အရောင်မဲ့
မှန်ရှေ့မှာထိုင်ပြီး ကျောလယ်လောက် မရောက်တရောက် ရှည်လာပြီဖြစ်တဲ့ ဆံပင်တွေကို ဖီးသင်ရတဲ့ အချိန်တိုင်း၊ အလုပ်သွားခါနီးအချိန် ဆံထုံး ထုံးပြီး ညီမညီ တည့်မတည့် ပြန်ကြည့်ရတဲ့ အခါတိုင်း ဆံပင်ရဲ့ အရင်းပိုင်းနဲ့ အဖျားပိုင်းက မတူညီတဲ့ အရောင်နှစ်မျိုးကြောင့် စိတ်မသက်မသာ ဖြစ်ရပါသည်။
ကျွန်မ ဘာလို့များ ဆံပင်တွေကို အရောင်ဆိုးခဲ့မိပါလိမ့်။ အရောင်ဆိုးမိခြင်းရဲ့ နောက်ကွယ်က ဆိုးကျိုးတွေကို ဘာလို့များ ကြိုတင်မသိခဲ့ပါလိမ့်။ သဘာဝမဟုတ်တဲ့ အရောင်တစ်ခုဟာ အမြဲတမ်းအတွက် အာမခံချက် မပေးနိုင်ပဲ တခဏသာ လှတတ်တယ်ဆိုတာ ဘာလို့များ သတိမထားမိပါလိမ့်။
တကယ်တော့ လှချင်ပချင်တဲ့ မိန်းကလေးတွေမို့ ကျွန်မ အနားမှာ ရှိနေကြတဲ့ သူငယ်ချင်းတွေ အားလုံးက အသစ်အဆန်းပေါ်လာတဲ့ ဆံပင်ဆိုးဆေး ပေါင်းတင်ဆေး ဓါတုဗေဒ မပါတဲ့ သဘာဝ ဆံပင်ပေါင်းဆေးတွေရဲ့ သတင်းတွေကို အစဉ်သဖြင့် နားစွင့်နေကြသူတွေ။
မိန်းမလှလေးတွေအများဆုံး ရှိတဲ့ အလုပ်ခွင်မှာ မူလဆံပင် အရောင်ကို ပိုင်ဆိုင်သူရယ်လို့ ဆယ်ယောက်မှာ တစ်ယောက်လောက်သာ ကျန်ပြီး ကျန်တဲ့သူတွေ အားလုံးက ဆံပင် အရောင်ပေါင်းစုံနဲ့ လှချင်တိုင်းလှနေသူတွေ။
နိုင်ငံတကာကလာတဲ့ မိန်းမလှလေးတွေမို့ သူမတို့ ပိုင်ဆိုင်ထားတဲ့ ပင်ကို အသားအရောင်နဲ့ လိုက်ဖက်အောင် အရောင်စုံ အသွေးစုံဆံပင်တွေကို မမောနိုင် မပန်းနိုင်ပြုပြင် ထိန်းသိမ်းကြသည်။
နိုင်ငံတကာက ဆံကေသာ ပြုပြင်ထိန်းသိမ်းနည်းတွေကို ဖလှယ်ကြသည်။ အလုပ်ခွင် စည်းကမ်းတွေအရ ဆံပင်တွေကို သေသပ်အောင် ဖြီးသင် ထုံးဖွဲ့ရပေမယ့်လဲ တစုံတယောက် ဆံပင်အရောင် ပြောင်းလာတိုင်း သတိထားပြီး ချီးမွမ်းစကားတွေ ဆိုတတ်ကြသေးသည်။
ဆံပင်ဆိုးဆေးတွေရဲ့ သဘာဝကလဲ အချိန်ကြာလာလေ အရောင် တက်လာလေမို့ တခါတရံမှာလဲ အချိန်အတော်ကြာမှ သူငယ်ချင်းတွေရဲ့ ဆံပင်အရောင်တွေကို သတိပြုမိကြတာလဲ ရှိပါသည်။
ကျွန်မကတော့ သူငယ်ချင်းတွေ ဆံပင်အရောင်လှလှလေးတွေ ဆိုးထားတာတွေ့ရင် ငေးမော သဘောကျနေတတ်ပေမယ့် ကိုယ်တိုင်ကတော့ ဆံပင် အရောင်ဆိုးဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူးပါ။
