခြံမြေတွေကြားမှာ ကြီးပြင်းအသက်ရှင်ဖို့ ဘဝရဲ့ အဆုံးပိုင်းအချိန်တွေကို သစ်ပင် ပန်းပင်တွေကြားမှာ ကုန်ဆုံးဖို့လဲ စိတ်မကူးခဲ့ကြပါ။

နွေရာသီ အပန်းဖြေခရီးတစ်ခုမှာတော့ တောင်ပေါ်ဒေသက စိန်တလုံးသရက်ခြံတစ်ခြံကို မျက်စိလည်ပြီး ရောက်သွားခဲ့ဘူးပါသည်။ သရက်ပင်ပုပုလေးတွေကြားက မြေစိုက်တဲသေးသေးလေးထဲမှာ ထိုင်ပြီး ခြံထွက် သရက်သီး ချိုမြမြကို မြည်းစမ်းကြည့်မိချိန်မှာတော့ ဖေဖေ့ရဲ့ ဆန္ဒတစ်ခုဖြစ်တဲ့ ကိုယ်ပိုင်သစ်ပင်တစ်ပင် စိုက်ပျိုးကြည့်ဖို့ စိတ်ကူးက ပြန်ပေါ်လာခဲ့ပြန်ပါသည်။

သစ်ပင်လေး တစ်ပင်တလေလောက် စိုက်ဖူးတယ်ရှိအောင်စိုက်ကြည့်ပါလား သမီးရယ်လို့ ဖေဖေပြောလာစဉ်အချိန်တုန်းကတော့ ဖေဖေ့ရဲ့ စေတနာကို သိပ်ပြီး နားမလည်တတ်ခဲ့ပါ။

မဆိုစလောက်ရရှိလာတဲ့ ခြံထွက်သီးနှံတွေကို ခူးဆွတ်ခွင့် ရတဲ့အတွက် ရတဲ့ ပီတိတွေ ပျော်ရွှင်မှုတွေကို သားသမီးတွေကို မျှဝေပေးချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဖေဖေစားပင်သီးပင်တွေကို စိုက်စေချင်ခဲ့တာပဲ ဖြစ်ပါသည်။

ကိုယ်တိုင် စိုက်ထားတဲ့ သစ်ပင်လေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို စောင့်ကြည့်နေရတဲ့ ပီတိကိုလဲ ကျွန်မတို့ကို သိစေချင်ပုံရပါသည်။

ပြီးတော့ သစ်ပင်တွေကြားမှာ ချွေးတလုံးလုံးနဲ့ အလုပ်ရှုပ်နေရခြင်းကိုလဲ သဘာဝ အားကစားတစ်ခုလို့ အဖေက သတ်မှတ်ထားပုံရပါသည်။
တကယ်ဆို ကျွန်မရဲ့ ဖေဖေက သစ်ပင်တွေ သစ်တောတွေပြုန်းတီးကုန်လို့ ဂေဟ စနစ်တွေ ပြောင်းလဲနေတယ် ရာသီဥတုတွေ ဆိုးဝါးလာနိုင်တယ်ဆိုတာတွေကို တွေးတော ပူပန်တတ်သူမဟုတ်ပါ။

အမေဇုန်သစ်တောကြီး တစတစပျောက်ဆုံးနေတဲ့ နောက်ကွယ်က မမြင်နိုင်တဲ့ သဘာဝ ဘေးအန္တာရယ်တွေ မြန်မာလူမျိုးတွေ တနှစ်ကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ တန် ၂၀ လောက် လေထုထဲကို ထုတ်လွတ်နေတယ်ဆိုတဲ့ လောဂျစ်တွေကိုလဲ ဖေဖေသိနေခဲ့လို့မဟုတ်ပါ။

ကျွန်မတို့ တစ်ဦးချင်းစီက ဖြစ်လာတဲ့ ၀.၂ တန်မျှသော ကာဗွန်တွေဟာ နာဂစ်လို ဂီရိလို ဆိုးရွားတဲ့ မုန်တိုင်းတွေ ဖြစ်စေတဲ့ အတွက် သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တာဝန်တစ်ရပ်အနေနဲ့ သစ်ပင်စိုက်စေချင်ခဲ့တာမဟုတ်ပါ။

