ကမ်းစပ်ရေကြည်ကြည်

ပစိဖိတ်သမုဒ္ဒရာရဲ့ တစိတ်တဒေသဖြစ်တဲ့ တောင်တရုတ်ပင်လယ်ထဲမှာရှိတဲ့ ကျွန်းတွေဆီကို မရောက်ခဲ့ဘူးဆိုရင် ဒီပို့စ်လေးလဲ ဖြစ်လာစရာမရှိသလို ကျွန်မတို့တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပက်သက်ပြီးတော့လဲ သောကပွားစရာတွေ ဖြစ်လာစရာ မရှိနိုင်ပါ။
လွန်ခဲ့တဲ့ နှစ်ပါတ်လောက်တုန်းက ကျွန်မတို့ အလည်အပတ်ရောက်ခဲ့တဲ့ ကျွန်းတွေမှာ အမှိုက်ရယ်လို့ ယောင်ယမ်းလို့ တစတလေတောင် မတွေ့ခဲ့ရ။ အချို့ ကျွန်းတွေမှာဆို အမှိုက်ပုံးတောင်မထားပဲ ကိုယ်ယူလာတဲ့ အမှိုက်အစအနတွေ အားလုံးကို ကိုယ့်စက်လှေပေါ်ကိုယ်တင်ပြီး ပြန်သယ်သွားကြတာကို တွေ့ခဲ့ရပါသည်။
ခရီးစဉ်ရဲ့ ဒုတိယနေ့ မနက်ပိုင်းမှာ ကျွန်းတွေလှည့်ပြီး သူငယ်ချင်းတွေ ရေငုတ်ကြတော့ ကမ်းခြေကို ဆင်းလိုက်တာနဲ့ အမှိုက်ကင်းပြီး ကြည်လင်နေတဲ့ ရေပြင်က ကျွန်မတို့ကို ဆီးကြိုနေတာကို သတိထားမိပါသည်။
ကမ်းစပ်မှာ ရှိတဲ့ ရေပြင်က ပကတိ ကြည်လင်လွန်းတာမို့ ရေအောက်ကြမ်းပြင်က သဲပွင့်ဖြူဖြူတွေနဲ့ ခရုခွံ ကမာခွံတွေကို တစစီ တပိုင်းစီ သဲသဲကွဲကွဲ မြင်နေရပါသည်။
ကမ်းစပ်က ရေအောက် ကြမ်းပြင်မှာလဲ ရောင်စုံငါးလေးတွေကို သဲသဲကွဲကွဲ မြင်နေရပါသည်။
နေ့လည်ပိုင်း ထမင်းစားဖို့ လည်ဆွဲကျွန်းကို ရောက်တဲ့ အချိန်မှာတော့ ကမ်းခြေ ကမ်းစပ်တွေမှာ အမှိုက်အစအနလေးတောင်မှ မတွေ့ရတဲ့ ထူးခြားချက်ကို စပြီး သတိထားမိလာပါသည်။
မနက်တည်းက အခြားကျွန်းတွေမှာ ရေငုတ်ခဲ့တဲ့ သူငယ်ချင်းတွေက ဒီကျွန်းမှာ ထမင်းစားဖို့ စီစဉ်ထားတာမို့ ဘန်ဂလိုတစ်ခုငှားပြီး နေ့လည်စားစားဖို့ ပြင်ဆင်ထားကြပါသည်။
နေမွန်းမတည့်ခင် ကမ်းစပ်နဲ့ မလှမ်းမကမ်းမှာ ရေငုတ်နည်းပြအကူအညီနဲ့ ရေငုတ်ပြီး ကျွန်မတို့တွေ ထမင်းစားချိန်မှာတော့ ရေငုတ်နည်းပြဖြစ်သလို လမ်းပြစက်လှေသမားလဲ ဖြစ်တဲ့ ဒေသခံရေငုတ်သမားက ကျွန်မတို့ စားပြီးစုစည်းထားတဲ့ တစ်ခါသုံး ထမင်းပန်းကန်တွေ တစ်ရှုးစတွေနဲ့ စားကြွင်းစားကျန်တွေကို ကျွတ်ကျွတ်အိတ်တစ်လုံးထဲကိုထည့်ပြီး စားပွဲအောက်မှာ သိမ်းထားပါသည်။
ကျွန်မတို့ ထမင်းစားပြီးချိန်မှာ ကျွန်မတို့ စားပွဲနားကို ခွေးလေးတစ်ကောင်ရောက်လာတော့ ကျွန်မသူငယ်ချင်းက မြန်မာလူမျိုးပီပီ မနေနိုင်ပဲ စားကြွင်းစားကျန်အမှိုက်တွေထဲက ကြက်ရိုးတွေကို ပန်းကန်ထဲထည့်ပြီး ခွေးကို ကျွေးပါသည်။
ကျွန်မတို့ ခွေးစာကျွေးတာကို မကန့်ကွက်ပေမယ့် ရေငုတ်သမားက ခွေးလေး အစာစားပြီးတဲ့ အထိစောင့်ပြီး ကြက်ရိုးအစအနတွေကို ပန်ကန်အတွင်းမှာရော ပန်းကန်ပြင်က သဲတွေထဲမှာပါ တစစီလိုက်ကောက်ပြီး အမှိုက်အိတ်ထဲကောက်ထည့်ပြန်ပါသည်။