ကျွန်မဆီမှာ ရှိခဲ့ဘူးတဲ့ အယူအစွဲ တစ်ခုက ဆံပင်ဆိုးတဲ့ အလုပ်ကို အသက်ကြီးလို့ ဆံပင်တွေ ဖြူမှ လုပ်ရမယ်ဆိုတဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အယူတစ်ခုပဲ ဖြစ်ပါသည်။
ဆံပင်ဆိုးရင်လဲ အမည်းရောင်တစ်မျိုးပဲ ဆိုးရမယ်ဆိုတဲ့ ပုံသေနည်းကလဲ သံမှိုနဲ့ ရိုက်ထားသလို ခေါင်းထဲမှာ စွဲလို့။
ဒါပေမယ့် အကြောင်းတိုက်ဆိုင်လာတဲ့ တနေ့မှာတော့ ကျွန်မရဲ့ ခပ်ကြောင်ကြောင် အယူဝါဒတွေ ပျောက်လို့ နဂိုရှိရင်းစွဲ ဆံပင်ကို ကျွန်မ နှစ်သက်လွန်းတဲ့ မဟော်ဂနီရောင် ခပ်ဖျော့ဖျော့လေး ဆိုးခဲ့မိပါသည်။
ဆံပင်ကို အရောင်ဆိုးလေ့မရှိသူမို့ ဆံပင်အသစ်တွေ ပြန်ထွက်လာမယ့် တနေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုလဲ သိပ်မတွေးမိခဲ့။ မပူပင်တတ်ခဲ့။ ပြီးတော့ အဲဒီအချိန်တုန်းက ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ ဆံပင်ကို အရောင်ဆိုးချင်သူ အရောင်ဆိုးနေသူတွေသာ ရှိနေခဲ့ပြီး ကျွန်မကို တားဆီးပိတ်ပင်မယ့်သူ မရှိခဲ့တာလဲ ပါပါသည်။
ကျွန်မရဲ့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေကတော့ ကျွန်မလို တစ်သက်မှာ တစ်ကြိမ်သာ ဆံပင်ကို အရောင်ဆိုးသူတွေမဟုတ်။ ဆံပင်ရဲ့ အလှအပကို စောင့်ကြည့်နေတတ်ပြီး စနစ်တကျ ထိန်းသိမ်းတတ်သူတွေဆိုတော့ သူတို့တွေဆီမှာ ဆံပင်တွေ အရုပ်ဆိုးပြီး ကြည့်ရဆိုးတာမျိုးတွေ မတွေ့ရတတ်တာ မဆန်းပါ။
သူတို့ဆံပင်တွေရှည်လာပြီး အရောင် နှစ်မျိုးဖြစ်တဲ့ အချိန်အထိတောင် မစောင့်ပဲ မကြာခဏ အရောင်ပြောင်းနေတတ်သူတွေဆိုတာကိုလဲ ကျွန်မက မေ့လျော့ခဲ့သည်လေ။
ဆံပင်ဆိုးပြီး လအနည်းငယ် ကြာချိန်မှာတော့ အသစ်ထွက်လာတဲ့ သဘာဝဆံပင် အနက်ရောင်နဲ့ အရောင် တဖိတ်ဖိတ်ထွက်နေတဲ့ အဖျားပိုင်းက ဆံပင်တွေက သိသိသာသာ ကွဲထွက်နေတာကို စတင် သတိထားမိလာပါသည်။ အရောင်မတူတဲ့ ဆံပင် နှစ်မျိုးက သသေချာချာ သတိထားမိလာလေ ပိုဆိုးလေဖြစ်လာခဲ့ပါသည်။
အလုပ်ခွင်မှာ ဆံထုံးထုံးထားချိန်မှာ အရမ်း မသိသာလှပေမယ့် ဆံပင်ကို မထုံးပဲ ဖြန့်ချထားချိန်မှာတော့ အလွန်အင်မတန် ကြည့်ရဆိုးနေခဲ့ပါသည်။
ကျွန်မရဲ့ ဆံပင်တွေအတွက် အကြီးအကျယ် စိတ်ညစ်မိတာမို့ ကျွန်မရဲ့ အခက်အခဲကို သူငယ်ချင်းတွေကို ပြောပြမိပါသည်။