သရက်သီးစိတ်ချိုချိုလေးကို မြည်းစမ်းရင်း မလှမ်းမကမ်းက သရက်ပင်ပုပုလေးတွေဆီကို ငေးမိချိန်မှာတော့ ခြံရှင်မှ သရက်ပင်စိုက်ချင်ရင် နည်းလမ်းပေးမယ်လို့ စကားစလာတာမို့ သရက်ပင်တစ်ပင်ပျိုးကြည့်ဖို့ စိတ်ကူးပေါ်လာပြန်ပါသည်။

ခြံပိုင်ရှင်ကလဲ မြေပဒေသာကျွန်းမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသူ ဝါရင့် စိုက်ပျိုးရေးပညာရှင်တစ်ယောက်ဖြစ်နေတာမို့ သူသင်ပေးတဲ့ သရက်ပင် စိုက်နည်းတွေကို သေသေချာချာ မှတ်သားလိုက်ပါသည်။

ခြံပိုင်ရှင်က ကိုင်းကူးပြီးစိုက်ဖို့အတွက် သရက်ကိုင်းလေးတွေ ဖြတ်ယူမှဖြစ်မယ်လို့ ပြောရင်း သရက်ကိုင်းတွေ ဖြတ်ပေးဖို့ ပြင်ဆင်နေတာတွေ့တော့ ကိုင်းကူးတဲ့ နည်းမဟုတ်ပဲ အခြားနည်းနဲ့ပဲ စိုက်မယ် ခရီးဆက်ဖို့ ကျန်သေးတာမို့ သရက်ကိုင်းကို ၇န်ကုန်ရောက်အောင် သယ်ဖို့ အခက်အခဲရှိတယ် လို့ ငြင်းရင်း သရက်ပင်ပုပုလေးတွေကို ဓါတ်ပုံရိုက်ပြီး ယူခဲ့သလို သရက်သီးတွေ ဝယ်ခဲ့ပါသည်။

ဒါပေမယ့် ကျွန်မရဲ့ သရက်ပင်စိုက်ချင်တဲ့ စိတ်ကူးကို ကျွန်မကိုယ်တိုင် အကောင်အထည်မဖော်နိုင်ခဲ့ပါ။ ကျောင်း ကျူရှင် အလုပ် နဲ့ အခြားလူမှုရေးကိစ္စတွေက သစ်ပင်စိုက်ချင်တဲ့ စိတ်ကူးတွေကို ဘက်ပေါင်းစုံက နှောင့်ယှက်နေခဲ့ပါသည်။

ကျွန်မထက်ပိုပြီး လက်တွေ့ကျတဲ့ မေမေနဲ့ ဖေဖေက ကျွန်မကိုယ်စား စိန်တလုံးသရက်ပင် ငါးပင်တိတိ စိုက်ပေးခဲ့ပါသည်။

ကျွန်မအတွက် ဖေဖေတို့စိုက်ပေးခဲ့တဲ့ သရက်ပင် ငါးပင်မှာမှ နှစ်ပင်က မြေသြဇာ လွန်ပြီး အပင်ဘဝကို ရောက်မလာခဲ့ပါ။ သရက်ပင်သုံးပင် ကျွန်မရဲ့ မျက်စိအောက်မှာ ကြီးပြင်းလာတာကို တွေ့ရချိန်မှာတော့ သစ်ပင်စိုက်ပျိုးခြင်းအတွက် ရတဲ့ ပီတိအချို့ကို စတင်ခံစားတတ်လာခဲ့ပါသည်။

ကျွန်မကိုယ်တိုင် စိုက်ပျိုးခြင်းမဟုတ်ပေမယ့် “သမီးငယ် ဝယ်လာတဲ့ စိန်တစ်လုံးကို သူပြောပြတဲ့ နည်းနဲ့ စိုက်ထားတာလေ” လို့ မေမေပြောလာတိုင်း ကိုယ်တိုင်စိုက်ပျိုးရသူထက်ပိုလို့ ကျေနပ်နေမိခဲ့ပါသည်။

ကျွန်မ မေးမြန်းခဲ့စဉ်က သုံးနှစ်ပြည့်ရင် အသီးသီးမယ်လို့ ပြောပြခဲ့တာမို့ သုံးနှစ်ပြည့်ချိန်မှာ သရက်ပင်မှာ ပန်းဖြူဖြူလေးတွေ ပွင့်လာပြီလားလို့ မကြာမကြာ ပြေးကြည့်မိပါသည်။