ကျွန်မတို့ပြန်ချိန်မှာတော့ လှေသမားက ဘန်ဂလို ပတ်ပတ်လည်မှာ အမှိုက်အစအန မကျန်ရလေအောင် ရှိရှိသမျှ အမှိုက်တွေကို လှေပေါ်တင်ပြီး သယ်လာခဲ့ပါသည်။
စက်လှေရှိရာကို ပြန်ချိန်မှာတော့ သံသယ စိတ်မကုန်နိုင်တဲ့ ကျွန်မက မျက်စိတဆုံးမြင်နေရတဲ့ ကမ်းခြေတစ်ခုလုံးကို မျက်စိကစားရင်း အမှိုက်အတိုအစများတွေ့လေမလားဆိုတဲ့ အတွေးနဲ့ ကမ်းခြေတလျှောက်လမ်းဘေးဝဲယာ ချောင်ကြို ချောင်ကြားမကျန် ရှုခင်းတွေကို ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်လာခဲ့မိပါသည်။


အဲဒီ ကျွန်းတွေက အပြန်လမ်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပက်သက်ပြီး တော်တော်များများ စဉ်းစားမိလာပါသည်။
- သဘာဝအတိုင်းလှနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို သဘာဝအတိုင်း မပျက်မစီး ထိန်းသိမ်းထားဖို့ဆိုတာ တိမ်မယောင်နဲ့ နက် လွယ်မယောင်နဲ့ ခက်ပါသည်။
- သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလုပ်က လူတစ်ဦးတစ်ယောက်တည်း အသိစိတ်နဲ့ နဲ့မပြီးမြောက်နိုင်တာမို့ တမျိုးသားလုံးရဲ့ အသိစိတ်နဲ့ ပူးပေါင်းလုပ်ဆာင်ဖို့ လိုအပ်ပါသည်။
- ဖြစ်နိုင်ရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာကို မူလတန်း သင်ရိုးတွေမှာ ထည့်သွင်းပြီး မျိုးဆက်သစ်တွေကို အသိပညာပေးပြီး လက်တွေ့ကျကျ လိုက်နာကျင့်သုံးစေသင့်ပါသည်။ ( ရေရှည်စီမံကိန်းတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တချိန်ချိန်မှာ အကျိုးပြုနိုင်မှာသေချာပါသည်)
တကယ်ဆိုရင် ကျွန်မကိုယ်တိုင်လဲ သဘာဝ ပတ်ဝန်းကျင်နဲ့ ပက်သက်ပြီး လေ့လာမှု အားနည်းခဲ့ပါသည်။ နိုင်ငံတကာမှာ ကြုံတွေ့နေရတဲ့ ရာသီဥတု အပြောင်းအလဲ မိုးလေဝသ အပြောင်းအလဲ ဂေဟ စနစ် အပြောင်းအလဲတွေကိုလဲ လမ်းကြုံလို့ မှတ်သားမိရုံ ဗဟုသုတအနေနဲ့ နားထောင်ဖူးရုံ အဆင့်မှာပဲ ရှိခဲ့ပါသည်။
ဒါပေမယ့် မြန်မာပြည်မှာ အဆိုးရွားဆုံးကြုံတွေ့ခဲ့ကြတဲ့ နာဂစ်မုန်တိုင်းက ပေးခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ကျွန်မကို သဘာဝ ပတ်ဝန်းကျင်ကို စိတ်ဝင်စားစေဖို့ အကြောင်း ဖန်လာခဲ့ပါသည်။
ဒုတိယ အကြောင်းရင်းတစ်ခုကတော့ ဂေဟ စနစ် အပြောင်းအလဲကြောင့် ၂၀၁၀ နွေကာလမှာ ကြုံတွေ့ခဲ့ရတဲ့ ရေရှားပါးမှု ပြဿနာပဲ ဖြစ်ပါသည်။
နာဂစ်မုန်တိုင်းရဲ့ နောက်ဆက်တွဲ အဖြစ်အပျက်တွေတော်တော်များများက မြန်မာပြည်တွင်းမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စနစ်တကျ လုပ်ဖို့ လိုနေပြီဆိုတာကို အချက်ပေးနေခဲ့ပေမယ့် ကျွန်မတို့ ပြည်တွင်းမှာက လွမ်းရေးထက် ဝမ်းရေး ခက်နေဆဲ။
