ခရီးသွားမယ်ဆိုရင်…..



တကယ်လို့ သင်ဟာ အစားအသောက်ကို ကြေးများမယ် သူတပါး ယဉ်ကျေးမှုကို လျစ်လျူရှုမယ် သူတပါး ဘာသာတရားကို ကြောက်ရွံ့မယ် လူတွေနဲ့ အဝေးမှာနေချင်တယ်ဆိုရင်တော့ ခရီးမသွားပါနဲ့လို့ James Michener က ပြောခဲ့ပါတယ်။

တကယ်တော့ ခရီးသွားခြင်းဟာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့နဲ့ စိတ်ပြေလက်ပြေ အပန်းဖြေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

သင်ဘယ်လောက် ပညာတတ်တယ်ဆိုတာ မပြောပါနဲ့သင် ဘယ်လောက်အတိုင်းအတာအထိ ခရီးထွက်ခဲ့ပြီးပြီလဲ ဆိုတာကိုသာပြောပါလေလို့ အဆိုအမိန့်တစ်ခုမှာ ဖတ်ခဲ့ဘူးပါတယ်။

ခရီးမသွားဘူးတဲ့သူတွေဟာ လူတွေရဲ့ တန်ဘိုးကိုလဲ နားမလည်တတ်ကြဘူးလို့ မောရစ်ရှ်ပညာရှင်တစ်ယောက်က ဆိုထားပါတယ်။

ခရီးတစ်ခုစီမှာ လျှို့ဝှက်ထားတဲ့ ပန်းတိုင်တွေရှိနေတတ်ပါတယ် ဒါပေမယ့် ခရီးသွားတွေက သတိမပြုမိကြပါဘူး။

ခရီးသွားလေ့ရှိသူ ခရီးသွားမယ့်သူတွေကိုတော့ သတိပြုရမယ့် အချက်လေးတွေကို ဝေမျှချင်ပါတယ်။

ဒီနေရာမှာ ပြည်တွင်းခရီးသွားတွေထက် ပြည်ပ ခရီးသွားတွေ တွေ့ကြုံရတတ်တဲ့ အခက်အခဲလေးတွေနဲ့ ပြင်ဆင်စရာရှိတာလေးတွေကို ဦးစားပေးပြီး ပြောပြချင်ပါတယ်။

ပထမဦးဆုံး ခရီးတစ်ခုကို စပြီး အစီအစဉ်ဆွဲပြီဆိုတာနဲ့ ခရီးသွားမယ့်သူဟာ ခရီးထွက်ဖို့အတွက် ကျန်းမာရေး ကောင်းရဲ့လားဆိုတာ ဆန်းစစ်ဖို့လိုပါတယ်။

ပြီးတော့ မိမိ သွားရောက်လည်ပတ်မယ့် နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို အရင်လေ့လာရပါမယ်။ ပြည်တွင်းမှာ ခရီးသွားတွေအတွက် လုံခြုံမှုမပေးနိုင်တဲ့ နိုင်ငံမျိုးကို အလည်သွားဖို့ မသင့်ပါဘူး။

မိမိသွားရောက်လည်ပတ်မယ့် နိုင်ငံရဲ့ ရာသီဥတု သုံးစွဲတဲ့ ငွေကြေး ရနိုင်တဲ့ အစားအသောက်နဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကိုလဲ လက်လှမ်းမီသလောက် လေ့လာသင့်ပါတယ်။

ခရီးသွား ကုပ္မဏီတွေနဲ့ စီစဉ်ထားခြင်းမရှိပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားမယ်ဆိုရင်လဲ တည်းခိုမယ့် ဟိုတယ် နဲ့ လမ်းပန်းဆက်သွယ်ရေး စနစ်တွေ (ဘတ်စ်ကား မီးရထား) ကိုလေ့လာရပါမယ်။