မြေဆီမြေနှစ်နဲ့ စိုက်ပျိုးရေးနည်းပညာ ကွာခြားမှုကြောင့် သရက်ပင်ပျိုးပြီး ငါးနှစ်ခန့်ကြာမှ သရက်ပန်းတွေ ပွင့်လာခဲ့ပါသည်။ သမီးရဲ့ သရက်ပင်က ပန်းတွေ ပွင့်နေပြီ ဒီနှစ်တော့ သရက်သီး စားရတော့မယ် ဆိုတဲ့ သတင်းစကားကိုကြားချိန်မှာတော့ ကျွန်မက သရက်ပင်တွေနဲ့ အဝေးမှာ ရောက်နေခဲ့ပါသည်။

သစ်ပင်စိုက်ဖို့ အခွင့်အရေးတွေ နည်းပါးလွန်းသည့် အရပ်ဒေသကို ရောက်မှ ကျွန်မရဲ့ လက်နဲ့ သစ်ပင်ပျိုးချင်သည့် စိတ်ကူးတွေက တားမရဆီးမရ။

ပူပြင်းတဲ့ နေရာင်အောက်ကိုရောက်တိုင်း ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံစားရတိုင်း အခွင့်အရေးရတာနဲ့ အရိပ်ရပင်တွေ ဖြစ်အောင်စိုက်မယ် … ကျွန်မတို့လောကကြီးက ထွက်ခွာသွားချိန်မှာ အခြားသူတွေကို အရိပ်ပေးနိုင်တဲ့ စားပင် သီးပင်တွေ ချန်ထားခဲ့မယ်…. ကျွန်မအခုရှုရိုက်နေတဲ့ ခြောက်ကပ်ပူပြင်းတဲ့ လေတွေ လျော့နည်းအောင် အစိမ်းရောင်အရိပ်ဖားဖား အပင်တွေ စိုက်ဖို့ ကြိုးစားမယ်…ဆိုတဲ့ အိပ်မက်တွေ တခုပြီး တခု ချွေနေမိပါသည်။

ဆိုးဝါးတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ဖို့ သဘာဝတရားကိုဆန့်ကျင်ပြီး လေအေးပေးစက်တွေအောက်မှာ အသက်ရှင်နေရတာကိုလဲ တခါတရံ စိတ်ပျက်မိပါသည်။

လေအေးပေးစက်တွေလည်ပတ်ဖို့အတွက် လောင်စာဆီတွေကို သုံးစွဲနေရတာကလဲ ဂေဟစနစ်ကို အနုတ်လက္ခဏာတွေသာ ဖြစ်စေတာမို့ ဘေးထွက်ဆိုးကျိုးတွေကို နောင်နှစ်ပေါင်းများစွာကြာရင် မဖြစ်မနေ ထပ်မံရင်ဆိုင်ရမှာ သေချာပါသည်။

သဘာဝ ပါတ်ဝန်းကျင် ညစ်ညမ်းမှု သစ်တောသစ်ပင် ပြုန်းတီးမှု သဘာဝ လောင်စာဆီတွေ ခန်းခြောက်မှု ကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို နောင်နှစ်ပေါင်း လေးဆယ်ကြာရင် သိလာမှာလား …. ဒါမှမဟုတ် နှစ်ပေါင်း ငါးဆယ်ကြာရင် သိလာမှာလား….ဒါမှမဟုတ်ရင်လဲ နောင်လာမယ့် နှစ်အနည်းငယ်အတွင်းမှာပဲ မြန်မြန်ဆန်ဆန် သိခွင့် မြင်ခွင့်ရကြမှာလား…..

အဲဒီ အချိန်ကျရင် ကြုံတွေ့ရမယ့် ဆိုးကျိုးတွေကို တနည်းတဖုံနဲ့ အကူအညီဖြစ်စေဖို့ အခုကတည်းက တတ်နိုင်သလောက် သစ်ပင်တွေ စိုက်ပျိုးမယ်ဆိုရင်ရော ကျွန်မတို့အတွက် အထောက်အကူ ဖြစ်စေနိုင်မလား…

လတ်တလော ရှုရှိုက်နေတဲ့ လေပူပူတွေကို ရပ်တန့်စေဖို့အတွက်

ကျွန်မတစ်ယောက်တည်းက သစ်ပင် ဘယ်နှစ်ပင်လောက် စိုက်နိုင်မှာလဲ…

ဘယ်လိုအပင်တွေ စိုက်ဖြစ်မှာလဲ….