လာမယ့်ဘေး ပြေးတွေ့နေကျ မြန်မာပြည်သားတွေကလဲ ခလုတ်ထိမှ အမိတနေကြဆဲ။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏ ဆိုပေမယ့် ပြဿနာအရပ်ရပ်ကို ကြိုတင်ကာကွယ် ဖို့အတွက် အခွင့်အလမ်းတွေကလဲ ဝေးနေဆဲ။
ကျွန်မလက်လှမ်းမီသလောက် ပြန်စဉ်းစားမိတော့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာနည်းခဲ့လို့ မြန်မာပြည် တနံတလျားမှာ အပျက်အစီး အဆုံးအရှုံးတွေက တောင်လို ပုံနေခဲ့ပါသည်။
၁။ မြန်မာပြည် မြောက်ဖျားပိုင်းမှာ လက်ရှိအနေအထားအထိ သိသိသာသာ အပျက်အဆီး မရှိခဲ့သေးပေမယ့် မကြာမီမှာ ဆိုးရွားစွာ ပျက်စီး ဆုံးရှုံးခြင်းကြုံဖို့ အစပျိုးနေကြပါသည်။
၂။ မြန်မာပြည်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ သဘာဝအလှအပတွေစုနေခဲ့တဲ့ အင်းလေးကန်ကလဲ သဘာဝအတိုင်း မလှနိုင်တော့ပါ။ သဘာဝအတိုင်းလှနေတဲ့ အလှအပကို ထိန်းသိမ်းဖို့ မေ့လျော့ပြီး ကန်ထဲမှာ အမှန်တကယ် မလိုအပ်တဲ့ ဟိုတယ်တွေ စားသောက်ဆိုင်တွေက ကန်ရေပြင်ရဲ့ နေရာအနှံ့မှာ နေရာယူလာတာမို့ ဆောက်လုပ်ရေးလုပ်ငန်းကထွက်တဲ့ အညစ်အကြေးတွေ မလိုအပ်ပဲ သိပ်သည်းလာတဲ့ လူဦးရေတွေကြောင့် ပိုမိုတိုးပွားလာတဲ့ စွန့်ပစ်ပစ္စည်းတွေက ကန်ရဲ့ အလှအပ သဘာဝကို အချိန်တိုအတွင်း ပျက်စီးစေခဲ့ပြီး ဖြစ်ပါသည်။
ကန်ရေပြင်ရဲ့ ဧရိယာကလဲ သိသိသာသာ ကျဉ်းမြောင်းလာပြီး ရေခမ်းခြောက်မှု အခက်အခဲနဲ့ ရင်ဆိုင်လာပြီး ကန်တိမ်ကောမယ့် အရေးအထိ စိုးရိမ်ရေမှတ်ရောက်လာမှ အင်းလေးကန် ထိန်းသိမ်းရေးအတွက် အပူတပြင်း အကောင်အထည်ဖော်နေတာကို တွေ့နေမြင်နေရပါသည်။
ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါတစ်ခုထဲမှာ အချိန်လွန်မှ ကုသလို့ မရနိုင်တဲ့ သဘာဝ ပတ်ဝန်းကျင်နာ တစ်ခုကို ထပ်တိုးဖို့ လိုအပ်လာပါသည်။
အခုချိန်မှာ အများသူငါတွေလို ဧရာဝတီကို နှစိသိမ့်အားပေးချင်နေပေမယ့် အင်းလေးကန်ကတော့ သူ့ရဲ့ မျက်ရည်တွေတောင် ခန်းခြောက်နေခဲ့ပြီလို့ ပြောလို့ ရပါသည်။
၃။ ရခိုင်ပြည်နယ်က ငပလီ ကမ်းခြေကလဲ သဘာဝအတိုင်း လှပတဲ့ ကမ်းခြေအဖြစ် အရှေ့တောင် အာရှမှာ ပြောစမှတ်ပြုလောက်အောင် ထင်ရှားခဲ့ပါသည်။
ဒါပေမယ့် ထုံးစံအတိုင်း ကမ်းခြေတလျှောက်မှာ တိုးပွားလာတဲ့ ဟိုတယ်တွေက ကမ်းခြေရဲ့ အလှ သဘာဝတွေကို အကျည်းတန်အောင် ဖျက်ဆီးပစ်ကြပြန်ပါသည်။
ဟိုတယ်တွေ ဆောက်ဖို့အတွက် သဘာဝအတိုင်း ရှိနေတဲ့ ကမ်းခြေတွေကို ထပ်မံချဲ့ထွင်ရပါသည်။ ကမ်းခြေတိုးချဲ့ဖို့အတွက် သဘာဝအတိုင်း ရှိနေခဲ့တဲ့ ကျောက်ဆောင်တွေကို မိုင်းခွဲပြီး ဖျက်စီး ဖြိုချရပါသည်။