မိမိသွားရောက်လည်ပတ်မယ့် ဒေသမှာ ဒေသခံမိတ်ဆွေတွေ ရှိမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒေသခံတွေ မရှိဘူးဆိုရင်တော့ ခရီးသွား မြေပုံလေးတစ်ခုကို ဆောင်ထားသင့်ပါတယ်။ ပြီးတော့ မိမိရဲ့ ကိုယ်ပိုင် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

ကျွန်မရောက်ဖူးခဲ့တဲ့ အာရှတိုက်ရဲ့ အချို့အချို့သော နိုင်ငံတွေမှာ အလစ်သုတ်သူ ခိုးဝှက်သူတွေရဲ့ သတင်းတွေ ကြားခဲ့ဘူးပါတယ်။ အိန္ဒိယ ဖိလစ်ပိုင် မလေးရှား တရုတ်ပြည် ရဲ့ ပီကင်း မြို့တွေမှာ ခိုးဆိုး လုယက်သူ ခါးပိုက်နှိုက်တွေ ရှိတတ်ပါတယ်။ လက်ကိုင်ဖုန်းတွေ ပိုက်ဆံအိတ်တွေကို လူမြင်ကွင်းတွေမှာတောင် လုယက်လေ့ရှိပါတယ်။

ခရီးမထွက်ခင် ခရီးသွားတွေ အဓိက ပြင်ဆင်လေ့ရှိတာက ယူသွားမယ့် အဝတ်အစားနဲ့ သုံးဖို့ ပိုက်ဆံပါ။ ဒီနေရာမှာ အမည်မသိ ခရီးသွားတစ်ဦး အကြံပြုထားတာလေးကို မျှဝေပါအုံးမယ်။

သင် ယူသွားမယ့် အဝတ်အစားနဲ့ ပိုက်ဆံတွေကို စုပြုံထားလိုက်ပါ။ ပြီးရင် စီစဉ်ထားတဲ့ အဝတ်အစားတွေရဲ့ တဝက်တိတိကိုပဲ ယူပြီး စီစဉ်ထားတဲ့ ပိုက်ဆံကိုတော့ နှစ်ဆတိုးပြီး ယူသွားပါလို့ ပြောထားပါတယ်။

ပြည်ပကို ခရီးသွားမယ့်သူတွေ ခရီးမထွက်ခင်မှာ ထပ်ပြီး စဉ်းစားရမှာက မိမိရဲ့ နိုင်ငံကူးလက်မှတ် သက်ဆိုင်ရာနိုင်ငံတွေအတွက် စီစဉ်ထားတဲ့ ဗီဇာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေပါ။

ပြည်ပခရီးထွက်မယ့်သူတွေရဲ့ နိုင်ငံကူးလက်မှတ်ဟာ အနည်းဆုံး ခြောက်လသက်တမ်းကျန်ရှိရပါမယ်။

ကျွန်မတို့မြန်မာလူမျိုးတွေအတွက် ဆိုက်ရောက်ဗီဇာ ရနိုင်တဲ့ နိုင်ငံအချို့ရှိပါတယ်။ ဖိလစ်ပိုင် အင်ဒိုနီးရှား Maldive နိုင်ငံတွေမှာ မြန်မာလူမျိုးတွေအတွက် ဆိုက်ရောက်ဗီဇာ ရနိုင်ပါတယ်။

အခြားနိုင်ငံအချို့နဲ့ ဥရောပဘက်က နိုင်ငံအချို့မှာတော့ အလည်အပတ် သွားသူတွေကို လေဆိပ်အဝင်မှာ ယူသွားတဲ့ ငွေပမာဏကို စစ်ဆေးလေ့ရှိပါတယ်။ အဓိကကတော့ သူတို့နိုင်ငံထဲမှာ သုံးဖို့ ငွေကြေး အလုံအလောက် ပါမပါကြည့်တာပါ။ အချို့နိုင်ငံတွကျပြန်တော့တော့ ဗီဇာ စလျှောက်တဲ့ အချိန်မှာကတည်းက ဘဏ်ထဲမှာ ထိန်းသိမ်းထားတဲ့ လက်ကျန်ငွေရှင်းတမ်းကို တောင်းတတ်ပါတယ်။ ဘဏ်လက်ကျန်ငွေ သတ်မှတ်ပမာဏမရှိဘူးဆိုရင် ဗီဇာ မပေးပါဘူး။