အနားမှာ ရင်းရင်းနှီးနှီးရှိတဲ့ သူငယ်ချင်းငါးယောက်ကို မေးတော့ အကြံအစည် ငါးမျိုးရလာပါသည်။ ရလာတဲ့ အကြံဥာဏ်တွေအားလုံးကလဲ အခြားအရောင်ပြောင်းဆိုးဖို့ပဲ ဖြစ်နေခဲ့ပါသည်။
တခါသေဖူးရုံနဲ့ ပျဉ်ဖိုးနားလည်ခဲ့တာမို့ အခြားအရောင်ဆိုးဖို့ High light ဖော်ဖို့ အကြံတွေအားလုံးကို တထိုင်တည်း ငြင်းပစ်လိုက်ပါသည်။ ဆံပင်ဆိုးဆေးတွေမှာ ပါတဲ့ ဓါတုပစ္စည်းတွေကိုလဲ ကြောက်လန့်မိသည်လေ။
နောက်ဆုံးအကြိမ်အဖြစ် ဆံပင်ဖြောင့်မိစဉ်က ဆံပင်ဖြောင့်ဆေးတွေ လိမ်းသုတ်ထားတဲ့ ဆံပင်ကို နာရီဝက်လောက်အကြာမှာ ဆွဲဆန့်ကြည့်တော့ အရည်ပျော်လုပျော်ခင် ပျော့စိသွားတဲ့ ဆံပင်တွေက လိုအပ်တာထက်ပိုပြီး ရှည်လျားစွာ စပလိန်တစ်ခုလို လက်ထဲမှာ ပါလာတာကို အလန့်တကြား တွေ့ခဲ့ဘူးသည်လေ။
ပြီးတော့ ဆံပင်ဖြောင့်ဆေးရဲ့ အနံ့ဆိုးဆိုးက တပတ်လောက်ကြာတဲ့ အထိလူကို နှိပ်စက်သလို ဆေးတင်ထားချိန်မှာလဲ မျက်ရည်တွေ ဝိုင်းလာတဲ့အထိ ပြင်းရှလှသည်လေ။
သဘာဝ မဟုတ်တဲ့ ဆံပင်ဖြောင့်ဆေး ဆိုးဆေး ပေါင်းဆေးတွေမှာ ကျွန်မတို့ မသိနားမလည်နိုင်တဲ့ ဓါတုဗေဒ ဆိုးဆေးတွေ ပါနေမှာသေချာပါသည်။
ဆိုးဆေး ပေါင်းဆေးတွေနဲ့ မတည့်သူတွေအတွက် ချက်ချင်းလက်ငင်း သိမြင်ခံစားနိုင်တဲ့ ဆိုးကျိုးတွေကလဲ တပုံတပင်။ အခန့်မသင့်ရင် ဆံပင်ကျွတ်မယ်။ ဦးရေပြားယားယံမယ်။ ဘောက်တွေ ထွက်မယ်။
လူတန်းစား ပေါင်းစုံ သုံးစွဲနိုင်တဲ့ ဈေးပေါလှတဲ့ ဆေးတွေသာမက ကမ္ဘာကျော် ဆိုးဆေး ဖြောင့်ဆေးတွေမှာလဲ အလားတူ ဆိုးကျိုးတွေ ရှိနိုင်တာကို ဘယ်သူမှ ငြင်းလို့မရနိုင်ပါ။
ကျွန်မရဲ့ အခက်အခဲကို ပြေလည်စေဖို့အတွက် ကျွန်မ သူငယ်ချင်းတစ်ယောက်ပြောသလို အရောင်မညီတဲ့ ဆံပင်တွေကို ညှပ်ပစ်ရမယ့် အရေးကလဲ သိပ်မလွယ်လှ။
အရောင်ညှိဖို့ အတွက် ဆိုးထားတဲ့ ဆံပင်တွေကို ညှပ်ရမယ်ဆိုရင်တော့ ကျွန်မရဲ့ ဆံပင်တွေက လက်လေးလုံးစာလောက်သာ ကျန်တော့မည်။ စာကလေးအမွေးနှုတ်ထားသလို တိုနှံ့နှံ့နဲ့ ဘယ်လိုမှ ကြည့်ကောင်းမှာမဟုတ်။
ဆံပင်အရောင်ဆိုးခြင်းတွေနဲ့ အတော်အတန် အကျွမ်းတဝင်ရှိလှတဲ့ အခန်းဖော် သူငယ်ချင်းကတော့ ဓါတုဗေဒ ဆေးတွေမပါပဲ အသုံးပြုနိုင်မယ့် သဘာဝ ဆိုးဆေးတစ်မျိုးကို နှစ်ပတ်တစ်ကြိမ်လောက် ဆိုးကြည့်ဖို့ တိုက်တွန်းလာခဲ့ပါသည်။