သဘာဝအလှကို သဘာဝအတိုင်း မထိန်းသိမ်းနိုင်ခြင်းရဲ့နောက်ကွယ်မှာ ဂေဟ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ် ဆိုတာသိနေကြပေမယ့် ဘယ်လို အပြောင်းအလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်တာမို့ စိုးရိမ်စိတ်မရှိခဲ့တာလဲ ဖြစ်နိုင်ပါသည်။
သေချာတာကတော့ အရင့်အရင်က ရှိခဲ့တဲ့ ကမ်းခြေရဲ့ သဘာဝအလှကို အခုချိန်မှာ ပြန်လိုချင်လို့ မရတော့သလို ယခင့်ယခင်က မရှိခဲ့ဘူးတဲ့ ရေထုညစ်ညမ်းမှု ပတ်ဝန်းကျင်က စွန့်ပစ်ပစ္စည်းတွေနဲ့ လူနေထူထပ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက တနေ့နေ့မှာ ငပလီ ကမ်းခြေကို ဂယက်ရိုက်လာနိုင်ပါသည်။
ငပလီလိုပဲ အခြားအခြားသော နာမည်ကျော် ကမ်းခြေ အပန်းဖြေစခန်းတွေမှာလဲအလားတူ ပြဿနာတွေ ရှိလာနိုင်ပါသည်။
အထူးသဖြင့် ဧရာဝတီတိုင်းမှာရှိတဲ့ ငွေဆောင် ကမ်းခြေနဲ့ ချောင်းသာ ကမ်းခြေတွေကိုလဲ သဘာဝအလှအပ မပျက်ရလေအောင် သတိထားပြီး ကြိုတင် ထိန်းသိမ်းထားတတ်ဖို့ လိုပါသည်။
၎။ သဘာဝ ပတ်ဝန်းကျင်နဲ့ မဆိုင်ဘူးဆိုပေမယ့် မြန်မာပြည်အလယ်ပိုင်းက ပုဂံဒေသ ကိုလဲ မေ့လျော့ထားလို့မရနိုင်ပါ။ ကျွန်မတို့ရဲ့ ပုဂံမြေကလဲ သမိုင်းဝင် ရှေးဟောင်းစေတီပုထိုးတွေရဲ့ ဂုဏ်သတင်းနဲ့ ကျော်စော ခဲ့ပါသည်။
သို့ပေသော်လည်း ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းမှာလဲ အသစ်အသစ်သော ဟိုတယ်တွေက ခန့်ငြားထည်ဝါစွာ တစတစ နေရာယူပြီး သမိုင်းဝင် ယဉ်ကျေးမှုနယ်မြေကို နယ်ချဲ့ကြပြန်တာမို့ ပုဂံမြို့ဟောင်းရယ်လို့ သတ်မှတ်ထားတဲ့ သမိုင်းဝင်မြို့ဟောင်းတစ်ခုကလဲ နယ်မြေ ကျဉ်းသထက်ကျဉ်းလာခဲ့ပြန်ပါသည်။
ဒီ့ထက်ပိုဆိုးတဲ့အဖြစ်ကတာ့ ရှေးဟောင်းစေတီတွေကို လက်ရာမပျက် ထိန်းသိမ်းမွမ်းမံရာကနေ သမိုင်းမှတ်တမ်းဝင် အနုပညာ လက်ရာတွေ ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးဆုံးရှုံ့းခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါသည်။
၅။ မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်းကတော့ ခရီးသွား မဖွံ့ဖြိုးသေးတဲ့ ဒေသဖြစ်တာမို့ အချို့အချို့သော ကမ်းခြေတွေက သဘာဝအတိုင်း အလှမပျက် ကျန်ရှိနေဆဲဖြစ်ပါသည်။
သို့ပေသော်ငြားလဲ များမကြာမီကာလမှာ အကောင်အထည်ဖော်မယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကလဲ အေးချမ်းစွာ အိပ်မောကျနေခဲ့တဲ့ ထားဝယ်မြို့တစ်မြို့လုံးကို လှုပ်နှိုးနေသလို ဖြစ်လာပြန်ပါသည်။
လူသူအရောက်အပေါက်နည်းတာမို့ မြန်မာပြည်ရဲ့ ကမ်းခြေတွေထဲမှာ သဘာဝအတိုင်း လှပနေဆဲ ထားဝယ်ရဲ့ သမီးပျို မောင်းမကန်ကမ်းခြေသည်လည်း နောင်လာမည့် အချိန်ကာလတစ်ခုမှာ ရခိုင်ရဲ့ သမီးပျို ငပလီကမ်းခြေလို သဘာဝအလှတွေ လျော့ကျသွားတော့မယ်ဆိုတာကို ကြိုတင်ခန့်မှန်းလို့ ရနေပါသည်။