အချို့နိုင်ငံတွေကျပြန်တော့လဲ လည်ပတ်ဖို့ မဟုတ်ပဲ တထောက်နားတဲ့ လေဆိပ်တွေမှာတောင် ( Transit Visa) တထောက်နား ဗီဇာ တောင်းတတ်ပါသေးတယ်။ အမေရိကန် နိုင်ငံမှာ လေဆိပ်မှာ နာရီထက်ပိုပြီး လေယာဉ်စောင့်ရသူတွေကို တထောက်နား ဗီဇာ တောင်းတတ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လေဆိပ်မှာတော့ လေဆိပ်မှာ ၁၂ နာရီထက်ပိုနားမယ့် မြန်မာနိုင်ငံသားတွေကို တထောက်နားဗီဇာ တောင်းပါတယ်။

မိသားစုလိုက် ခရီးသွားသူတွေမှာလဲ ကလေးငယ်တွေပါခဲ့ရင် မိဘတွေရဲ့ နိုင်ငံကူးလက်မှတ်တွေထဲမှာ ကလေးတွေကို ထည့်သွင်းထားလေ့ရှိပါတယ်။ အဲဒီနေရာမှာ တစ်ခုသတိထားရမှာက မိခင်ရဲ့ နိုင်ငံကူးလက်မှတ်မှာ ကလေးကို ထည့်သွင်းထားရင် ကလေးဟာ အသွားရော အပြန်ရော မိခင်နဲ့ အတူပဲ သွားရပါမယ်။ ဖခင်နဲ့ ခွဲထွက်ပြီး ပြန်တာမျိုး သွားတမျိုးကို လူဝင်မှုကြီးကြပ်ရေးက ခွင့်မပြုပါဘူး။

ကျွန်မတို့ လေဆိပ်တွေမှာ တခါတရံကြုံတွေ့ရတဲ့ အခက်အခဲက နိုင်ငံကူးလက်မှတ်ပျောက်ဆုံးတဲ့ အခက်အခဲပဲဖြစ်ပါတယ်။ ခရီးသွားတွေအနေနဲ့ လေဆိပ်တွေကို ရောက်ပီဆိုတာနဲ့ မိမိရဲ့ နိုင်ငံကူးလက်မှတ်တွေကို သတိထားပြီး ကိုင်တွယ်ဖို့လိုပါတယ်။ ဘယ်နေရာမှမှ မေ့ကျန်တာမျိုး ပျောက်ဆုံးတာမျိုး မဖြစ်အောင် ဂရုစိုက်ရပါမယ်။

နိုင်ငံကူးလက်မှတ်တွေ စာရွက်စာတမ်းတွေလိုပဲ ထိပ်တန်းကနေ စဉ်းစားပြင်ဆင်ထားသင့်တဲ့ အရာတွေထဲမှာ အရေးပေါ် အိမ်သုံးဆေးဝါးအချို့လဲ ပါပါတယ်။ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ ဆရာဝန်ရဲ့ ခွင့်ပြုချက်မရပဲ ဆေးဝါးဝယ်ရတာ မလွယ်ကူလှပါဘူး။ မိမိအမြဲတမ်းလိုလို သောက်သုံးနေရတဲ့ ဆေးဝါးတွေအပြင် အရေးပေါ်အိမ်သုံးဆေးတွေဖြစ်တဲ့ အစာကြေဆေး ဝမ်းပိတ်ဆေး အမူးပြေဆေး အကိုက်အခဲ ပျောက်ဆေးတွေကိုတော့ သတိတရနဲ့ ယူသွားသင့်ပါတယ်။