သူပေးတဲ့ နည်းကတော့ ကျွန်မတို့လက်ရှိနေထိုင်တဲ့ အာရပ်နိုင်ငံက အမျိုးသမီးတွေ တော်တော်များများသုံးနေကြတဲ့ ဆံပင်အရောင်တင်နည်းပဲ ဖြစ်ပါသည်။
အာရပ်အခေါ် ဟန (Hana) (ကျွန်မတို့သိထားတဲ့ ဒါန်း) ကို အမျိုးသမီးတွေရဲ့ လက်တွေမှာ တက်တူးထိုးသလို အလှဆင် ရေးဆွဲလေ့ရှိပါသည်။ ဟန ဆိုးဆေးက ဆယ်ရက်ကနေ နှစ်ပတ်အထိပဲ အသားပေါ်မှာ စွဲနေပြီး တဖြည်းဖြည်းနဲ့ အရောင်ပြယ်သွားတတ်တာမို့ ယာယီ တက်တူးလို အသုံးပြုကြပါသည်။
ဟနအမှုန့်ကို ကြက်ဥအကာ ကော်ဖီမှုန့်တွေနဲ့ ရောမွှေပြီး နှစ်ရက်လောက် နှပ်ထားရပါမည်။ ပြီးမှ ဆံပင်ကို ဆိုးဆေးအဖြစ် အရောင်တင်လိုက်ရင် ကျွန်မတို့ နှစ်သက်တဲ့ မဟော်ဂနီရောင်နဲ့ ရွှေအိုရောင်စပ်တဲ့ အရောင်လှလှလေးကို ရတာမို့ ဆံပင်ဆံသား မပျက်စီးစေတဲ့ ဆိုးဆေးလို့ ပြောကြပါသည်။
ကျွန်မနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုယ်တိုင် အာရပ်လူမျိုး သူငယ်ချင်းမတွေဆီက လေ့လာသင်ယူထား ပြီး သူတို့ကိုယ်တိုင်လဲ ပေါင်းဆေး ဆိုးဆေးအဖြစ် စိတ်ချ ယုံကြည်စွာ သုံးနေတာကို တွေ့နေရပါသည်။
အခန်းဖော်သူငယ်ချင်းကိုယ်တိုင်က အားပေးနေပေမယ့် ဆံပင်တွေ အရောင်ညှိဖို့ စိတ်ကူးပေါက်တိုင်း သူမကို မေးလိုက် ပြန်စဉ်းစားလိုက် လုပ်နေမိပါသည်။
ဆံပင် အားဖြည့်ပေးတဲ့ ပေါင်းဆေးလို သုံးလို့ရနေတဲ့ သဘာဝ ဆိုးဆေးလို့ ပြောနေကြပေမယ့် သူ့ရဲ့ သဘာဝက နှစ်ပတ်ထက်ပိုပြီး မခံတာမို့ အရောင် တလက်လက်ထနေတဲ့ ကျွန်မရဲ့ ဆံပင်တွေ မညှပ်ပစ်မချင်း နှစ်ပတ်တစ်ကြိမ် ဆံပင်ဆိုးတဲ့ အလုပ်ကို လုပ်နေရတော့မှာ သေချာနေပါသည်။
သဘာဝလို့ ဆိုပေငြားလည်း ယာယီဆိုးဆေးပါတကား လို့သာ ညည်းတွားချင်မိပါသည်။
တကယ်တော့ သဘာဝကို ဆန့်ကျင်တဲ့ အရောင်တွေကို ကျွန်မတို့ရဲ့ ခဏတာ ပျော်ရွှင်မှုအတွက် အသုံးချနေတာဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေပါသည်။
အဲဒီဆိုးကျိုးတွေကို မကြာခဏ အရောင်ပြောင်းလိုသူ အသစ်အဆန်းကို မက်မောသူတွေက သတိထားမိချင်မှလဲ သတိထားမိပါလိမ့်မည်။
သတိထားမိပေမယ့်လဲ ခဏတာ ပျော်ရွှင်တစ်ခုနဲ့ ရက်ရက်စက်စက် လဲလှယ်ပစ်လိုက်ကြတာလဲ ဖြစ်နိုင်ပါသည်။