နှစ်ရှည်ခံတဲ့ ကော်ဖီပင်တွေစိုက်ရမလား….

အရိပ်ရ အဖိုးတန်တဲ့ ကျွန်းပင်တွေ စိုက်ရမလား….

ဒါမှမဟုတ် စားပင် သီးပင် အဖိုးတန်ပင်တွေ မဟုတ်တဲ့ ကြီးမြန်သစ်ပင်တွေကိုပဲ စိုက်ရမလား….

မဆုံးနိုင်တဲ့ မေးခွန်းပေါင်းများစွာနဲ့ ကျွန်မအိမ်နဲ့ မနီးမဝေးက စူပါမားကတ်ထဲကို ရောက်သွားခဲ့ပါသည်။

ပြီးတော့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ နေကြာပင် သေးသေးလေးတစ်ပင်ဝယ်ပြီး စိတ်ပြေရုံသက်သက် အခန်းထောင့်တနေရာမှာ ပန်းပျိုးခဲ့ပါသည်။
ရေလောင်းစရာမလို ပေါင်းသင်စရာမလိုပေမယ့် သစ်ပင်စိုက်မယ့် ကတိကဝတ်တစ်ခုအနေနဲ့ ပလတ်စတစ်နေကြာပင်တစ်ပင်ကိုတော့ စိတ်မြန်လက်မြန် စိုက်ပျိုးနိုင်ခဲ့ပါသည်။

ကျွန်မရဲ့ နေကြာပန်းအကြောင်းကို သိသွားတဲ့ အမတော်တစ်ယောက်ကတော့ အိပ်ခန်းတွင်းမှာ အလှစိုက်ဖို့အတွက် ပန်းပင်စစ်စစ် တစ်ပင်လက်ဆောင်ပေးမယ်လို့ ကတိပေးလာခဲ့ပါသည်။

ကန္တာရအိပ်မက်တွေဖြစ်တဲ့ အရွက်ဖားဖား စိမ်းစိမ်းစိုစို အပင်ကြီးတွေကို လက်တွေ့ မစိုက်ပျိုးနိုင်ခင်မှာတော့ အိပ်ခန်းအတွင်းမှာ စိမ်းစိမ်းလန်းလန်း လှလှပပ စိုက်ပျိုးလို့ရမယ့် ပန်းပင်တစ်ပင်ကိုတော့ မကြာခင်မှာစိုက်ပျိုးနိုင်ဖို့ မျှော်လင့်မိပါသည်။

ရွက်ကျပင်ပေါက်လေးကစလို့ အဖိုးတန်ကျွန်းပင်တွေအဆုံး ကျွန်မတို့ အသက်ရှင်ဖို့ လိုအပ်တဲ့ အောက်ဆီဂျင်တွေကို အစဉ်သဖြင့် လေထုထဲကို ထုတ်လွှတ်ပေးနေမှာ သေချာနေပါသည်။။။။။။။။

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းရေ
တို့လည်း သစ်ပင်စိုက်ရတာ ၀ါသနာပါတယ်.
ကံကောင်းတာက သစ်ပင်လေးတွေ စိုက်ပျိုးဖြစ်ထွန်းတဲ့ ရာသီဥတုခပ်အေးအေး နေရာလေးတစ်ခုမှ နေခွင့်ရနေတဲ့အတွက် အပင်လေးတွေ စိမ်းစိုလို့ပေါ့
စိတ်ကိုအေးချမ်းစေတဲ့ အပင်တွေကို ချစ်တယ်လေ

ကိုအောင်(ပျူနိုင်ငံ) said...

စာဖတ်ရင်းနဲ့ စိတ်ကြည်နူးမိတယ် ...

ဒူဘိုင်းရောက် ရွှေမြန်မာများရဲ့

Documents for Embassy

Middle East ရောက် မြန်မာများအတွက် passport သက်တမ်းတိုးရန်နှင့် အခွန်ဆောင်ရန် လိုအပ်သော စာရွက်စာတမ်းများ - ဆော်ဒီသံရုံး -

ဧည့်မှတ်တမ်းလေး

My Blog List