နောက်ထပ်သတိပေးချင်တာကတော့ လေဆိပ်တွေမှာ လေယာဉ်ထွက်ခွာခါနီးအချိန်မှာ အရက်ကို အလွန်အကျွံမသောက်မိဖို့ပါပဲ။ အရက်အလွန်အကျွံသောက်ထားပြီး မထိန်းချုပ်နိုင်လောက်အောင် မူးနေခဲ့ရင် ဖြစ်ဖြစ် အခြားခရီးသည်တွေ ဝန်ထမ်းတွေကို ထိခိုက်နစ်နာအောင် ရိုင်းပြ ရန်ပြုတာမျိုးပဲဖြစ်ဖြစ် ဖြစ်ခဲ့တယ်ဆိုရင် ခရီးသည်ကို လေယာဉ်ခရီးစဉ်ကနေ ပျံသန်းခွင့်မပေးပဲ ချန်ထားခဲ့လေ့ရှိပါတယ်။

အခန့်မသင့်ရင်လဲ လေဆိပ်က အချုပ်ခန်းမှာ စံမြန်းရတတ်ပါတယ်။

ခရီးသွားသူတွေမှာ ရေကျောက်ပေါက်နေရင်လဲ လေယာဉ်စီးခွင့်မပြုပါဘူး။ အခြားကူးစက်လွယ်တဲ့ ရောဂါတွေရှိနေရင်လဲ ခရီးသွားခွင့်မပြုပါဘူး။ ပြင်းပြင်းထန်ထန်ဖျားနာနေရင်လဲ လေယာဉ်ပျံနဲ့ ခရီးသွားလို့မရပါဘူး။ ဆေးရုံက ဆင်းပြီးစလူနာတွေဆိုရင်လဲ သက်ဆိုင်ရာဆေးရုံက ဆရာဝန်ရဲ့ ထောက်ခံစာမပါပဲ လေယာဉ်နဲ့ ခရီးသွားခွင့်မရှိပါ။ ကိုယ်ဝန်ဆောင်မိခင်တွေလဲ ကိုယ်ဝန်ဆောင်ကာလ ၃၂ ပတ်ထက်ကျော်လွန်ရင် လေယာဉ်နဲ့ ခရီးသွားလို့မရပါဘူး။ ကိုယ်ဝန်ဆောင်ကာလ ၃၂ ပတ်အထိ သတ်မှတ်ထားတဲ့ ဆေးရုံတွေက ဆရာဝန်တွေရဲ့ ထောက်ခံစာနဲ့သာ ခရီးသွားခွင့်ရှိပါတယ်။

မိမိရဲ့ ကိုယ်ပိုင်လုံခြုံရေးနဲ့ ပက်သက်ပြီး သတိပြုရမယ့် အချက်တွေထဲမှာ မိမိယူဆောင်သွားမယ့် ပစ္စည်း ဝန်စည်စလည်တွေပါပါတယ်။

သူငယ်ချင်းတွေအတွက်ပဲဖြစ်ဖြစ် မိတ်ဆွေ ဆွေမျိုးသားချင်းတွေအတွက်ပဲ ဖြစ်ဖြစ် လက်ဆောင်ဝယ်သွားမယ်ဆိုရင် မူးယစ်ဆေးဝါးနဲ့ တနည်းတဖုံ ဆက်စပ်နေတဲ့ ပစ္စည်းမျိုးတွေ မသယ်သွားမိအောင် သတိပြုရပါမယ်။

အချို့ နိုင်ငံတွေက ထွက်တဲ့ ဟင်းခတ်အမွေးအကြိုင်တွေဟာ အခြားနိုင်ငံတခုခုမှာ တားမြစ်ထားတဲ့ မူးယစ်အနွယ်ဝင် တားမြစ်ပစ္စည်းတွေ ဖြစ်နေတတ်ပါတယ်။