သေချာတာကတော့ ကျွန်မ လက်တွေ့ကျကျ မြင်တွေ့ခံစားခဲ့ရတဲ့ သဘာဝအတိုင်း လှနေတဲ့ ကမ်းခြေတွေရဲ့ အလှအပကို ကျွန်မတို့ မြန်မာပြည်မှာ ရှာလို့ တွေ့နိုင်တော့မှာ မဟုတ်ပါ။
(ကျွန်မတို့ မြန်မာပြည်က ကမ်းခြေတွေမှာတော့ ရေစပ်ကို ဆင်းလိုက်တာနဲ့ မျက်စိနောက်လောက်အောင် မြင်နေတွေ့နေရတဲ့ တစ်ရှုးစ ရေသန့်ဘူးခွံ့ ကျွတ်ကျွှတ်အိတ် အစအနတွေက ကမ်းခြေတွေရဲ့ အလှကို အကျည်းတန်အောင် ဖျက်ဆီးနေတတ်ပါသည်။)
သဘာဝ ပတ်ဝန်းကျင်အကြောင်း အထူးသဖြင့် ကမ်းခြေတွေ မြစ်ချောင်း အင်းအိုင်တွေရဲ့ သဘာဝကို နားမလည် သဘောမပေါက်ပဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလို့ ခြုံငုံပြီး ပြောနေရင်တော့ ထိန်းသိမ်းတာကတော့ ဟုတ်ပါပြီး ဘယ်ရေကန်ကို ဘယ်လို ထိန်းမလဲ ဘယ်ကမ်းခြေကို မပျက်စီးအောင် ဘယ်လို ထိန်းသိမ်းမလဲလို့ ကပ်သီးကပ်သပ်မေးလာရင်တော့ အသိစိတ်နဲ့ ထိန်းသိမ်းမယ် သဘာဝမပျက် အလှမပျက် အရှည်သဖြင့် တည်တံ့အောင်ပဲ စောင့်ရှောက်ကာကွယ်မယ် ရေတွင်း ရေကန် မြစ်ချောင်းတွေဆိုရင်လဲ ရေထုညစ်ညမ်းမှု နည်းနိုင်သမျှနည်းအောင် ရေစီးရေလာကောင်းအောင် မျက်ခြေမပြတ် စောင့်ကြည့်ထိမ်းသိန်းရမယ်လို့ ပြောလို့ရနိုင်ပါသည်။
ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေလိုတော့ လေထုထဲကို ထုတ်လွှတ်နေတဲ့ ကာဗွန်ပမာဏကို ဘယ်လောက်ရာခိုင်နှုန်းအထိ လျှော့ချမယ်။ တစ်ဦးချင်းစီရဲ့ လောင်စာဆီ အသုံးကို လျှော့ချမယ်။ ပုံနှိပ်စက္ကူတွေ သုံးစွဲတာကို လျှော့ချမယ်။ စက္ကူတွေနဲ့ပြုလုပ်တဲ့ တစ်ခါသုံး ပန်းကန်ခွက်ယောက်တွေ အသုံးကို လျှော့ချမယ်။ ထပ်ကာထပ်ကာ ပြန်သုံးလို့ရတဲ့ စက္ကူအမျိုးအစားကို ရွေးချယ်ပြီးသုံးကြမယ်လို့ ကြီးကြီးကျယ်ကျယ်တွေ စီမံကိန်းဆွဲဖို့ မပြောလိုပါ။
တစ်ဦးချင်းတစ်ယောက်ချင်းစီက မိမိရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းသာယာအောင် အသိစိတ်နဲ့ ရှင်းလင်းခြင်းကလဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုနိုင်ပါသည်။ ချောင်းတွေ မြောင်းတွေ ရေကန်တွေ ကမ်းခြေတွေမှာ အလွယ်တကူ အမှိုက်စွန့်ပစ်တဲ့ အလေ့အကျင့်ကို ပြင်ဆင်နိုင်ရင်ပဲ ရေထုညစ်ညမ်းခြင်းကို တဘက်တလမ်းက ကာကွယ်ရာ ရောက်နိုင်ပါသည်။
ကျွန်မတို့ မြန်မာတွေ သဘာဝကို သဘာဝအတိုင်း မထိန်းသိမ်းတတ်ခဲ့သလို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာတွေ နည်းခဲ့တာမို့
ရခိုင်ရဲ့ သမီးပျို ငပလီလဲ ဒဏ်ရာ ဒဏ်ချက်တွေပွေ့ပိုက်ပြီး အကျည်းတန်စပြုနေသလို …..