တခါတုန်းက လူလိန်ရေးတဲ့ အကြည်ရောင်ဆိုတဲ့ ပို့စ်တစ်ပုဒ်ကို မျှဝေပေးလာတဲ့ သူငယ်ချင်းတစ်စုနဲ့ သဘာဝ အရောင်အကြောင်း ဆွေးနွေးခဲ့ဘူးတာကို အခုလို တိုက်ဆိုင်လာချိန်မှာ သတိရလိုက်မိပါသည်။
ကျွန်မတို့ အဓိက ဆွေးနွေးငြင်းခုန်မိတာက ချစ်ခြင်းကို ကိုယ်စားပြုတဲ့ အရောင်တစ်ခု အကြောင်းပဲ ဖြစ်ပါသည်။
အဖြူရောင်ကို ဖြူစင်သန့်ရှင်းတဲ့ အချစ်ရဲ့ သဘာဝ အရောင်လို့ တစ်ယောက်က ပြောတော့ အခြားတစ်ယောက်က ဆိုးဆေးအရောင်လုံးဝ မရှိတဲ့ အရောင်မဲ့ ချစ်ခြင်းဆိုတာကို သိကြပါသလားလို့ မေးလာခဲ့ဘူးပါသည်။
ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေမှာ သဘာဝအရောင်တွေကိုပဲ ရွေးချယ် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်မတို့တွေအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
အရောင်ဆိုးထားတဲ့ အစားအစာတွေ အရောင်ဆိုးထားတဲ့ ခြေသည်း လက်သည်းတွေ အရောင်ဆိုးထားတဲ့ ဆံကေသာတွေ အရောင်ဆိုးထားတဲ့ အဝတ်အထည်တွေရဲ့ အန္တရာယ်တွေကို ကျွန်မတို့ သိရက်နဲ့ မက်မောနေဖို့ မသင့်တော့ပါ။
ပြီးတော့ လူမှုဆက်ဆံရေး နယ်ပယ်မှာလဲ ဖြူစင်တဲ့ အရောင်မရှိတဲ့ သဘာဝအရောင်သည်သာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
လူမှုရေးနယ်ပယ်မှာ အဖြူရောင်ကိုမှ အရောင်ထပ်ဆိုးချင်တယ်ဆိုရင်တော့ သူ့ရဲ့နောက်ကွယ်က ဆိုးကျိုး အပြစ်တွေကို ရင်ဆိုင်ဖို့ အသင့် ဖြစ်နေသင့်ပါသည်။
ကျွန်မကိုယ်တိုင်လဲ မလိုအပ်ပဲ အရောင်ဆိုးမိခြင်းရဲ့ ဆိုးကျိုး အပြစ်တွေကို အတွေ့အကြုံဆိုးတွေနဲ့အတူ ခံစားနေရပါသည်။
ကိုယ်တိုင်က အတွေ့အကြုံမရှိပဲ အရောင်ဆိုးမိခဲ့တာမို့ ပြစ်မှုတစ်ခု ကျူးလွန်မိသလို ဆိုးဆိုးရွားရွား မခံစားရပေမယ့် ထိထိရှရှတော့ ဖြစ်ခဲ့ရတာကို မငြင်းလိုပါ။
အရောင်ဆိုးလိုတဲ့ ရည်ရွယ်ချက်မျိုး မရှိပဲ အရောင်ဆိုးမိခြင်းတွေ ကျွန်မတစ်ယောက်တည်းမှာမှ မဟုတ်ပဲ အခြားသော လူတွေမှာလဲ ရှိနေနိုင်သည်လေ။။။။။
လူတိုင်းက အမှားတွေ လုပ်ဖို့ မွေးဖွားလာတာမဟုတ်ပေမယ့် အမှားတွေ မလုပ်မိအောင်တော့လဲ အချိန်တိုင်း နေရာတိုင်းမှာ ရှောင်တိမ်းဖို့ မစွမ်းသာပါ။။။။။