ကျွန်မဖတ်ဖူးတဲ့ သတင်းတစ်ပုဒ်ထဲမှာဆိုရင် အိန္ဒိယ နိုင်ငံသားတစ်ယောက်က သူ့ဆွေမျိုးတွေအတွက် ဒေသထွက် ဟင်းခတ်အမွေးအကြိုင်တွေ သယ်သွားတဲ့အတွက် လေဆိပ်တခုမှာ မူးယစ်ဆေးဝါး ဥပဒေအရ အဖမ်းခံလိုက်ရပါတယ်။



ခရီးသွားတွေဟာ မိမိတို့ရဲ့ ပစ္စည်းမဟုတ်တဲ့ ( မရင်းနှီးသူ သူစိမ်း) သူတပါးရဲ့ ပစ္စည်းတွေကို တာဝန်ခံပြီး သယ်ဆောင်တာဟာ အန္တရာယ်များလှပါတယ်။

လေဆိပ် ပစ္စည်းချိန်တဲ့ နေရာမှာ ပေါင်ပိုနေသူတွေက ချဉ်းကပ်ပြီး အကူအညီလာတောင်းတိုင်းလဲ အားနာပါးနာနဲ့ သယ်မသွားသင့်ပါဘူး။ မိမိသယ်ပေးလိုက်တဲ့ ပစ္စည်းနဲ့ ပက်သက်တဲ့ ကိစ္စအဝဝဟာ မိမိတာဝန်အပြည့်ဖြစ်သွားတတ်ပါတယ်။ တခါတရံမှာ ခရီးစဉ် ပျက်တဲ့ အပြင် ရုံးရောက် ဂါတ်ရောက် အဖမ်းဆီး ခံရတာမျိုးတွေ မကြာခဏ ဖြစ်တတ်ပါတယ်။

လိုရာခရီးရောက်တဲ့အချိန်မှာလဲ တခါတရံ မိမိတို့သယ်ဆောင်သွားတဲ့ ခရီးဆောင်သေတ္တာတွေ အဝတ်အိတ်တွေ ပျောက်တာမျိုးနဲ့လဲ ကြုံရတတ်ပါတယ်။ မိမိရဲ့ ပစ္စည်းတွေကို ပစ္စည်းရွေးယူရမယ့်နေရာမှာ မတွေ့ဘူးဆိုရင် သက်ဆိုင်ရာ လေကြောင်းလိုင်းကို ဆက်သွယ်ပြီး ပစ္စည်းပျောက်တဲ့ အကြောင်း တိုင်ကြားရပါမယ်။ မိမိတည်းခိုမယ့် လိပ်စာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို သေသေချာချာပေးခဲ့ရင်တော့ နှစ်ရက် သုံးရက်အတွင်း မိမိရဲ့ ပစ္စည်းကို အိမ်တိုင်ယာရောက် လာပို့ပေးလေ့ရှိပါတယ်။

တခါတရံမှာလဲ အရောင်တူ အဆင်တူ ခရီးဆောင်အိတ်တွေကြောင့် ပစ္စည်းမှားဆွဲတာမျိုးတွေလဲ ဖြစ်တတ်ပါသေးတယ်။ အဲဒီလို အသေးအဖွဲလေးတွေကအစ မဖြစ်ရလေအောင် မိမိတို့ရဲ့ ခရီးဆောင် အိတ်တွေကို မှတ်မိလွယ်မယ့် အမှတ်အသားလေးတွေ လုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကျွန်မတို့လေဆိပ်မှာတော့ စေ့စပ်သေချာလှတဲ့ ခရီးသည်တွေဟာ ခရီးဆောင်အိတ်တွေကို ပိုးကြိုး ပုဝါစလေးတွေနဲ့ ချည်နှောင်ပြီး အမှတ်အသားပြုလုပ်တတ်တာကို တွေ့ဖူးပါတယ်။

ခရီးသွားသူတွေအတွက် ပြင်ဆင်စရာ လေ့လာစရာတွေက များလှပါတယ်။ ဆောင်ရန်ရှောင်ရန်တွေကလဲ များလှပါတယ်။ ဒါ့ကြောင့်လဲ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ပြီ ဆိုရင်တော့ သင်ဟာ ခရီးသွားဖို့ အသင့်ရှိနေပြီလို့ ပြောလို့ရပါတယ်။