မြစ်ဧရာရဲ့ သမီးပျို ချောင်းသာ နဲ့ ငွေဆောင်
တနင်္သာရီရဲ့ သမီးပျို မောင်းမကန်နဲ့
ရာဇဝင်များရဲ့ သတို့သမီး မြစ်ဧရာ ကိုယ်တိုင် လဲ များမကြာမီမှာ ဒဏ်ရာတွေဗလပွနဲ့ သဘာဝအလှပျက်တော့မယ့် အဖြစ်ဆိုးတွေကို အချိန်မီ မတားဆီးနိုင်ခဲ့ရင်တော့….
ပြောင်းလဲလာတဲ့ ဂေဟ စနစ်တွေကြောင့် ကျွန်မတို့ကိုယ်တိုင် တချိန်ချိန်မှာ ငိုပွဲဆင်ကြရမှာ သေချာပါသည်။
သဘာဝအလှအပတွေ ကို ကျွန်မတို့ တန်ဘိုးထား ချစ်မြတ်နိုးတတ်မှ သဘာဝတရားကြီးက ကျွန်မတို့ကို မျက်နှာသာပေးမှာသချာတာမို့
သဘာဝအလှအပတွေကို ချစ်မြတ်နိုးကြစေချင်ပါသည်။
သဘာဝပတ်ဝန်းကျင်ကို အချိန်မီ ပြုပြင်ထိန်းသိမ်းစေချင်ပါသည်။ မိုးလွန်မှ ထွန်ချသလို အချိန်လွန်မှ ကာကွယ်ထိန်းသိမ်းသင့်တယ်ဆိုတဲ့ နောင်တမျိုးကိုလဲ နောင်လာမည့် မျိုးဆက်တွေအတွက် အမွေမပေးစေလိုပါ။
အချိန်မီ ကာကွယ်ခြင်းသည် ကုသခြင်းထက် များစွာအကျိုးရှိတာကို သိပါရက်နဲ့ မျက်ကွယ်မပြုကြစေလိုပါ။
(မှတ်ချက်။ ။ဧရာဝတီကို ပိတ်ပြီး ဆည်တည်ဆောက်ရေးစီမံကိန်းကို ကန့်ကွက်ဖို့ မဖြစ်နိုင်ရင် ဆည်တည်ဆောက်ပြီးနောက်မှာ ကျွန်မတို့ရဲ့ ဧရာဝတီ ပျက်စီးမယ့် အရေးမှ ကာကွယ်ဖို့ နည်းလမ်းရှာရမယ်လို့ အဆိုပြုလာသူတွေကို ပြိုင်တုလို့ မငြင်းလိုပါ။ ဘယ်လိုနည်းလမ်းတွေ ရှာမှာလဲ လို့တော့ မေးချင်ပါတယ်။ ပြီးတော့ အင်းလေးကန်လို ရေခမ်းခြောက်သွားတဲ့ အချိန်မျိုးမှာမှ ထပြီး နည်းလမ်းမရှာဖို့ကိုလဲ သတိပေးချင်ပါတယ်။
ဧရာဝတီအကြောင်း ဗဟုသုတ မရှိပဲ ဧရာဝတီအကြောင်းကို မပြောပါနဲ့ ဆည်နဲ့ပက်သက်ပြီး နည်းပညာ နားမလည်ပဲ ဆည်ဆောက်တာကို မကန့်ကွက်ပါနဲ့ လို့ ပြောလာသူတွေကိုလဲ တုပပြီး မငြင်းလိုပါ။
ဧရာဝတီရဲ့ ရာဇဝင်ကို ကျွန်မ မသိပါ။ ဧရာဝတီမြစ်ရဲ့ လုပ်ဆောင်ချက်တွေ ကို ကျွန်မ မသိပါ။ ဧရာဝတီမြစ် ဘယ်အချိန်မှာ သောင်ထွန်းတယ် ၊ ဘယ်အချိန် ဘယ်နေရာမှာ မြေနုကျွန်းတွေ ပေါ်ထွန်းတယ်ဆိုတာလဲ မသိပါ။
ဧရာဝတီကို မှီခိုပြီး လူဘယ်လောက်များများ အသက်မွေးနေလဲ ဆိုတာကိုလဲ ကျွန်မ မသိပါ။ ဧရာဝတီ စီမံကိန်းကြီး ပြီးချိန်မှာ ကျွန်မတို့ တိုင်းပြည်အနေနဲ့ ဘယ်လို အကျိုးအမြတ်တွေ ရလာမယ်ဆိုတာလဲ ကျွန်မမသိပါ။ ဒီစီမံကိန်းကြီးကနေ ကျွန်မတို့ ဘာတွေ သင်ယူလေ့လာနိုင်မယ်ဆိုတာလဲ ကျွန်မမသိပါ။
ကျွန်မ သိခဲ့တာက ဧရာဝတီဆိုတာ သဘာဝက ပေးထားတဲ့ အမွေဖြစ်တာမို့ သဘာဝအတိုင်းလေးပဲ ထိန်းသိမ်းထားဖို့ အသိစိတ်ဓါတ်လေးပဲရှိပါသည်။
သဘာဝကို လွန်ကဲ အံတုပြီး မြစ်တစ်မြစ်ရဲ့ သဘာဝလုပ်ဆောင်ချက်တွေကို ပြောင်းလဲ စေခဲ့မယ်ဆိုရင်တော့ သဘာဝကို ဆန့်ကျင်ခြင်းရဲ့ ဆိုးကျိုး အပြစ်တွေကို တချိန်ချိန်မှာ ခံစားရမှာ သေချာပါသည်။ အဲဒီ ဆိုးကျိုးတွေကို ခံစားရမှာ ဘယ်သူတွေလဲဆိုတာကိုတော့ ကျွန်မ မပြောလိုတော့ပါ။