တနေ့နေ့ တချိန်ချိန်မှာ မရည်ရွယ်ပါပဲ အမှားတွေ လုပ်မိဖို့ အကြောင်းအရာတွေ ဖန်လာတတ်သည်ပဲ။
မတော်တဆ ဖြစ်ခဲ့ဘူးတဲ့ အမှားအတွက် တသက်လုံး ကြေကွဲနေဖို့မလိုပေမယ့် အဲဒီအမှားကို ထပ်မမှားမိအောင် ရှောင်နိုင်ရင်ပဲ လူပီသပီလို့ ပြောလို့ရနိုင်သည်လေ။
တနေ့တခြား ဆိုးဆေးတွေ များလာတဲ့ ကမ္ဘာမှာ ကျွန်မသူငယ်ချင်း ပြောခဲ့ဘူးသလို ဆိုးဆေး အရောင်တွေလုံးဝ မရှိတဲ့ အရောင်မဲ့ ကမ္ဘာမှာ နေနိုင်ရင်တော့ အကောင်းတကာ့ အကောင်းဆုံး ဖြစ်မှာ သေချာပါသည်။
အရောင်မဲ့တဲ့ ချစ်ခြင်းတွေကသာ ဖြူစင် အပြစ်ကင်းတယ်လို့ သူက ဝန်ခံခဲ့သည်လေ....
Friday, July 15, 2011
|
Labels:
အက်ဆေး
|
Documents for Embassy
My Blog List
-
-
-
အတွေး ၊ အမြင် မတူသော မှတ်စု4 hours ago
-
ကြယ်တွေစီးတဲ့မြစ်...4 hours ago
-
လူကိုနွေးထွေးစေတဲ့ စကားငါးခွန်6း hours ago
-
ငရဲပန်းများ ဆီသို့14 hours ago
-
-
အမှားများနဲ့ ကဗျာတွေ ...17 hours ago
-
စိနတိုင်းသွားတောလား-၅19 hours ago
-
လွမ်းလို့လာတာလို့ပဲပြောရမှာပဲဗျာ21 hours ago
-
စိုက်ထူထားသော1 day ago
-
သုည1 day ago
-
-
ပဲခူး ( 5)1 day ago
-
ရှပ်အကျီ င်္ နီညိုစင်းကလေး1 day ago
-
ယနေ့သတင်းခေါင်းစဉ်များ2 days ago
-
အဖိုးအိုနှင့်အာလူးခင်း2 days ago
-
ရူပန္တရဏနှင့်အခြားသောဝတ္ထုတိုများ2 days ago
-
လသာသော ည5 days ago
-
-
အမှုတွဲ အမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂5 days ago
-
ဦးလေး.....6 days ago
-
-
ဂိမ်း နဲ့ ဂန့် 1 week ago
-
-
အမှတ်တရ... အင်ဒရီယာ...1 week ago
-
ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။1 week ago
-
အတွေးနှင့် အသက်ဆက်သူများ2 weeks ago
-
-
ဒီအကြည့် ဒီအငွေ့ ဒီအတွေ့2 weeks ago
-
သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)3 weeks ago
-
-
အဲဒီပန်းတွေ မပွင့်ပါစေနဲ့4 weeks ago
-
ကြယ်တွေကြွေနေတဲ့ တိုင်းပြည်4 weeks ago
-
-
ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၆ )1 month ago
-
ပင်လောင်းဆောင်း1 month ago
-