တကယ်လို့များ သင်ဟာ ခရီးဝေးဝေးကိုသွားချင်တယ် မြန်မြန် ဆန်ဆန်ရောက်ချင်တယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါး ခရီးသွားပါ။ မနာလို ဝန်တိုစိတ်တွေနဲ့ တကိုယ်ကောင်းစိတ်လေးတွေကို ခွာချထားခဲ့ပါလို့ Glenn Clark ကပြောခဲ့ပါတယ်။

ဒါပေမယ့်လဲ သင်မချစ်မနှစ်သက်တဲ့သူတွေနဲ့တော့ ခရီးမသွားမိပါစေနဲ့လို့ ဟဲမင်းဝေး (Ernest Hemingway ) ကသတိပေးထားပါတယ်။ ချစ်သူခင်သူတွေနဲ့ သွားရတဲ့ ခရီးတွေကတော့ ဘဝရဲ့ အမှတ်တရ အစိတ်အပိုင်းတွေ အဖြစ်ကျန်ရစ်တတ်တာမို့ ချစ်သူခင်သူတွေနဲ့ ခရီးသွားနိုင်ရင် ပိုကောင်းပါတယ်။

စိန့်သြဂတ်စတင်းကလဲ ပြောပါတယ်။ ကမ္ဘာကြီးက စာအုပ်တစ်အုပ်ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် သင်ဟာ ခရီးမသွားတဲ့ သူဆိုရင်တော့ စာမျက်နှာတစ်ခုတည်းကိုပဲ ဖတ်ကြည့်ပါလေ....တဲ့

ကမ္ဘာကြီးဆိုတဲ့ စာအုပ်ကြီးတစ်ခုလုံးကို လေ့လာကြည့်ရင်း

ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးသွားနိုင်သူတွေ ဖြစ်ကြပါစေလို့

ဆန္ဒပြုရင်း

နှင်းနဲ့မာယာ


( ဒီပို့စ်လေးကတော့ စက်တင်ဘာလမှာထွက်မယ့် ရတီ မဂ္ဂဇင်း အတွက် ရေးထားတဲ့ ပို့စ်လေးပါ။ ဓါတ်ပုံတွေကိုတော့ Google ကယူသုံးထားပါတယ်။)

5 comments:

Angel Shaper said...

ခရီးသွားမယ်ဆိုရင်... လမ်းမှာစားဖို့ စားစရာများများ ထည့်သွားဖို့ သတိပေးလိုက်ပါရစေ... ကင်မရာ ဘက်ထရီတွေလည်း အပြည့်သွင်းသွားပါလို့လည်း သတိပေးလိုက်ပါရစေ... :P
ချစ်ခြင်းများစွာဖြင့်
သာမီးအိန်ဂျယ်

An Asian Tour Operator said...

ခရီးသွားမယ် ဆိုရင် ပိုက်ပိုက် များများ ပါပစီ။

မြသွေးနီ said...

ဖတ်ရင်း ခရီးသွားချင်စိတ်တွေ တဖွားဖွားဖြစ်လာရတယ်။ မနှစ်က လုံးဝမှ ခရီးမထွက်လိုက်ရဘူး။
ဒီနှစ်တော့ ခရီးရအောင်ထွက်မယ် စိတ်ကူးထားတယ် နှင်းရေ ။

thaingarra said...

ခရီးသွားခြင်း ဟာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ နဲ့ စိတ်ပြေလက်ပျောက် အပန်းဖြေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ် ဆိုတာကို အပြည့်အ၀ သဘောတူတယ်ဗျာ ...။

ကျွန်တော်လည်း ခရီးထွက်ဖြစ်ချင်နေတယ် ... :)

blackroze said...

ခရီးထွက်ချင်စိတ်ပေါက်လာတယ်အမရေ
စာဖတ်နေရင်းနဲ့

My Blog List