ကျွန်မတို့ရဲ့ အိမ်ခေါင်မိုးက မလုံခဲ့ရင်တော့ ကျွန်မတို့တွေ မိုးဒဏ်ကို ခံစားဖို့ပဲ ကြိုတင် ပြင်ဆင်ရတော့မည်လေ......)
Friday, September 23, 2011
|
Labels:
အထူးအက်ဆေးရှည်
|
Documents for Embassy
My Blog List
-
-
-
အတွေး ၊ အမြင် မတူသော မှတ်စု4 hours ago
-
ကြယ်တွေစီးတဲ့မြစ်...4 hours ago
-
လူကိုနွေးထွေးစေတဲ့ စကားငါးခွန်6း hours ago
-
ငရဲပန်းများ ဆီသို့14 hours ago
-
-
အမှားများနဲ့ ကဗျာတွေ ...17 hours ago
-
စိနတိုင်းသွားတောလား-၅19 hours ago
-
လွမ်းလို့လာတာလို့ပဲပြောရမှာပဲဗျာ21 hours ago
-
စိုက်ထူထားသော1 day ago
-
သုည1 day ago
-
-
ပဲခူး ( 5)1 day ago
-
ရှပ်အကျီ င်္ နီညိုစင်းကလေး1 day ago
-
ယနေ့သတင်းခေါင်းစဉ်များ2 days ago
-
အဖိုးအိုနှင့်အာလူးခင်း2 days ago
-
ရူပန္တရဏနှင့်အခြားသောဝတ္ထုတိုများ2 days ago
-
လသာသော ည5 days ago
-
-
အမှုတွဲ အမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂5 days ago
-
ဦးလေး.....6 days ago
-
-
ဂိမ်း နဲ့ ဂန့် 1 week ago
-
-
အမှတ်တရ... အင်ဒရီယာ...1 week ago
-
ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။1 week ago
-
အတွေးနှင့် အသက်ဆက်သူများ2 weeks ago
-
-
ဒီအကြည့် ဒီအငွေ့ ဒီအတွေ့2 weeks ago
-
သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)3 weeks ago
-
-
အဲဒီပန်းတွေ မပွင့်ပါစေနဲ့4 weeks ago
-
ကြယ်တွေကြွေနေတဲ့ တိုင်းပြည်4 weeks ago
-
-
ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၆ )1 month ago
-
ပင်လောင်းဆောင်း1 month ago
-
Happy 2012, Everyone!!!1 month ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)3 months ago
-
-
မော်ဒန် အချစ်တိုင်ရတု3 months ago
-
စကားဝါတောသို့ အလွမ်းပြေ....4 months ago
-
၂၆ ရက် စက်တင်ဘာလ ၂၀၁၁4 months ago
-
မျက်ရည်ရဲ့ တန်ဖိုး4 months ago
-
ကျေးဇူးတင်လွှာ5 months ago
-
လမ်းခွဲ နုတ်ဆက်ခြင်း5 months ago
-
Web Site Links5 months ago
-
ခုတလော8 months ago
-
ခြေထောက်ကိုဆွဲ .......သရဲ9 months ago
-
Wet Shotcrete Laboratory Tests10 months ago
-
သာဓုပါ သာဓုပါတော်....11 months ago
-
-
“ ကိုယ်စား ”1 year ago
-
ကောင်းကင်များရဲ့အထုပ္ပတ္တိ (ငြိတွယ်...)1 year ago
-
အတူတူ လင့်ချိတ်ဖို့1 year ago
-
-
-
Salad အကြောင်းလေပေါမယ်1 year ago
-
ကွင်းဖူးသူများ မကြည့်ရ1 year ago
-
အပျင်းပြိုင်ချင်ကြပါသလား.....2 years ago
-
-

9 comments:
ဟုတ်တယ် မနှင်းရေ..