Happy 2012, Everyone!!!1 month ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)3 months ago
-
-
မော်ဒန် အချစ်တိုင်ရတု3 months ago
-
စကားဝါတောသို့ အလွမ်းပြေ....4 months ago
-
၂၆ ရက် စက်တင်ဘာလ ၂၀၁၁4 months ago
-
မျက်ရည်ရဲ့ တန်ဖိုး4 months ago
-
ကျေးဇူးတင်လွှာ5 months ago
-
လမ်းခွဲ နုတ်ဆက်ခြင်း5 months ago
-
Web Site Links5 months ago
-
ခုတလော8 months ago
-
ခြေထောက်ကိုဆွဲ .......သရဲ9 months ago
-
Wet Shotcrete Laboratory Tests10 months ago
-
သာဓုပါ သာဓုပါတော်....11 months ago
-
-
“ ကိုယ်စား ”1 year ago
-
ကောင်းကင်များရဲ့အထုပ္ပတ္တိ (ငြိတွယ်...)1 year ago
-
အတူတူ လင့်ချိတ်ဖို့1 year ago
-
-
-
Salad အကြောင်းလေပေါမယ်1 year ago
-
ကွင်းဖူးသူများ မကြည့်ရ1 year ago
-
အပျင်းပြိုင်ချင်ကြပါသလား.....2 years ago
-
-

4 comments:
ဆံပင်ဆိုးဆေးကနေ လူတွေရဲ့စိတ်ကို ဆွဲနှုတ်ပြသွားတာ သဘောကျမိတယ်
တို့ကတော့ ဆံပင်ကို လုံးလုံး မဆိုးဘူးနှင်းရေ
ဘာလို့ဆို ဆံပင် မကြာခန ဆိုးသူတွေဟာ ဆံပင်မြန်မြန်ဖြူတယ်ဆိုတဲ့ သာဓကတွေ ဘေးနားမှာ တွေ့ရတာ များလှပြီ ဒါကြောင့် ကြောက်မိတယ်
ဒါပေမဲ့ ဆံပင်တော့ ဖြောင့်တယ် အဲလိုဖြောင့်တဲ့အတွက် ဆံပင်တွေ ကျွတ်တဲ့ဒဏ်ကိုတော့ တော်တော်လေး ခံစားရတယ်
ဟုတ်တယ် နော် သဘာဝထက် လွန်ကဲတဲ့အရာတွေဟာ ဘာမှကို မကောင်းပါဘူး။ ဓာတုဗေဒဆေးတွေရဲ့ ဆိုးကျိုးက ကြောက်ဖို့ကောင်းတယ်
အရောင်မဲ့တဲ့ ချစ်ခြင်းတွေနဲ့သာ တယောက်နဲ့တယောက် ချစ်ခင်ကြရင် ဘယ်လောက်ကောင်းလိမ့်မလဲ။
ချစ်တဲ့
သဒ္ဓါ
ကျွန်မ ဆံပင်မဆိုးပါဘူး
ဒါပေမယ် အမြဲဆိုးတဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်
ကော်ဖီက ဘာကော်ဖီဖြစ်ဖြစ်ရလား...
ဗဟုသုတ ရစေလို့ကျေးဇူးတင်ပါတယ်ရှင်
မသိတဲ့သူတွေကိုလဲ ပြောပြလို့ရတယ်လေ.
ချမ်းမြေ့ပါစေ။
ညီမရေ ထပ်တူကျတဲ့ အတွေးလေးတွေကို ဖတ်လိုက်ရလို့ ၀မ်းသာမိပါရဲ့။ ကိုယ်နဲ့အတွေးတူတဲ့လူတယောက် တွေ့ရလို့ အားတက်သွားပြီ။ နို့မို့ဆို တခါတလေ လောကမှာ ငါတယောက်ဘဲ သူများနဲ့မတူတာတွေ တွေးမိနေလားလို့ စဉ်းစားမိနေတာ ခဏခဏ...း))
Post a Comment