မနှင်းပြောသလို မိုးဒဏ်ကို ခံစားနိုင်ဖို့လဲ အရေးကြီးတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ အချိန်မီ အဲဒီဆည်စီမံကိန်းကြီး ရပ်သွားဖို့ကိုလဲ မျှော်လင့်ပါတယ်။
ခင်မင်လျှက်
ငါအသိ၊ ငါအတတ်ဆိုတဲ့ လူတွေရဲ့လက်မှာ မြစ်ဧရာက ဒဏ်ရာတွေရတော့မယ်။
တို့တွေ တတ်နိုင်သမျှ ပါဝင်ကန့်ကွက်ရမှာပေါ့နှင်းရေ။
သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ပျက်စီးစေမဲ့ ဒီစီမံကိန်းကို လုံးဝသဘောမတူပါဘူး
သဘာဝပါတ်ဝန်းကျင် အလှအပထိန်းသိမ်းရေးမှာ လူတိုင်းကိုယ်စီ စည်းကမ်းရှိဖို့ လည်း လိုသည် ပဲပေါ့ မနှင်းရေ ..
ကိုယ့် အမိမြေကိုလည်း အမြဲလှပ တိုးတက်စေချင်မိတယ် ..
ဟုတ်တယ် ခေါင်က စ မလုံမှတော့ .....
လူတိုင်းမှာ တာဝန်ရှိတာပါ .. တာဝန်ကိုယ်စီကျေကြရင် ....
မြန်မာနိုင်ငံကြီး တိုးတက်ဖို့ လိုပါတယ် .. ဒါပေမယ့် ကျန်းကျန်းမာမာတော့ ဖြစ်သင့်တယ် .....
ဟူးးးးး ရင်မောတယ် မနှင်းရေ .. စိတ်လည်း ကုန်ပါတယ် ..
နှင်းရေ...
သဘာဝ ပတ်ဝန်းကျင် အလှအပဆိုတာ လူတိုင်း ကိုယ်စီကိုယ်ငှ အသိစိတ်နဲ့ ထိန်းသိမ်းရမှာပါ..။ တစ်ဦးချင်းစီရဲ့ အသိလေးတွေ အရမ်းလိုအပ်လှပါတယ်။ သူများနိုင်ငံတွေမှာ ပတ်ဝန်းကျင်ထိမ်းသိမ်းဖို့ အမှိုက်လေးတစ်စကအစ ဂရုစိုက်နေကြတာ ကောင်းလိုက်တာနော်..။ ဒီမှာ ကမ်းခြေတွေက နှင်းပြောသလို အကျည်းတန်စပြုနေပြီ..။ ဧရာဝတီအတွက်လည်း မြန်မာနိုင်ငံမှာ နေထိုင်သူတစ်ယောက်အနေနဲ့ သူတို့ရဲ့ စီမံကိန်းကို လုံးဝရှုံ့ချပါတယ်။ နှင်းပြောသလို အိမ်ခေါင်က မလုံတော့ မိုးစိုခံရမှာကို စိုးရိမ်မိတယ်..။
မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...
ဧရာဝတီ ရှင်သန်ဖို့ အားလုံး ဆန့်ကျင်ကြပါ
ခင်မင်တဲ့
ရွှေစင်ဦး
သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးနေတာတော့ မပြောချင်ဘူးဗျာ ကျိုက်ထီးရိုး မှာဆို တည်းခိုခန်းအောက်မှာ အမှိုက်တွေတောင်လိုကို ပုံနေတာ
ထိမ်းသိမ်းမဲ့သူမရှိဘူး.........အခုချိန်ထိ
ဟုတ်တယ်မမရေ ...ခေါင်းမိုးမလုံရင် မိုးစိုခံရမှာပါပဲ ...ရေးတက်လိုက်တာမမရေ...အားပေးလျှက်ပါလို့..
Post a Comment